Toyota C+pod တစ်ဦးချင်းအဝယ် စတင်ခွင့်ပြု
Toyota C+pod အီးဗီကားငယ်ကို ယခင်က ကုမ္ပဏီများ၊ အစိုးရဌာနများ၊ အဖွဲ့အစည်းများကို ဝယ်ယူရန် ခွင့်ပြုခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်မှ ၍ တစ်ဦးချင်းအဝယ်များကို ခွင့်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ခရစ္စမတ်ကာလမှာ သေးသေးကျစ်ကျစ် C+pod ဘက်ထရီသုံး လျှပ်စစ်ကားကို ဂျပန်မှာ ပွဲထုတ်ခဲ့ပေမဲ့ တစ်ဦးချင်းအဝယ်များကို ရောင်းချပေးခြင်း မပြုခဲ့ပါဘူး။
ယခုမှ တစ်ဦးချင်းအဝယ်များကို ဈေးဖွင့်ပေးလိုက်တာဖြစ်ပြီး ရောင်းဈေးက ယန်း ၁,၆၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄,၃၇၅) ဖြစ်ပါတယ်။ အငှားစာချုပ်ဖြင့်သာ ဝယ်ယူခွင့်ရှိပြီး Toyota အရောင်းကိုယ်စားလှယ်များ နဲ့ Toyota Rental & Lease Agencies တို့မှ တစ်ဆင့် ငှားရမ်းရမှာ ဖြစ်ပါတယ်။
ယခုလို အငှားသဘောတူစာချုပ်စနစ် သုံးစွဲရတာက ကားမှာပါတဲ့ ဘက်ထရီ ဟောင်းသွားလို့ အသစ်လဲရင် Toyota လက်ထဲပြန်ရောက်တာ ငေချာအောင် ဖြစ်ပါတယ်။ Toyota က ကျင့်သုံးနေတဲ့ 3R ( လျှော့သုံးခြင်း reduce ၊ အခြားနည်းဖြင့်သုံးခြင်း re-use ၊ အဟောင်းကုိ ကုန်ကြမ်းအဖြစ် သုံးပြီး အသစ်ထုတ်လုပ်၍ တစ်ဖန်ပြန်သုံးခြင်းrecycle ) သုံးပုံ ၃ မျိုး ကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။
C+pod က ၂ ယောက်စီး ဖြစ်ပြီး အရွယ်အစားက အလျား ၉၈ လက်မ၊ အကျယ် ၅၀.၈ လက်မ၊ အမြင့် ၆၁ လက်မ ဖြစ်ပါတယ်။ ၉.၀၆ kWh လစ်သီယမ်- အိုင်းယွန်း ဘက်ထရီ သုံးထားပြီး ခရီးတာ ၉၃ မိုင် သွားနိုင်ပါတယ်။ အမြန်ဆုံး အမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၆၀ ဖြစ်ပါတယ်။ မြို့တွင်းစီးဖြစ်ပြီး အမြန်လမ်းမှာ မောင်းနှင်ဖို့ ဒီဇိုင်း မဟုတ်ပါဘူး။ ယာဉ်နောက်ပိုင်းမှာ အမြဲတမ်းသံလိုက်သုံးမော်တာ ထိုင်ပေးထားပြီး ပါဝါ 9.2 kW နဲ့ ရုန်းအား 56 Nm ရှိပါတယ်။