Toyota Noah တွေမှာ ဖြစ်တတ်တဲ့ပြဿနာ (၉) ချက်


တိုယိုတာ Noah အမျိုးအစား ဟာ ပြည်တွင်းမှာ အသုံးများတဲ့ ကားတစ်စီး ဖြစ်ပါတယ်။ ယာဉ်နောက်ပိုင်း ကျယ်ဝန်းတဲ့ အတွက် မိသားစု နဲ့ခရီးသွားလို့ အဆင်ပြေပါတယ်။ တိုယိုတာ Noah ကို အသုံးပြုတဲ့သူတွေ အနေနဲ့ အသုံးပြုတဲ့ သက်တမ်းကြာလာတာ နဲ့အမျှ ဖြစ်တတ်တဲ့ ပြဿနာတွေကို သိထားသင့်ပါတယ်

(၁) အောက်ဆီဂျင်ဆင်ဆာ ချို့ယွင်းတာ

၁၉၉၈ မိုဒယ်မှာ အဖြစ်များ ပါတယ်။ ကားရဲ့ အမြန်နှုန်း မြှင့်တင်လို့မရဘဲ အဆွဲအရုန်း ကျဆင်းတာပါ။ အမြန်နှုန်းကို တစ်သမတ်တည်း ထားလို့မရဘဲ လျော့ကျနေပါမယ်။ ဆီစားနှုန်းလည်း များလာပါတယ်။ အင်ဂျင်ပလတ်ကို စစ်ဆေးတဲ့အခါ ကာဘွန်တွေနဲ့ မည်းနေပါတယ်။ အဲဒီ့အခြေအနေတွေကြောင့် ကွန်ပျူတာထိုးစစ်ပြီး ပြစ်ချက်ရှာဖွေတဲ့အခါ အောက်ဆီဂျင်ဆင်ဆာနဲ့ စပိဆင်ဆာ အေ ချို့ယွင်းနေတာပါ။ ချို့ယွင်းတဲ့ဆင်ဆာတွေကို စစ်ဆေးပြီး အသစ်လဲလှယ် ရမှာပါ။

(၂) အေဘီအက်စ် မီးလင်းတာ

၂၀ဝ၅ မိုဒယ်မှာ အဖြစ်များပါတယ်။ အေဘီအက်စ်မီး လင်းနေတာက တော့ ABS System မှာ ပြဿနာ ရှိနေတာပါ။ ABS (Anti-lock Braking System) မှာ ပါဝင်တဲ့ စပိဆင်ဆာ၊ ဝါယာရင်းစနစ်နဲ့ ကွန်ပျူတာ အပါအဝင် အေဘီအက်စ်ရဲ့ အစိတ်အပိုင်း တစ်ခုခု ချို့ယွင်းတာဖြစ်ပါတယ်။ အေဘီအက်စ်မီး လင်းတဲ့အတွက် ကားမောင်းနှင်တဲ့နေရာမှာ ထိခိုက်တာမျိုး မရှိပါဘူး။ ဘရိတ် အသုံးပြုတဲ့အခါ ထိန်းချုပ်တာမျိုးမရှိဘဲ သဘာဝအတိုင်း မောင်းနှင်နိုင်ပါတယ်။ အေဘီအက်စ် စနစ်တစ်ခုလုံး စစ်ဆေးပြုပြင်ပြီး ရင်တော့ အေဘီအက်စ်မီး ငြိမ်းသွားပါလိမ့်မယ်။

(၃) ဖိုးဝှီး ဒရိုက်အသုံးပြုလို့ မရတာ

၂၀ဝ၂ မိုဒယ်မှာ အဖြစ်များပါတယ်။ (တူးဝှီးဒရိုက်) နှစ်ဘီးယက် စနစ်နဲ့သာ မောင်းနှင်လို့ရပြီး (ဖိုးဝှီးဒရိုက်) လေးဘီးယက် စနစ်နဲ့ မောင်းနှင်လို့ မရတာပါ။ ကျွမ်းကျင်တဲ့ ဝပ်ရှော့မှာ စစ်ဆေးပြုပြင်ရမှာ ဖြစ်ပါတယ်။

(၄) လီဗာနဲ့ ဂီယာပြဿနာ

၂၀ဝ၆ မိုဒယ်မှာ အဖြစ်များပါတယ်။ လီဗာနင်းပေမဲ့ အရှိန်မြှင့်တင်လို့မရတာ၊ တစ်ခါတစ်ရံမှာ ဘက်ဂီယာထိုးလို့ မဝင်တာပါ။ အာရုံခံကိရိယာတွေနဲ့ လီဗာတံက တုံ့ပြန်မှုနှေးကွေးနေတာဖြစ်ပါတယ်။ စစ်ဆေးပြုပြင်ဖို့ လိုအပ်ပါတယ်။

Readmore;ကျောင်းကားစံနှုန်းများ ဖြေလျှော့ပေးပြီး လက်ရှိပြေးဆွဲနေသော ညာမောင်းယာဉ်များဖြင့် ဆက်လက်ပြေးဆွဲခွင့်ပေးရန် တောင်းဆို

