Axio က Toyota Corolla ၏ ၁ဝ ဆက်မြောက်မျိုးဆက်ဖြစ်ပြီး ၂ဝဝ၆ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ထုတ်လုပ်သက်တမ်း မကြာသေးသော်လည်း ဒီဇိုင်းဆန်းသစ်ပြီး ပေးလိုက်ရသည့်တန်ဖိုးနှင့် ညီမျှသော အရည်အသွေး တစ်ခုကို ရရှိသည့်အတွက် နိုင်ငံတကာဈေးကွက်တွင်သာမက မြန်မာပြည်ကားဈေးကွက်မှာလည်း
လူကြိုက်များသော Sedan ကားအမျိုးအစား ဖြစ်ပါသည်။
Axio ကို ဂရိဘာသာစကားအရ ‘AXIA’ (Things With Value) ဟု အဓိပ္ပာယ် အစွဲပြုပြီး အမည်နာမပေးခဲ့ခြင်း ဖြစ်ပါသည်။ ၂ဝဝ၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၂ မိုဒယ်မှ ၂ဝ၁၆ မိုဒယ်အထိက ဒုတိယမျိုးဆက်ဟု
သတ်မှတ်၍ ရပါသည်။ ထိုကားကို Hatckback အနေဖြင့်လည်း ထုတ်လုပ်ထားပြီး Toyota Auris ဆိုပြီး ဂျပန်ပြည်တွင်း အသုံးပြုရန်နှင့် ဥရောပနိုင်ငံများကို တင်သွင်းရန်အတွက် ထုတ်လုပ်ထားပါသည်။
Toyota Axio ကို မိုဒယ်သတ်မှတ်ချက် E140 ဟုလည်း သတ်မှတ်ထားသည့်အတွက် Corolla(E140) ဟုလည်း သိကြပါသည်။
၂ဝ၁၂ မိုဒယ်မှစပြီး ထုတ်လုပ်သည့် ကားများတွင် ၁၃ဝဝ စီစီကို 2WD တစ်မျိုးတည်း ထုပ်လုပ်ထားပြီး ၁၅ဝဝ စီစီ အင်ဂျင်တွင်သာ 2WD ၊ 4WD နှစ်မျိုးလာခြင်း ဖြစ်ပါသည်။
ချက်စီအနေနှင့်ခွဲမည်ဆိုလျှင် ၁၃ဝဝ စီစီက 1NR-FE ဖြစ်ပြီး ၁၅ဝဝ စီစီက 1NZ-FE ဖြစ်ပါသည်။ ၁၅ဝဝ စီစီတွင် Manual ဂီယာရော Auto ဂီယာနှင့်ပါ ထုတ်လုပ်ထားသော်လည်း ၁၃ဝဝ စီစီကိုတော့
Auto ဂီယာတစ်မျိုးတည်းနှင့်သာ ထုပ်လုပ်ထားပါသည်။
၂ဝ၁၃ မိုဒယ် Corolla Axio ၏ ၁၃ဝဝ စီစီမှာဆိုလျှင် G Edition နှင့် X Grade နှစ်မျိုး ထုတ်လုပ်ထားပြီး G Edition မှာ Digital Aircon ၊ Push-Start ၊ Central Switch စသည်တို့ ပါဝင်ပါသည်။
X ဂရိတ်မှာတော့ အကြမ်းဖျင်းအနေဖြင့် Push-Start၊ ဘက်မှန်မီးခြောက် စသည်တို့ပါရှိပြီး ဂရိတ်နှစ်ခုစလုံးမှာ Option အပေါ်မူတည်၍ ရှေ့နှင်းခွဲမီးနှင့် Original TV ၊ Back Camera စသည်တို့ ပါသွားမည် ဖြစ်ပါသည်။
Toyota Corolla Axio ၂ဝ၁၃ မိုဒယ်ကို ရန်ကုန်လိုင်စင် စတိနံပါတ်နှင့် ဝယ်ယူမည်ဆိုလျှင် ကျပ်သိန်းသုံးရာဝန်းကျင်ရှိပြီး နံပါတ်ထွက်ပြီးသား ကားများမှာ အက္ခရာ၊ ဂရိတ်နှင့် ကားအခြေအနေအပေါ် မူတည်၍
ကျပ်သိန်း ၂၄ဝ မှ ၂၇ဝ ကြားတွင် ရှိပါသည်။