Toyota Motor  က 'အုပ်ဆေး'နည်းပညာသစ် ဝန်ဆောင်မှု အသိပေးကြေညာ


Toyota Motor  က 'အုပ်ဆေး'နည်းပညာသစ် ဝန်ဆောင်မှု အသိပေးကြေညာ

 

ကားကိုယ်ထည် မှုတ်ဆေး ဖယ်ရှားလွယ်နည်းပညာသစ်ကို Toyota Motor က အသိပေးကြေညာလိုက်ပြီး လာမယ့်နှစ်မှာ ဝန်ဆောင်မှုအသစ်တစ်မျိုးအဖြစ် လုပ်ကိုင်မယ်လို့  ပြောကြားပါတယ်။

နည်းပညာသစ်က ကားကိုယ်ထည်ကို အဝတ်အစား လဲလှယ်ဝတ်ဆင်သကဲ့သို့ အရောင် ပြောင်းလဲနိုင်စေမယ်လို့ ဆိုပါတယ်။

အရောင်အမျိုးမျိုး ၁၀၀ ကျော်ထဲမှ နှစ်သက်ရာအရောင်ကို ရွေးချယ်ပြီး ကားကိုယ်ထည်ကို 'အုပ်ဆေး' ပြန်မှုတ်လို့ရတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဆေးအသစ်အလွှာကို အလွယ်တကူ ပြန်ဖယ်ရှားနိုင်ပြီး မူရင်းဆေးသားကို ထိခိုက်မှု ကင်းတယ်လို့ ဆိုပါတယ်။ မူရင်းဆေးသားက အရောင်မှိန်ခြင်း၊ အရောင်ကျခြင်း မရှိဘဲ နဂိုအတိုင်း ဆက်လက်တောက်ပြောင်နေမှာ ဖြစ်ပါတယ်။ 

 ကားအုံနာအနေဖြင့် ကားကို အရောင်အမျိုးမျိုး ဆန္ဒရှိတိုင်း ပြောင်းဖို့ လွယ်ကူနေမှာ ဖြစ်ပါတယ်။ ဆေးအလွှာ ပြန်ဖယ်ရှားဖို့ လွယ်ကူတဲ့အတွက် မူရင်းဆေးသားအပေါ်မှာ 'အုပ်ဆေး' အဖြစ် ဆေးမှုတ်ထားလို့ ရပါတယ်။ ကားရောင်းခါနီးကျမှ ဆေးအလွှာကို ဖယ်ရှားလိုက်ရင် နဂိုဆေးက အသစ်အတိုင်း ရှိနေမှာ ဖြစ်ပါတယ်။ ကားရောင်းဖို့ မျက်နှာပန်းလှနေစေမှာ ဖြစ်ပါတယ်။ 

Toyota ကားပိုင်ရှင်တွေကို  Toyota ကုမ္ပဏီစုမှာ ပါဝင်တဲ့ KINTO က မှုတ်ဆေးနည်းပညာသစ် ဝန်ဆောင်မှု ပေးအပ်မှာ ဖြစ်ပါတယ်။ KINTO ရုံးချုပ်က ဂျပန်နိုင်ငံ နာဂိုရာမှာ တည်ရှိပြီး ၎င်းရဲ့ ဆိုင်ခွဲများမှာ ဝန်ဆောင်မှု ပေးအပ်မှာ ဖြစ်ပြီး ဈေးနှုန်းအပါအဝင် အသေးစိတ်အစီအစဉ်ကိုတော့ ရေးဆွဲနေဆဲ ဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့် ချွတ်ဆေးဓာတုပစ္စည်းများကို သုံးစွဲပြီး ဆေးသားအလွှာကို ဖယ်ရှားကြပါတယ်။ ယခုနည်းပညာသစ်က ရေဆေးကို ဖိအားပြင်းပြင်းဖြင့် မှုတ်ပေးတယ်လို့ KINTO က ဆိုပါတယ်။ အုပ်ဆေးအလွှာက နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်တို့ကို ကြံ့ကြံ့ခံနိုင်ပါတယ်။ 

ယခုအခါ အိမ်စီးကားကို ဂျပန်မှာ ပျမ်းမျှအားဖြင့် သက်တမ်း ၁၄ နှစ်ဝန်းကျင်အထိ စီးကြတာကို ၂၀၂၁ စစ်တမ်းအရ သိရပါတယ်။ ၂၀၀၀ ပြည့်နှစ် စစ်တမ်းမှာ ပျမ်းမျှအားဖြင့် သက်တမ်း ၁၀ နှစ်အထိ စီးကြပါတယ်။ ယခုအခါ ယခင် ၁၀ နှစ်တုန်းကထက် ၄ နှစ် ပိုကြာကြာ စီးကြပါတယ်။ ကားကိုယ်ထည် ဆေးသား ပိုကြာကြာခံအောင် အုပ်ဆေး မှုတ်ထားလို့ ရစေမယ့် အုပ်ဆေးနည်းပညာသစ် ဖြစ်ပါတယ်။ အုပ်ဆေး အဟောင်းဖယ်ရှားပြီး အုပ်ဆေးအသစ် ထပ်မှုတ်ပေးခြင်းဖြင့် ကားကိုယ်ထည်က ကားအသစ်အတိုင််း အမြဲသစ်လွင်လတ်ဆတ်နေမှာ ဖြစ်ပါတယ်။ 

Read 1965 times