(၅) မောင်းနှင်နေစဉ် အင်ဂျင်စွမ်းအင် ကျဆင်းတာ

၂၀ဝ၈ မိုဒယ်အာကို ကီလိုမီတာ ၂၀ဝ အထက် ခရီးဝေးမောင်းနှင်တဲ့အခါမှာ ဖြစ်တတ်တာပါ။ တစ်နာရီ ၆၀ ကီလိုမီတာ ကနေ ၈၀ ကီလိုမီတာအတွင်း မောင်းနှင်တဲ့အခါ အင်ဂျင်ကရုတ်တရက် စွမ်းအင်ကျဆင်း သွားပါတယ်။ အဲဒီ့အချိန်မှာ ဒက်ချ်ဘုတ်ပေါ်က အချက်ပြမီးတွေက ပုံမှန် အနေအထားပါပဲ။ အင်ဂျင်ချက်မီး လင်းတာတွေ မရှိသလို အင်ဂျင်အပူရှိန် လွန်ကဲတာလည်း မရှိပါဘူး။ ကားစက်ပိတ်ပြီး ပြန်နှိုးတဲ့အခါ နှိုးလို့မရဘဲ ပါဝါကျဆင်းနေပါတယ်။ ၁၀ မိနစ်၊ မိနစ် ၂၀ လောက်နားပြီး စက်ပြန်နှိုးတဲ့အခါ ပုံမှန် မောင်းနှင်လို့ ရပါတယ်။ ဒါပေမဲ့ တစ်နာရီ ကီလို ၈၀ နှုန်းအောက်နဲ့ ခရီးဝေး မောင်းနှင်နိုင်ပါတယ်။ အဲဒီ့ ပြဿနာအတွက် fuel pressure switch လို့ခေါ်တဲ့ နော်ဇယ်ရဲ့ အဆုံးမှာရှိတဲ့ အာရုံခံကိရိယာဆင်ဆာ သုံးလုံးကို စစ်ဆေးရမှာ ဖြစ်ပါတယ်။

(၆) စက်နှိုးလို့မရတဲ့ပြဿနာ

၂၀ဝ၂ မိုဒယ်မှာဖြစ်တဲ့ စက်နှိုးလို့ မရတဲ့ပြဿနာကတော့ စတက်တာမှာလည်း ချို့ယွင်းမှု မရှိတဲ့အတွက် အီလက်ထနစ်ပါဝါ ပေးစွမ်းတဲ့ဘက်မှာ ချို့ယွင်းတာပါ။ အဲဒါကြောင့် ဘက်ထရီအပါအဝင် ဘက်ထရီနဲ့ချိတ်ဆက်တဲ့ ဝါယာရင်းစနစ်တွေကို စစ်ဆေး ပြုပြင်ရမှာ ဖြစ်ပါတယ်။

(၇) Navigation System ရဲ့ပြဿနာ

၂၀ဝ၅ မိုဒယ်မှာပါရှိတဲ့ Navigation System လမ်းကြောင်းပြ စနစ်ဟာ ဂျပန်ဘာသာစကားနဲ့သာ ပါရှိတဲ့အတွက် နားမလည်နိုင်တဲ့ ပြဿနာရှိပါတယ်။ အဲဒါအပြင် ဂျီပီအက်စ် မြေပုံအညွှန်းတွေကလည်း ဂျပန်ဘာသာစကားနဲ့ ဖော်ပြပါတယ်။ Toyota 260,000 voice navigation system ကို အင်္ဂလိပ်ဘာသာစကားနဲ့ ပြောင်းလဲ လိုတာပါ။ ဂျပန်နိုင်ငံအတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်လို့ ပြောင်းလဲလို့မရပါဘူး။ အင်္ဂလိပ်ဘာသာ စကားအသုံးပြုတဲ့ ယာဉ်လမ်းကြောင်းပြစနစ် အသစ်တစ်ခုနဲ့ လဲလှယ်ရမှာဖြစ်ပါတယ်။

(၈) ကားတံခါးနဲ့ အချက်ပြမီးတွေ အလုပ်မလုပ်တာ

၂၀ဝ၃ မိုဒယ်မှာ ကားတံခါးနဲ့ အချက်ပြမီးတွေ အလုပ်မလုပ်တော့တာပါ။ ဂီယာပြောင်းတဲ့အခါ ၊ ဘရိတ်နင်းတဲ့အခါ ၊ ကွေ့တဲ့အခါ ၊ နောက်ဆုတ်တဲ့အခါ အန္တရာယ်ရှိကြောင်း မီးနဲ့အချက်ပြတဲ့ စနစ်တွေ အလုပ်မလုပ်တာပါ။ အီလက်ထရစ်စနစ်နဲ့ ဖွင့်ပိတ်နိုင်တဲ့ တံခါးတွေကလည်း ခလုတ်နှိပ်ပြီး အလုပ်မလုပ်တာပါ။ အဲဒါကတော့ လျှပ်စစ်စွမ်းအင်ပေးတဲ့စနစ်တွေ ချို့ယွင်းတာ ဖြစ်တဲ့အတွက် ဝါယာရင်းကျွမ်းကျင်သူနဲ့ ပြုပြင်ရမှာ ဖြစ်ပါတယ်။

(၉) အင်ဂျင်ချက်မီးလင်းတာ

၂၀ဝ၂ မိုဒယ်မှာ အင်ဂျင်အပူရှိန်လွန်ကဲ (engine overheat) ဖြစ်ပြီး အင်ဂျင်ချက်မီး လင်းလာပါတယ်။ အဲဒီနောက် စက်ရပ်သွားပါတယ်။ ပြဿနာကတော့ radiator အင်ဂျင်အအေးပေးစနစ် (ရေတိုင်ကီ) ချို့ယွင်းတဲ့အတွက် အင်ဂျင်အပူရှိန်လွန်ကဲတာ ဖြစ်ပါတယ်။

အင်ဂျင်အပူရှိန် လွန်ကဲလာရင်တော့ အင်ဂျင်အအေးပေးစနစ်တွေဖြစ်တဲ့ လေပန်ကာ၊ ရေဒီယေတာ၊ သာမိုစတက်၊ ကူးလင့်အရည်နဲ့ အင်ဂျင်ဝိုင်တွေကို စစ်ဆေးရမှာ ဖြစ်ပါတယ်။

Credit;အောင်ထွန်းဦး

Read 1021 times