Toyota ကုမ္ပဏီမှ Hatchback ကားအမျိုးအစားဖြစ်သော Toyota Vitz ကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၅ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၂၀၀၆ မိုဒယ်မှ ၂၀၁၀ မိုဒယ်အထိကို ဒုတိယမျိုးဆက်၊ ၂၀၁၁ မိုဒယ်နောက်ပိုင်းကို တတိယမျိုးဆက်အနေဖြင့် သတ်မှတ်ခဲ့ပါသည်။
Toyota Vitz ကို Toyota Yaris ဆိုသော အမည်တစ်မျိုးအနေဖြင့်လည်းထုတ်လုပ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံတစ်ချို့ကို တင်ပို့ရောင်းချခဲ့ပါသည်။
ဆီစားနှုန်းသက်သာပြီး ကားကြံခိုင်မှုရှိသော Toyota Vitz ကို လူကြိုက်များခဲ့သည့်အတွက်လည်း ၂၀၁၀ မိုဒယ်အထိ နိုင်ငံပေါင်းခုနစ်ဆယ်ကို အစီးရေ ၃ ဒသမ ၅ သန်း ရောင်းချနိုင်ခဲ့ပါသည်။
Toyota Vitz ပုံပြောင်းမှာ ယခင်မိုဒယ်များကဲ့သို့ အင်ဂျင်ပါဝါ ၁၅၀၀ စီစီ၊ ၁၃၀၀ စီစီနှင့် ၁၀၀၀ စီစီ သုံးမျိုးထုတ်လုပ်ထားပြီး ၂၀၁၀ မိုဒယ်နောက်ပိုင်းမှာတော့ ၁၀၀၀ စီစီကို တင်သွင်းသူ နည်းပါသည်။
၁၅၀၀ စီစီမှာ RS ဂရိတ်နှင့် Manual ဂီယာငါးချက်ထုတ်လုပ်ထားပြီး ကျန်သော အင်ဂျင်များတွင် CVT ဂီယာတစ်မျိုးတည်းသာ ထုတ်လုပ်ထားပါသည်။
Toyota Vitz ပုံပြောင်းသည် ယခင်မိုဒယ်ဟောင်းများနှင့် ပုံစံလုံးဝကွဲပြားသွားပါသည်။
၂၀၁၀ မိုဒယ် ပုံပြောင်းကားများက Sport Type ဆန်သွားပြီး Wiper ကလည်း တစ်ချောင်းတည်းပါသွားပါသည်။
ထိုနောက် ဒိုင်ခွက်ကလည်း ပုံဟောင်းကားများကဲ့သို့ အလယ်တွင်မရှိတော့ဘဲ ဒရိုင်ဘာ၏အရှေ့တွင် ရှိသွားပါသည်။
ယခင်ပုံဟောင်းတွင် iLL ဂရိတ်က အမြင့်ဆုံးဖြစ်ပြီး ပုံပြောင်းမှာတော့ Jewela က အမြင့်ဆုံး ဖြစ်သွားပါသည်။
ထိုဂရိတ်တွင် Push-start၊ Digital Aircon၊ Steering Volume Control ဖြစ်သွားပြီး ထိုင်ခုံနှစ်ရောင်စပ်နှင့် စတီယာရင်ကြိုးချုပ်ဖြစ်သွားပါသည်။
U ဂရိတ်မှာလည်း Jewela ဂရိတ်တွင် ပါသည့်အတိုင်း ပစ္စည်းတော်တော်များများ ပါဝင်ပါသည်။
F ဂရိတ်မှာတော့ ယခင်မိုဒယ်များကဲ့သို့ ဂရိတ်အနိမ့်ဖြစ်၍ Key Remote နှင့် Manual အဲ့ကွန်းဖြစ်သွားပါသည်။
Toyota Vitz ပုံပြောင်းမှာ F ဂရိတ်နှင့် U၊ Jewela ဂရိတ်များကြားတွင် ကျပ် ၁၅ သိန်းခန့် ကွာဟပါသည်။
၂၀၁၁၊ ၂၀၁၂ မိုဒယ်ကို ယာယီနံပါတ် (နယ်လိုင်စင်နှင့် ဝယ်ယူမည်ဆိုလျှင် ကျပ်သိန်းနှစ်ရာ ဝန်းကျင်ရှိပြီး ရန်ကုန်လိုင်စင်တွင် နံပါတ်အပေါ်မူတည်၍ ကျပ်သိန်း ၁၇၀ နှင့် နှစ်ရာကြားတွင် ရှိပါသည်။