Toyota မော်တော်ယာဉ် ထုတ်လုပ်မှုများ အရေးပေါ်ရပ်ဆိုင်း


Toyota မော်တော်ယာဉ် ထုတ်လုပ်မှုများ အရေးပေါ်ရပ်ဆိုင်း

Toyota က ၂၀၂၂ မတ်လ ၁ ရက်မှစလို့ ဂျပန်မှာ တည်ရှိတဲ့ စက်ရုံ ၁၄ ရုံမှာ ရှိတဲ့ ထုတ်လုပ်ရေး လိုင်း ၂၈ ခု အကုန်လုံးကို စနစ် ဖောက်လွဲဖောက်ပြန် ဖြစ်နေသဖြင့် ရပ်ဆိုင်းထားပါတယ်။
စနစ် ပြဿနာတက်ရတာဟာ ဆိုင်ဘာတိုက်ခိုက်ခံရတာကြောင့်လို့ သံသယ ရှိပါတယ်။

 တိုကျိုမြို့တော် အခြေစိုက် Kojima Industries Corp. က Toyota ကို ပစ္စည်း ပေးသွင်းတဲ့လုပ်ငန်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောကြားချက်အရ ကွန်ပျူတာ ဆာဗာ စနစ် မှာ အမှားမှား အယွင်းယွင်းတွေ ဖြစ်နေတာ ကြုံ‌ေတွ့နေရပြီး ဆိုင်ဘာတိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်လို့ သံသယ ရှိပါတယ်။ 

စနစ်ဖောက်လွဲဖောက်ပြန် ဖြစ်နေတဲ့အတွက် ထုတ်လုပ်မှုများကို စောင့်ကြည့်ထိန်းကျောင်းလို့ မရနိုင်တော့တဲ့အတွက် စက်ရုံတွေ ရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။ ထုတ်လုပ်ရေး စက်ပစ္စည်းတွေမှာ ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။
ယခုအခါ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ပြဿနာ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။

Kojima ရဲ့ ပြောရေးဆိုခွင့်ရသူ Tomohiro Takayama က "ဒီလိုမျိုး အရင်က ဘယ်တုန်းကမှ မဖြစ်ဖူးဘူး" လို့ ပြောပါတယ်။ 
"ဆိုင်ဘာတိုက်ခိုက်ခံရသလား ဆိုတာတော့ ကျွန်တော်တို့ သေသေချာချာ မသိသေးပါဘူး။ ဒါပေမဲ့ ဆိုင်ဘာတိုက်ခိုက်ခံရတာပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ သံသယ ရှိပါတယ်" လို့ ပြောကြားပါတယ်။


Kojima က Toyota ကို လေအေးစက်၊ စတီယာရင် အစိတ်အပိုင်းများ အပါအဝင် မော်တော်ယာဉ် အတွင်းပိုင်းနှင့် အပြင်ပိုင်းတို့အတွက် အစိတ်အပိုင်း အမျိုးမျိုး ပေးသွင်းပါတယ်။

ပြဿနာ ဘယ်အချိန်မှာ ဖြေရှင်းပေးနိုင်မလဲ။ ဘယ်တော့ အလုပ်ပြန်စမလဲဆိုတာ ယခုအချိန်မှာ မပြောနိုင်သေးပါဘူး။


Toyota Motor Corp. က ဟိုင်ဘရစ် Prius နှင့် ဆီဒင်ကား Camry ဝယ်ယူဖို့ မှာကြားထားသူတွေကို တောင်းပန်ထားပါတယ်။ ပြဿနာကို မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းမယ်လို့ ကတိပေးပါတယ်။ နဂိုကတည်းက လအတန်ကြာ စောင့်ဆိုင်းကြရတာမှာ ပိုကြာကြာစောင့်ကြရတော့မှာ ဖြစ်ပါတယ်။
 

Toyota ထီးရိပ်အောက်မှ ထရပ်ကား ထုတ်လုပ်ရေး လြပ်ငန်း Hino Motors က ဂျပန်မှာ တည်ရှိတဲ့ ၎င်းရဲ့ စက်ရုံ ၂ ရုံမှာလည်း အလားတူ ပြဿနာ ဖြစ်ပွားနေကြောင်း ပြောကြားပါတယ်။


Toyota ထီးရိပ်အောက်မှ ကားအသေးစားတွေ ထုတ်လုပ်တဲ့ Daihatsu Motor Co. မှာလည်း အလားတူ ပြဿနာ ဖြစ်ပွားနေလို့ ထုတ်လုပ်မှု ရပ်ထားပါတယ်။

Read 26192 times