တိုယိုတာသည် ယခုနှစ်မှစ၍ ဒီဇယ်ကားများ ရောင်းချမှုကို တဖြည်းဖြည်းစတင်ရပ်ဆိုင်းမည်ဟု သိရပါသည်။
၂၀၁၈ ခုနှစ်တွင် တိုယိုတာ၏ ခရီးသည်ယာဉ်များထဲတွင် ဒီဇယ်ကားများကို တဖြည်းဖြည်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တိုယိုတာမော်တာ၏ ဥရောပရုံးမှ ဥက္ကဋ္ဌဖြစ်သူမှ ယခုနှစ်အတွင်း ဥရောပတွင် ပထမဆုံး ကျင်းပပြုလုပ်သော ဂျီနီဗာ ကားပြပွဲအတွင်း ပြောကြားခဲ့ပါသည်။
ခရီးသည်စီးကားများအတွက် ဒီဇယ်နည်းပညာကို ထပ်ထုတ်တော့မည်မဟုတ်ဘဲ စွမ်းအင်နှစ်မျိုးစပ်ကားများကိုသာ ဆက်လက်ဦးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ဓာတ်ငွေ့ထုတ်လွှတ်မှုကို လိမ်လည်ခဲ့သော ၂၀၁၅ ခုနှစ်က ဗောက်စ်ဝက်ဂွန် အရှုပ်တော်ပုံကြောင့် ဒီဇယ်နည်းပညာကို အယုံအကြည်ကင်းမဲ့မှုများ မြင့်တက်ခဲ့ကာ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် အန္တရာယ်များသော အမှုန့်များ ထုတ်လွှတ်ခြင်းကို ဝေဖန်မှုများပြားလာခဲ့သည်။
ထိုဖြစ်စဉ်သည် ကားထုတ်လုပ်ရေးလုပ်ငန်းများအတွက် ကြီးမားသော ထိုးနှက်ချက်ကြီးဖြစ်ခဲ့ပါသည်။
ပါရီကဲ့သို့ အဓိကကျသည့် မြို့များတွင်လည်း ဒီဇယ်ကားများကို ပိတ်ပင်ထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ယင်းကဲ့သို့ ဒီဇယ်ကားများ၏ ဂုဏ်သတ္တိကျဆင်းလာခြင်းကြောင့် ကားထုတ်လုပ်ရေးလုပ်ငန်းများသည် ဓာတ်ဆီကား၊ လျှပ်စစ်ကား သို့မဟုတ် စွမ်းအင်နှစ်မျိုးစပ်ကားများကို အာရုံစိုက်လာခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်က ဥရောပတွင် ရောင်းချခဲ့သော တိုယိုတာကားရောင်းအား၏ ၁၅ ရာခိုင်နှုန်းနီးပါးမှာ ဒီဇယ်ယာဉ်များဖြစ်ပြီး ၂၀၁၂ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်ပါသည်။