ထိုင်းမှာ လုပ်ငန်းကြီး ၃ခုက ဘီအီးဗီဖြင့် ပါဆယ်ပေးပို့ခြင်း စမ်းသပ်လေ့လာမည်
ဘက်ထရီပါဝါသုံး လျှပ်စစ်မော်တော်ယာဉ် battery-powered electric vehicle (BEV) များဖြင့် ပါဆယ်ပေးပို့ခြင်းကို စမ်းသပ်လေ့လာရန် Mitsubishi Motors (Thailand), Thailand Post နှင့် PTT Oil and Retail Business Plc (OR) လုပ်ငန်းကြီး ၃ ခုတို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပါတယ်။
တစ်နှစ်တာ ရှေ့ပြေးစမ်းသပ်လေ့လာမှု ပြုလုပ်ကြမှာ ဖြစ်ပြီး Mitsubishi Electric Vehicle ဖြစ်တဲ့ Minicab MiEV မော်ဒယ် ယာဉ်နှစ်စီးဖြင့် ပါဆယ်ထုပ်တွေ ပေးပို့မှာ ဖြစ်ပါတယ်။ Thailand Post ရဲ့ စာတိုက်နှစ်ခုဖြစ်တဲ့ Laksi နှင့် Klong Luang တို့မှာ အစမ်းသုံးစွဲကြည့်မှာ ဖြစ်ပါတယ်။
အဆိုပါစာတိုက် ၂ ခုမှာ OR က လျှပ်စစ်မော်တော်ယာဉ်အားသွင်းရုံ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ သာမန်ဓာတ်အားလိုင်းထံမှ လျှပ်စစ်ဓာတ်အားဖြင့် Minicab MiEV ကို အားသွင်းမှာ ဖြစ်ပါတယ်။
လျှပ်စစ်မော်တော်ယာဉ် သုံးစွဲပုံ အချက်အလက်များ၊ ပါဆယ်ပေးပို့တဲ့ အမူအကျင့်များကို Thailand Post က မှတ်သားထားပြီး လေ့လာဆန်ူစစ်ပေးမှာ ဖြစ်ပါတယ်။
သင်တန်းပေးခြင်း၊ ကွင်းဆင်းလေ့လာခြင်းများကို လုပ်ငန်း ၃ ခုစလုံးမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ပြီး ၎င်းတို့ရဲ့ လုပ်ငန်းအတွေ့အကြုံများ၊ တတ်သိထားသည်များ၊ နည်းပညာပိုင်း တတ်ပွန်မှုများ ဖလှယ်ကြမှာ ဖြစ်ပါတယ်။
Mitsubishi Motors Thailand ရဲ့ အရာရှိချုပ် Eiichi Koito က Mitsubishi Motor ရဲ့ လျှပ်စစ်မော်တော်ယာဉ်များ ထိုင်းလျှပ်စစ်မော်တော်ယာဉ် ဈေးကွက်ထဲ သတိပြုမိကြစေတဲ့ အကျိုးကျေးဇူး ရရှိကြောင်း ပြောကြားပါတယ်။
OR က ယခုနှစ်အတွင်းမှာ EV Station PluZ အားသွင်းရုံများကို PTT စက်သုံးဆီဆိုင် အပြင်ဘက်နှင့် အတွင်းဘက်တို့မှာ ထားရှိဖို့ အစီအစဉ် ရှိပြီး စုစုပေါင်း အားသွင်းရုံ ၃၅၀ အထိ ထားရှိဖို့ လျာထားပါတယ်။