နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် Toyota နှင့် Suzuki သဘောတူညီမှုရ


ဂျပန်နိုင်ငံ၏ ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီကြီးများ ဖြစ်ကြသည့် Toyota Motor Corp နှင့် Suzuki Motor Corp တို့သည်ကားနည်းပညာအပါအဝင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်ကို အတည်ပြုခဲ့ပြီဖြစ်ကြောင်းသိရသည်။

ထိုကုမ္ပဏီနှစ်ခုသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလတည်းက ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပြီး ယခုသီတင်းပတ်တွင်မှ ပူးပေါင်းမှုကို အပြီးသတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။

နည်းပညာသစ်၊ လုံခြုံမှုစနစ်နှင့် မော်တော်ယာဉ်အစိတ်အပိုင်းဝေမျှမှုတို့တွင်ဖြစ်နိုင်ဖွယ်ရှိသည့် ပူးပေါင်း ဆောင်ရွက်မှုတို့တွင် ဖြစ်နိုင်ဖွယ်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို ယင်းသဘောတူညီချက်အရ ရှာဖွေသွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာနည်းပညာများ၊ မော်တော်ယာဉ်လုံခြုံရေးနည်းပညာများ၊ သတင်းအချက်အလက် နည်းပညာများနှင့် ထုတ်ကုန်အပြန်အလှန်ပံ့ပိုးမှု အပိုင်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဟု သိရသည်။

Suzuki နှင့် Toyota ၏အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်သည့် Daihatsu ကုမ္ပဏီတို့သည် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သော်လည်း ဈေးကွက်လက်ဝါးကြီးအုပ်မှုဥပဒေနှင့် မငြိစွန်းစေရန် သီးခြား အမှတ်တံဆိပ်များဖြင့်သာ မော်တော်ကားများကို ဆက်လက်ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Read 999 times