Toyota က (၄၃) နှစ်ကြာ ရပ်တည်လာခဲ့သည့် Camry ကို ဂျပန်တွင် ရောင်းချမှု ရပ်ဆိုင်းမည်


ဂျပန်နာမည်ကြီး ကားကုမ္ပဏီတစ်ခုဖြစ်သည့် Toyota သည် Camry ဆလွန်းကားကို ဂျပန်ဈေးကွက်တွင် ရောင်းချမှု ရပ်ဆိုင်းတော့မည်ဖြစ်ပြီး Camry ကို လူကြိုက်များနေသည့် နိုင်ငံများအတွက်သာ အဓိကထား ထုတ်လုပ်သွားတော့မည်ဟု ဆိုပါသည်။ 

 

Toyota သည် Camry ကားရောင်းချခြင်း ရပ်ဆိုင်းတော့မည့် အကြောင်းကို ဂျပန်နိုင်ငံအတွင်းရှိ ကားအရောင်းကိုယ်စားလှယ်များအား အသိပေးထားပြီး ပြည်ပသို့ တင်ပို့ရန်အတွက်သာ ထုတ်လုပ်သွားတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

ပြည်တွင်းရောင်းချမှုကို အဆင့်ဆင့် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး လက်ရှိတွင် Toyota သည် ပြည်တွင်းမှ အော်ဒါအသစ်များ လက်ခံခြင်းမပြုတော့ဘဲ ရပ်တန့်လိုက်ပြီ ဖြစ်သည်။ နောက်ထပ်အသစ်ထုတ်လုပ်မည့် Camry ကားများသည်လည်း နိုင်ငံခြားတင်ပို့ရန် အတွက်သာ ထုတ်လုပ်တော့မည် ဖြစ်သည်။ 

 

Toyota သည် ဤ Camry ကားကို အမေရိကန်၊ တရုတ်နှင့် ဂျပန် Aichi နယ်စုရှိ Tsutsumi စက်ရုံတွင် အဓိကထား ထုတ်လုပ်လျက်ရှိပြီး Corolla နည်းတူ Camry သည် Toyota ၏ ကမ္ဘာလုံးဆိုင်ရာ လူကြိုက်အများဆုံး ကားလည်းဖြစ်သည်။ Camry ဟူသည့်နာမည်သည် Crown ၏ ဂျပန်စကားလုံးမှ ဆင်းသက်လာသည်။ 

 

Toyota ဟာ ၁၉၈၀ ခုနှစ် တွင် Camry ဆလွန်းကားကို စတင်မိတ်ဆက်ပေးသည့် အချိန်မှစ၍ ယခုအချိန်အထိ  ဂျပန်နိုင်ငံ၌ Camry ကားပေါင်း ၁.၃ သန်းခန့် ရောင်းချခဲ့ပြီးဖြစ်သည်။ Camry ဆလွန်းကား၏ ပြန်လည် ရောင်းချငွေမှာ ယန် ၃.၄၉ သန်း မှ ယန် ၄.၆၈ သန်း ( ဒေါ်လာ ၂၆,၄၀၀ မှ ဒေါ်လာ ၃၅,၄၅၀ ) အထိရှိပြီး ယခု Model ကို နိုင်ငံပေါင်း ၁၀၀ ကျော်တွင်ရောင်းချနိုင်ခဲ့သည့်အပြင် ၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းကာလအတွင်း Camry ကားပေါင်း ၂၁ သန်း ရောင်းချနိုင်ခဲ့သည်ဟု Marklines သုတေသနတွင် ဖော်ပြထားသည်။ 

 

1980 Toyota Celica Camry

1980 Toyota Camry 

 

Toyota သည် ၂၀၁၇ ခုနှစ်တွင် Camry ဒီဇိုင်းကို အလုံးစုံပြန်လည် ပြုပြင်ခဲ့ပြီး 10th Generation အနေဖြင့် ထုတ်လုပ်ရောင်းချခဲ့သည်။ 

 

Camry ဆလွန်းကားသည် အမေရိကန်၌ နာမည်ကြီး လူကြိုက်များခဲ့ပြီး ကားပေါင်း ၁၃ သန်း ရောင်းချနိုင်ခဲ့သည်။ အမေရိကန်မှ ဝယ်ယူသူများသည် Camry ကားကို ယုံကြည်စိတ်ချရမှု၊ လွယ်လွယ်ကူကူမောင်းနှင်နိုင်မှုနှင့် ကားအတွင်းခန်းကျယ်ပြန့်မှုတို့ကြောင့် ပိုမို ကြိုက်နှစ်သက်ကြခြင်းဖြစ်သည်။ 

 

Super Apollo

Advertisement

Click Here >>> Super Apollo

 

Camry သည် ၂၀၁၆ ခုနှစ်အထိ ၁၅ နှစ်ဆက်တိုက် အမေရိကန်တွင် ရောင်းအား အကောင်းဆုံး ခရီးသည်တင်ယာဥ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး တစ်ပတ်ရစ်ကားဈေးကွက်တွင် တန်ဖိုးမြင့်သည့်အတွက် အဝယ်သင့်ဆုံးကားအဖြစ် လူသိများခဲ့သည်။ 

 

Toyota ၏ Sport Utility ကားဖြစ်သည့် RAV4 သည် ၂၀၁၇ ခုနှစ်တွင် Camry ၏ အမေရိကန်နိုင်ငံအတွင်း ရောင်းအားအကောင်းဆုံး စံချိန်ကို လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လွှဲပြောင်းရယူသွားခဲ့သည်။ 
 

2017 Toyota RAV4

2017 Toyota RAV4

 

သို့သော်လည်း လွန်ခဲ့သည့်နှစ်တွင် Camry ၏ ကမ္ဘာတစ်ဝှမ်းလုံးရောင်းအားသည် ကား ၆ သိန်းဝန်းကျင် ရှိခဲ့သည့်အတွက် ဝယ်လိုအားရှိနေဆဲဖြစ်သည်ဟူ၍ ပြောနိုင်ပါသေးသည်။ ၂၀၂၂ ခုနှစ်တွင် Semiconductor ပြတ်လပ်မှုကြောင့် ဂျပန်နိုင်ငံအတွင်း ရောင်းအားသည် ကား ၆,၀၀၀ အောက်သာ ရှိခဲ့ပြီး SUV များနှင့် Minivan များကသာ ဂျပန်တွင် လူကြိုက်ပိုများနေခဲ့သည်။ 

 

ထို့အပြင် ၂၀၂၂ ခုနှစ်တွင် Nissan Motor သည် သူ၏ Fuga Model ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး Honda သည်လည်း Legend Model ကို ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သည်။ 

 

Toyota Camry သည် လွန်ခဲ့သည့်နှစ်က ထွက်ရှိခဲ့သည့် Toyota Crown နှင့် ဒီဇိုင်း အနည်းငယ် တူညီမှုရှိသည့်အပြင် ကြိုက်နှစ်သက်သူများ၏ အသက်အရွယ်ပိုင်းတူညီမှုလည်းရှိသည်။ Toyota ဟာ လတ်တလောတွင် ဂျပန်ဈေးကွက်တွင် Camry အခန်းကဏ္ဍကို အဆုံးသတ်ပြီးဖြစ်ကြောင်း ဆုံးဖြတ်ချက်ချထားပြီး နိုင်ငံတကာ ဈေးကွက်အတွက်ကိုသာ ပိုကောင်းလာစေရန် အာရုံစိုက် ဆောင်ရွက်တော့မည် ဖြစ်သည်ဟု သိရှိရပါသည်။ 


Source - Nikkei Asia

Read 410 times