ကျပ်သိန်းသုံးရာဝန်းကျင်ဖြင့် Sedan ကားအမျိုးအစားကို ဝယ်ရန်ဆုံးဖြတ်ထားပါက Toyota Vios သည် ဝယ်ယူသင့်သည့် ကားအမျိုးအစားထဲတွင်ပါဝင်ပါသည်။
ထိုကားအမျိုးအစားသည် ဈေးကွက်ထဲတွင် အရောင်းအဝယ်သွက်ပြီး မိုဒယ်မြင့်သည့်အတွက် ဒီဇိုင်ဆန်းသစ်သည့်အပြင် ဂရိတ်အမြင့်ကားကို ရွေးချယ်ဝယ်ယူမည်ဆိုလျှင် Luxury ဆန်ဆန် ခံစားနိုင်မည်ဖြစ်ပါသည်။
Toyota Belta ထုတ်လုပ်မှုကို ၂ဝ၁၂ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီးနောက် သူ့နေရာမှာ Vios ကို အစားထိုး ထုတ်လုပ်ခဲ့ပါသည်။ Vios ၏ အမည်နာမက Latin ဘာသာစကားဖြစ်ပြီး ‘To Move Forward ‘ ဟု အဓိပ္ပာယ် သက်ရောက်ပါသည်။
Vios ကို Toyota Yaris Sedan ဟုလည်း လူသိများပါသည်။ Vios ကို အာရှပစိဖိတ်ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကားအစိတ်အပိုင်း ထုတ်လုပ်တပ်ဆင်မှုများကိုလည်း တရုတ်၊ အင်ဒိုနီးရှား၊မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ထိုင်းတို့မှာ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ထိုကားကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၉ ရက်က Toyota Dealer များမှတစ်ဆင့် မြန်မာပြည်ကားသစ်ဈေးကွက်ထဲကို စတင်မိတ်ဆက်ခဲ့ပါသည်။
Toyota Belta ထုတ်လုပ်စဉ်အခါက အင်ဂျင်ပါဝါ ၁ဝဝဝ စီစီနှင့် ၁၃ဝဝ စီစီ နှစ်မျိုး ထုတ်လုပ်ခဲ့သော်လည်း Vios တွင် ၁ဝဝဝ စီစီမရှိတော့ဘဲ ၁၃ဝဝ စီစီနှင့် ၁၅ဝဝ စီစီ နှစ်မျိုးထုတ်လုပ်ထားပါသည်။
Sedan ကားများကို Segment Class သုံးပိုင်းခွဲထားရာတွင် Vios က B-Segment အထဲတွင် ပါဝင်ပါသည်။ ထိုင်းနိုင်ငံတွင်ဆိုလျှင်လည်း Corolla နှင့် Camry တို့၏နောက်မှာ Vios ကို Second-Class အဖြစ်သတ်မှတ်ထားပါသည်။
ထိုကားက Luxury-Sport ဒီဇိုင်းဖြစ်ပြီး ရှေ့ရှဲလ်ကလည်း V ပုံသဏ္ဌာန်ဖြစ်ကာ အပြင်ပိုင်းကိုယ်ထည်ကို သုံးဖက်မြင်ဒီဇိုင်းနှင့် ပုံဖော်ထားပါသည်။ အတွင်းခန်းအရောင်ကို ဆင်စွယ်ရောင်နှင့် အနက်ရောင် နှစ်မျိုးထုတ်လုပ်ထားပြီး Grade အနေဖြင့် J ၊ E ၊ G ၊ S ဆိုပြီး လေးမျိုး ခွဲထားပါသည်။
G နှင့် S Grade မှာ Push-Start ၊ Digital Aircon ဖြစ်သွားပြီး ၂ဝ၁၆ ခုနှစ်မှာ ထုတ်လုပ်သော A Special Exclusive Grade မှာဆိုလျှင် Leather ထိုင်ခုံ၊ Piano အရောင် ဒက်ရှ်ဘုတ်နှင့် စတီယာရင်၊ ခုနစ်လက်မရှိသောOriginal Touch Screen Blueroorh TV စသည်တို့ ပါရှိပါသည်။
Toyota Vios ကို Showroom က မဟုတ်ဘဲ အပြင်မှ ဝယ်ယူမည်ဆိုလျှင် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ၂ဝ၁၅ မိုဒယ်ကို ကျပ်သိန်း ၂၈ဝ မှ သိန်း ၃၃ဝ ကြားတွင် ရှိပါသည်။