Toyota Series ၏ ၁၃ဝဝ စီစီ ကားများထဲတွင် ၂ဝ၁၁ မိုဒယ်မှစပြီး Vitz ၊ Ractis ၊ Passo တို့ ပုံပြောင်းသွားသကဲ့သို့ Porte ကိုလည်း ရုပ်ပြောင်းပြီး ထုတ်လုပ်ထားပါသည်။
ဘယ်ဘက်ခြမ်းမှာ Sliding Door တပ်ဆင်ထား၍ Alphard အသေးစားဆိုပြီး လူသိများသော Porte သည် တခြား ၁၃ဝဝ စီစီကားများထက် အတွင်းခန်းကျယ်၍ ဘက်စုံသုံး MPV ကားအနေနှင့် အသုံးပြုရန် သင့်တော်သော ကားအမျိုးအစားဖြစ်ပါသည်။
Toyota Porte ကို ၂ဝဝ၄ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး Vitz ကို အခြေခံထားသော Mini MPV ကားအမျိုးအစား ဖြစ်ပါသည်။
ဒုတိယမျိုးဆက်ကိုတော့ ၂ဝ၁၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး Spada ဟုလည်း လူသိများပါသည်။
Porte ၏ ဘေးတံခါးများက Sliding Door များ ဖြစ်သည့်အတွက် ရုတ်တရက်ကြည့်လိုက်မည်ဆိုလျှင် ပြင်သစ်နိုင်ငံထုတ် Peugeot 1007 နှင့် ဆင်ပါသည်။
Porte ကို Auto Gear တစ်မျိုးတည်းနှင့်သာ ထုတ်လုပ်ထားပြီး အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ နှစ်မျိုးထုတ်လုပ်ထားသော်လည်း 4WD အင်ဂျင်ကတော့ ၁၅ဝဝ စီစီသာ ရှိပါသည်။
Porte ၏ အင်ဂျင်အမျိုးအစားက Toyota ကထုတ်လုပ်သော Ractis ၊ Vitz များနှင့်တူပြီး အင်ဂျင်မိုဒယ်က 1NZ-FE/1NR-FE ဖြစ်ပါသည်။
ချက်စီ အနေနှင့်ခွဲမည်ဆိုလျှင် ၁၃ဝဝ စီစီက NSP140 ၊ ၁၅ဝဝ စီစီ 4WD က NCP145 ၊ 2WD က NCP141 ဖြစ်ပါသည်။
၂ဝ၁၂ မိုဒယ်မှာ ရုပ်ပြောင်းသွားသော Porte ၏ရှေ့ရုပ်က ပထမမျိုးဆက်နှင့်ယှဉ်လျှင် လုံးဝကွာခြားသွားပါသည်။
ရှေ့ရုပ်က ဘောနတ်၊ ရှဲလ်၊ ဘမ်ပါ၊ မီးခွက်များပြောင်းသွားပြီး အရွယ်အစားကလည်း ယခင်မိုဒယ်များထက် အနည်းငယ်ပိုမြင့်သကဲ့သို့ ပိုလည်းရှည်သွားပါသည်။
အပြင်ရုပ်များပြောင်းသွားသကဲ့သို့ အတွင်းခန်းက Dashboard ၊ ဒိုင်ခွက်နှင့် ထိုင်ခုံများကအစ ပြောင်းသွားပါသည်။
၂ဝ၁၂ မိုဒယ်တွင် G ၊ F ၊ Y ၊ X ဂရိတ်များရှိပြီး G ဂရိတ်တွင် Digital Aircon ၊ Push Start ဖြစ်သွားပါသည်။
ဂရိတ်အားလုံးတွင် ထိုင်ခုံလျှောက်လမ်း၊ မှန်ချိုး/မှန်ခေါက်၊ ဘက်မှန်မီးခြောက် ပါရှိပါသည်။
၂ဝ၁၂ မိုဒယ် ၁၃ဝဝ စီစီ Porte ကို နယ်လိုင်စင် အက္ခရာအမြင့်နှင့် ဝယ်ယူမည်ဆိုလျှင် ကျပ်သိန်း ၁၆ဝ ဝန်းကျင်ရှိပြီး ရန်ကုန်လိုင်စင် နံပါတ်အနိမ့်များကတော့ ကျပ်သိန်း ၁၃ဝ နှင့် ၁၅ဝ ကြားတွင် ရှိပါသည်။