ရှေ့အနာဂတ်အတွက် ရှေ့ပြေးနမူနာကားပုံစံမျိုးစုံကို မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီကြီးများက အဆက်မပြတ်မိတ်ဆက်ပြသနေပြီး အများစုမှာ အလိုအလျောက်မောင်းနှင်နိုင်သော စနစ် အသုံးပြုထားခြင်းကြောင့် ပုံမှန်ပါဝင်နေကျ စတီယာရင်လက်ကိုင်ကို ထည့်သွင်းထားခြင်းမရှိကြောင်း သိရပါသည်။
ဂျပန်ကားကုမ္ပဏီကြီး Toyota သည် ၂၀၁၇ ခုနှစ် အစပိုင်းတွင် ပြုလုပ်ခဲ့သော Consumer Electronics Show တွင် Toyota Concept-i အမည်ရ ရှေ့ပြေးနမူနာကားကို ပြသသွားခဲ့ရာတွင် အလိုအလျာက် မောင်းနှင့်မှု စနစ်သို့ တစ်ဆင့်ချင်းတက်လှမ်းသွားမည့် အရိပ်အယောင်အဖြစ် ကားမောင်းသူကို အခြေပြုထားသော စတီယာရင်ဖြင့် ဒီဇိုင်းပုံဖော်ဖန်တီးထားဆဲ ဖြစ်ပါသည်။
Toyota Concept-i တွင် ကားမောင်းသူက အဓိကအရေးပါဆဲဖြစ်ပြီး မောင်းသူကို ဘေးကင်းလုံခြုံရန် ကူညီပေးမည့် အသိဉာဏ်တုနည်းပညာ Yui ကို ထည့်သွင်းပေးထားပါသည်။
Yui ကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတွင်ရှိသော Calty Design Research စင်တာမှ ဖန်တီးထားခြင်းဖြစ်ပြီး ကားဒက်ရှ်ဘုတ်ထဲတွင်ရှိနေသော်လည်း နည်းပညာတစ်ခုသက်သက်မဟုတ်ဘဲ Toyota Concept-I တစ်စီးလုံးတွင် Yui ရှိနေမည်ဖြစ်သောကြောင့် မောင်းသူနှင့် ကားအကြား အကောင်းဆုံးပေါင်းစည်း ဆက်သွယ်၍ရရန် ကူညီပေးသွားမည်ဖြစ်ပါသည်။
Yui သည် အလင်းနှင့် အသံများကို အသုံးပြုပြီး Toyota Concept-i စီးသူများအပြင် ပြင်ပကမ္ဘာနှင့်လညး် အဆက်အသွယ်လုပ်နိုင်ပါသည်။
မောင်းသူသည် Yui နှင့် တိုက်ရိုက်ဆက်သွယ်နိုင်၍ ရေဒီယိုနားထောင်ချင်ပါက အသံဖြင့် စေခိုင်လိုက်ရုံဖြင့် ကိုယ်နားထောင်ချင်သော ရေဒီယိုလိုင်းကို Yui က ရှာဖွေပေးမည်ဖြစ်သောကြောင့် ကားမောင်းမှုအပေါ် ပိုအာရုံစိုက်ထားနိုင်မည်ဖြစ်ပါသည်။
အကယ်၍ ကားမောင်းသူသည် ဝမ်းနည်းစရာအကြောင်းတစ်ခုကြောင့် မောင်းနှင်မှုအပေါ်အပြည့်အဝ အာရုံစိုက်နိုင်ခြင်း မရှိတော့ပါက Biometric Sensor များမှ တစ်ဆင့် Yui က ထောက်လှမ်းသိရှိပြီး ကားကို အလိုအလျောက်မောင်းသောစနစ်ဖြစ်ရန် လုပ်ဆောင်ပေးမည်ဖြစ်သောကြောင့် မတော်တဆထိခိုက်မှု မကြံုတွေ့ဘဲ သွားလိုရာဆီသို့ ဘေးကင်းစွာရောက်ရှိမည် ဖြစ်ပါသည်။
အနာဂတ်တွင် ထွက်ပေါ်လာမည့်ကားဖြစ်သည့် Toyota Concept-i သည် တီထွင်ဆန်းသစ်သော နည်းပညာပိုင်းအပြင် ခေတ်ရှေ့ပြေးဒီဇိုင်းပုံစံ ပိုင်ဆိုင်ထားပြီး မြင်ကွင်းကျယ် Sunroof ၊ အဝင်အထွက် လွယ်ကူသော Scissor ကားတံခါးများ တပ်ဆင်ထားပါသည်။
ရှေ့၊ နောက်၊ ဘေးဘက်များတွင် အချက်ပြဆက်သွယ်နိုင်သော Display များလည်း ပါဝင်ပါသည်။
အတွင်းပိုင်းတွင် လူလေးယောက်အတွက် ထိုင်ခုံများနှင့် စတီယာရင် လက်ကိုင်သာရှိသောကြောင့် ကျယ်ကျယ်ဝန်းဝန်း စီးနင်းနိုင်မည် ဖြစ်ပါသည်။
ကား၏ အချက်အလက်များ ကြည့်ခြင်း၊ မီဒီယာသုံးစွဲခြင်းများအတွက် Touch Screen မသုံးထားဘဲ ရှေ့လေကာမှန်ပေါ်တွင် ကြီးမားသော Heads-up Display စနစ်ကိုသာ အသုံးပြုထားပါသည်။
ခေါင်းပိုင်းမှ နောက်ပိုင်းအထိ အနာဂတ်နည်းပညာနှင့် ဒီဇိုင်းသုံးပြီး ဖန်တီးထားသော Toyota Concept-i သည် လူ့ခံစားချက်ကို ဖတ်ရှုနိုင်သော Yui နည်းစနစ်ကြောင့် ထူးခြားသော အတွေ့အကြံုပေးစွမ်းပြီး လူနှင့်ကားအကြား ဆက်နွှယ်မှုပုံစံအသစ် ရစေမည့် ကားတစ်စီးဟု ဆိုနိုင်ပါသည်။