Toyota နှင့်  Yamaha တို့က ဟိုက်ဒြိုဂျင်လောင်စာသုံး V8 အင်ဂျင် ထုတ်လုပ်မည်


Toyota နှင့်  Yamaha တို့က ဟိုက်ဒြိုဂျင်လောင်စာသုံး V8 အင်ဂျင် ထုတ်လုပ်မည်

 Yamaha Motor  က Lexus RC F coupe မှာ သုံးစွဲအင်ဂျင်ကို အခြေပြုပြီး 5.0-liter V8 အငဂျင် ကို မော်တော်ယာဉ်များအတွက် ထုတ်လုပ်မှာ ဖြစ်ကြောင်း ပြောကြားပါတယ်။
 
Yamaha Motor အကြီးအကဲ Yoshihiro Hidaka က  အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) အတွက် စိတ်အားထက်သန်မှု ရှိကြောင်း၊ ဟိုက်ဒြိုဂျင်ကို လောင်စာအဖြစ် ကားတွေမှာ သုံးစွဲနိုင်မယ့် အလားအလာကိုလည်း စိတ်တက်ကြွကြောင်း ပြောကြားပါတယ်။

 ဟိုက်ဒြိုဂျင်လောင်စာသုံးအင်ဂျင်ကို တီထွင်ရန် Yamaha Motor ကို တိုယိုတာက တာဝန်ပေးအပ်ခဲ့ပြီး Yamaha Motor ကုမ္ပဏီက အတွင်းပိုင်းလောင်ကျွမ်းမှုအင်ဂျင်အတွက် ကတိကဝတ်ပြုထားကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီက ဟိုက်ဒြိုဂျင်အင်ဂျင်ကို ဒီဇိုင်းလုပ်ကိုင်နေတာ ၅ နှစ်ဝန်းကျင် ရှိပြီလို့ ဆိုပါတယ်။

 Lexus RC F coupe မှာ သုံးစွဲအင်ဂျင်ဒီဇိုင်းမှာ ဆလင်ဒါထိပ်ပိုင်း၊ အင်ဂျက်တာ အပါအဝင် ပစ္စည်းအချို့ကို ပြောင်းလဲပေးပြီး 5.0-liter V8 ကို ဒီဇိုင်း ထုတ်မယ်လို့ ဆိုပါတယ်။
အင်ဂျင်ပါဝါက လည်နှုန်း တစ်မိနစ် ပတ်ရေ ၆.၈၀၀ မှာ မြင်းကောင်ရေ ၄၅၀ ရရှိမယ်လို့ ဆိုပါတယ်။ 

Yamaha Motor အကြီးအကဲ Yoshihiro Hidaka က ကုမ္ပဏီအနေဖြင့် ကာဘွန်ထုတ်လွှတ်မှု မရှိတဲ့အခြေအနေကို ၂၀၅၀ မှာ ရရှိဖို့ မျှော်မှန်းထားပြီး အခြားတစ်ဘက်မှာ ICE ကို စိတ်အားထက်သန်မှု ရှိတယ်လို့ ဆိုပါတယ်။
 "ဟိုက်ဒြိုဂျင် အင်ဂျင်တွေက ကာဘွန်ထပ်တိုး မထုတ်တဲ့အတွက် အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင်များအပေါ် ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှု ဆက်ရှိလို့ ရနေစေတယ်" လို့ သူက ပြောကြားပါတယ်။
 

Toyota က ဟိုက်ဒြိုဂျင်အင်ဂျင်ကို စမ်းသပ်သုံးစွဲဖူးပါတယ်။ GR Yaris မှာCorolla Sport ရဲ့ ပါဝါထရိန်းဖြင့် 1.6-liter ICE ကို ဟိုင်ဒြိုဂျင်လောင်စာ သုံးစွဲပါတယ်။ 

 


BMW ကလည်း ဟိုက်ဒြိုဂျင်လောင်စာသုံး BMW Hydrogen 7 ကို ထုတ်လုပ်ခဲ့ဖူးပါတယ်။Hydrogen 7 မှာ သုံးထားတဲ့ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်က ဓာတ်ဆီဖြင့်ဖြစ်စေ၊ ဟိုက်ဒြိုဂျင်အရည်ဖြင့်ဖြစ်စေ မောင်းနှင်နိုင်ပါတယ်။ ၂၀၀၆ မှာ စီးရေ အကန့်အကတ်ဖြင့် ထုတ်လုပ်ခဲ့ပါတယ်။

အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်ကို ဟိုက်ဒြိုဂျင်ဖြင့် မောင်းနှင်ခြင်းနှင့် ဟိုက်ဒြိုဂျင် လောင်စာဆဲလ် hydrogen fuel cell နည်းပညာဖြင့် မောင်းနှင်ခြင်း မတူပါဘူး။

ဟိုက်ဒြိုဂျင်လောင်စာဆဲလ်နည်းပညာမှာ တိုင်ကီထဲ ဟိုက်ဒြိုဂျင်နှင့် အောက်ဆီဂျင်ကို ရောနှောပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ရရှိလာတဲ့ လျှပ်စစ်ဓာတ်အားဖြင့် ကားကို မောင်းနှင်တာ ဖြစ်ပါတယ်။ ရေငွေ့နှင့် လေပူတို့ကိုသာ ထုတ်လွှတ်ပါတယ်။


ဟိုက်ဒြိုဂျင် အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်မှာကျတော့ ကာဘွန်ဒိုင်အောက်ဆိုဒ် မဆိုစလောက် ထုတ်လွှတ်တဲ့အပြင် နိုက်ထရိုဂျင်အောက်ဆိုဒ် NOx လည်း ထွက်တတ်ပါတယ်။

Read 4586 times