Toyota Motor က ကိုယ်ပိုင် Arene ဆော့ဖ်ဝဲပလက်ဖောင်းကို ၂၀၂၅ တွင် စတင်မည်


Toyota Motor က ကိုယ်ပိုင် Arene ဆော့ဖ်ဝဲပလက်ဖောင်းကို ၂၀၂၅ တွင် စတင်မည်


Toyota Motor က ကိုယ်ပိုင် မော်တော်ယာဉ်သုံး ဆော့ဖ်ဝဲပလက်ဖောင်းကို ၂၀၂၅ တွင် စတင်ဖို့ အစီအစဉ် ရေးဆွဲ ထားပါတယ်။ မော်တော်ယာဉ် ပင်ကိုမောင်းနှင်နိုင်စွမ်း အပြည့်အဝ ရနိုင်တဲ့အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ ရည်မှန်းထားပါတယ်။

Arene လုပ်ငန်းလည်ပတ်စနစ် (Arene OS - operating system) ကို Toyota Motor ရဲ့ ကိုယ်ပိုင် လည်ပတ်စနစ်အဖြစ် တည်ဆောက်မှာ ဖြစ်ပါတယ်။


Toyota  က Arene ကို ၎င်းထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေမှာ ၂၀၂၅ ခုနှစ်မှာ စတင်သုံးစွဲမယ်လို့ ဆိုပါတယ်။ ပြီးရင် ၎င်းနဲ့ တွဲဘက်လုပ်ကိုင်နေတဲ့ Subaru အပါအဝင် တွဲဘက်လုပ်ကိုင်နေတဲ့ လုပ်ငန်းများကိုလည်း အသုံးပြုခွင့် ပေးခြင်းဖြင့် ဈေးကွက်ထဲမှာ အသုံးအများဆုံး လည်ပတ်စနစ်အဖြစ်သို့ ရောက်ရှိအောင် တွန်းပို့ပေးလိုက်မှာ ဖြစ်ပါတယ်။ ကားပိုင်ရှင် အများစု သုံးစွဲနေကြတဲ့ Arene OS ဖြစ်လာပြီးရင် ဝန်ဆောင်မှုအမျိုးမျိုး ပေးအပ်ဖို့အတွက် တွက်ခြေကိုက်စေအောင် လုံလောက်တဲ့ ဝယ်ယူသူဦးရေ ပမာဏကို ရရှိမှာ ဖြစ်ပါတယ်။ 
တခြား သုံးစွဲလိုသူတွေကို Toyota  က လိုင်စင်ချပေးပြီး လိုင်စင်ကြေးကောက်ခံကာ ဝင်ငွေ ရယူမှာ ဖြစ်ပါတယ်။ Toyota ကားပိုင်ရှင်များထံမှလည်း လစဉ်ကြေး နှစ်စဉ်ကြေး update  ကြေး စသဖြင့် ရယူမှာ ဖြစ်ပါတယ်။

 

ဥပမာအားဖြင့် ၂၀၂၁ ဒီဇင်ဘာလမှာ အဝေးထိန်းစနစ်ဖြင့် ကားကို စက်နှိုးထားဖို့အတွက် ယခင်က Toyotaက အခမဲ့ သုံးခွင့်ပေးထားရာမှ  တစ်လ ၈ ဒေါ်လာ( တစ်နှစ်စာ ကြိုသွင်းပါက ၈၀ ဒေါ်လာ) စတင် ကောက်ခံခဲ့ပါတယ်။ ဆောင်းတွင်း ကားပေါ် မတက်ခင် ကားကို အဝေးမှ စက်နှိုးပြီး ကားအတွင်း အနွေးဓာတ် ကြိုပေးခိုင်းထားလို့ ရပါတယ်။ နွေရာသီဆိုရင်တော့ စက်နှိုးပြီး အဲကွန်းဖွင့်ခိုင်းထားလို့ ရပါတယ်။ ကားသော့ key fob ဖြင့်ဖြစ်စေ စမတ်ဖုန်းထဲမှာ အက်ပ် တင်ထား၍ဖြစ်စေ စေခိုင်းလို့ ရတဲ့ လုပ်ငန်းဆောင်တာ တစ်ခု ဖြစ်ပါတယ်။

 Volkswagen က  "vw.os"  ကို လုပ်ကိုင်နေပြီး Daimler က  MB.OS  ကို လုပ်ကိုင်နေပါတယ်။ 
Tesla ကလည်း လက်ရှိ OS ကို မော်တော်ယာဉ် ပင်ကိုမောင်းနှင် စွမ်းရည် အပြည့်အဝ ရရှိတဲ့အထိ အဆင့်မြှင့်တင်သွားမှာ ဖြစ်ပြီး အခြားကားကုမ္ပဏီတွေကို လိုင်စင်ကြေး ကောက်ခံပြီး သုံးစွဲခွင့်ကို ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ 

အခုလို ဆော့ဖ်ဝဲလ်တွေ ကားပေါ် တင်ပေးထားတဲ့အတွက် ကားဝယ်စီးသူတွေအဖို့  ၂၀၃၀ ခုနှစ်ကျရင် မော်တော်ယာဉ်အတွက် ကုန်ကျစရိတ်များမှာ ၅၀% က အီလက်ထရွန်းနစ် ကိရိယာ အမျိုးမျိုးနဲ့ ဆော့ဖ်ဝဲလ်အတွက် ကုန်ကျရတာ ဖြစ်လိမ့်မယ်လို့ အမေရိကန်မှ သုတေသနလုပ်ငန်း  Lux Research က ကြိုတင်ခန့်မှန်းထားပါတယ်။ 

 

 

Read 304 times