စက်သုံးဆီဈေးတက်ချိန် ကုန်တင်ကားအချို့ထွက်နေဆဲဖြစ်ပေမဲ့ ဆီဈေးထပ်တပ်လာရင် တန်ဆာခတိုးယူရဖို့ရှိ


စက်သုံးဆီဈေးတက်ချိန် ကုန်တင်ကားအချို့ထွက်နေဆဲဖြစ်ပေမဲ့ ဆီဈေးထပ်တပ်လာရင် တန်ဆာခတိုးယူရဖို့ရှိတယ်လို့ဆို
ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေမြင့်တက်လာပြီးတဲ့နောက်ပိုင်းကုန်ပစ္စည်းတင်သွင်းသူတွေနည်းလာပြီး ဒေသတချို့မှာကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ကုန်ကားတွေရပ်နားလာပေမဲ့ အခြေနေအရပ်ရပ်ကြောင့် ကားတွေထွက်နေရဆဲ ကုန်ကားတွေလည်း ရှိနေတယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်သူတွေကပြောပါတယ်။
"ကျွန်တော်တို့ကမကိုက်ဘူးဆိုပေမဲ့ ဝန်ထမ်းတွေရဲ့ခံစားခွင့်တွေ၊ ပုံမှန်သွားနေတဲ့စာချုပ်တွေရှိတော့ ဘာပဲဖြစ်ဖြစ်ဝိုင်းပြီးတော့အလုပ်လုပ်ပေးရတာပေါ့။ ရပ်ထားရင် ယာဉ်မောင်းတွေ နောက်လိုက်တွေအများကြီးပိုခက်သွားမယ်။ တချို့ကားတွေကလည်းအရစ်ကျနဲ့ဝယ်ထားတဲ့ကားတွေလည်းရှိတယ်ဆိုတော့ ကိုက်ကိုက် မကိုက်ကိုင်သွားနေရတာပေါ့ " လို့အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးကျင်သိန်းက ဘီဘီစီကိုပြောပါတယ်။
အခုလိုကားတွေဆက်ထွက်နေပေမဲ့ အရင်က ကား ၅စီးလောက် ထွက်နိုင်ရင် လက်ရှိမှာ ကား ၂ စီးလောက်ပဲ ထွက်နိုင်တော့ပြီး စက်သုံးဆီဈေးနှုန်းတွေဆက်တက်နေမယ်ဆိုရင်တော့ အခုထပ်ပိုပြီး ခက်ခဲနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင်ဈေးကွက်ထဲမှာ စက်သုံးဆီဈေးနှုန်းတွေ အခုထပ်ပိုပြီးတက်လာမယ်ဆိုရင်တော့ ကုန်စည်ပို့ဆောင်တဲ့ကားတွေဘက်က တန်ဆာခပိုယူရတဲ့အခြေအနေတွေ ရှိလာမှာဖြစ်သလို ကုန်သည်တွေဘက်ကလည်း ကုန်စည်ဝယ်ယူရတဲ့ ဈေးနှုန်းတွေအပြင် တန်ဆာခနဲ့တွက်ချက်လာမှာ ဖြစ်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ကုန်ဈေးနှုန်းမြင့်တက်မှုတွေဆက်ဖြစ်နိုင်တယ်လို့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကသုံးသပ်ပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေအနေနဲ့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်စပြီး ဈေးနှုန်းတက်လာရာကနေ ရန်ကုန်စက်သုံးဆီဆိုင်အချို့မှာတော့ဒီဇယ် တစ်လီတာကို ၁၅၀၀ ကျပ်နဲ့ ဒီဇယ်ပရီမီယမ် တစ်လီတာ  ၁၅၀၅ ကျပ်နဲ့ အောက်တိန်း  92 တစ်လီတာ ၁၅၀၀ ကျပ်နဲ့အောက်တိန်း 95 တစ်လီတာကို ၁၅၂၅ ကျပ်ဈေးနှုန်းတွေ ဒီကနေ့အောက်တိုဘာ ၅ရက်အတွက် ပေါက်ဈေးရှိနေပါတယ်။
ဘီဘီစီမြန်မာပိုင်း
 

Read 1265 times