လက်ရှိ ပြည်တွင်းမှာလည်း လူကြိုက် အများဆုံး အမှတ်တံဆိပ်၊ နိုင်ငံ တကာဈေးကွက်မှာလည်း တစ်နှစ်အတွင်း ကားအစီးရေ အများဆုံး ရောင်းချနိုင်မှု နေရာကို ၁၀စုနှစ်တစ်စုနီးပါးကြာအောင် ထိန်းထားနိုင်ခဲ့သော Toyota ၏ ထုတ်လုပ်သမျှ ကားမိုဒယ်များထဲမှ အမြန်ဆုံးကားများ အကြောင်း ဖြစ်ပါသည်။
(၁) 1998 Toyota GT-One Road Version TS020
မိုဒယ်မှာ ၃.၆ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားခြင်းဖြစ်ပြီး မြင်းကောင်ရေ ၆၀၀ အားထိအောင် ထုတ်လုပ်ပေးနိုင်သည်ကို တွေ့ရပါသည်။
အလေးချိန် ၂၀၂၈ပေါင်သာ လေးပြီး ပေါ့ပါးသော GT မော်ဒယ် တန်းဝင် အဖြစ် ဖန်တီးထားခြင်းဖြစ်ပါသည်။
တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၃.၂ စက္ကန့်နှင့် ရောက်အောင် မောင်းနှင်နိုင်ပြီး တစ်နာရီ ၂၃၆ မိုင် (ကီလိုမီတာ ၃၈၀) ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်သည်ကို တွေ့ရှိရပါသည်။
(၂) 1996 Toyota Soarer GT-T 2.5
မိုဒယ်က ပြိုင်ကားပုံစံ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အင်ဂျင်စနစ်မှာ ၂.၅ လီတာသုံး အင်ဂျင်အသေးကိုသာ တပ်ဆင်ထားခြင်းဖြစ်ပါသည်။
GT မိုဒယ် မဟုတ်ပဲ Sport ဆန်ဆန်ကိုယ်ထည်နှင့် ထုတ်လုပ်သမျှ မိုဒယ်များထဲတွင် အမြန်ဆုံး မော်ဒယ်ဟု ဆိုရပါမည်။
တစ်နာရီ မိုင် ၆၀နှုန်း ရရန်အတွက် အချိန် ၅.၈ စက္ကန့် ပေးရပါသည်။
အမြန်ဆုံး အနေနှင့် တစ်နာရီ ၁၅၆ မိုင်ထိအောင် မောင်းနှင်နိုင်မည့် မြင်းကောင်ရေ ၂၈၀ အားထွက် မိုဒယ်ဖြစ်ပါသည်။
(၃) 2009 Toyota Crown Majesta
ဇိမ်ခံ မော်ဒယ် အဖြစ် ထုတ်လုပ်ထားသော်လည်း စွမ်းဆောင်ရည် အထူးကောင်းမွန်သည်ကို တွေ့ရပါသည်။
ဈေးနှုန်း ဒေါ်လာ ၁သိန်း၂သောင်းခန့် တန်ပြီး ဇိမ်ခံ ဆီဒင်တန်းဝင် မိုဒယ်များထဲတွင် အမြန်ဆုံး မိုဒယ် ဖြစ်လာပါသည်။
အင်ဂျင်က ၄.၆ လီတာသုံး အင်ဂျင်တပ်ဆင်ထားသော်လည်း ရုန်းအားပိုထား၍ စွမ်းအင်မှာတော့ မြင်းကောင်ရေ ၃၄၇ကောင်အားသာ ထွက်ရှိပါသည်။
တစ်နာရီကို ၁၅၆ မိုင်ထိအောင် မောင်းနှင်နိုင်မည်ဖြစ်ပြီး မိုင် ၆၀ နှုန်းရရန်အတွက်ကို အချိန် ၅.၇ စက္ကန့်သာ လိုအပ်ပါသည်။
(၄) 2007 Toyota Aurion TRD 3500S
ပုံမှန် ဇိမ်ခံ ဆီဒင် မိုဒယ်ထဲတွင် အမြန်ဆုံး ဖြစ်လာပါသည်။
အင်ဂျင်စနစ်က ၃.၅ လီတာသုံး အရွယ်ကို တပ်ဆင်ထားပြီး ကိုယ်ထည် အလေးချိန် ၁ တန်ပေါ်မှာ မြင်းကောင်ရေ ၂၀၂ ကောင်အား သက်ရောက်အောင် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
အင်ဂျင်ကတော့ မြင်းကောင်ရေ စုစုပေါင်း ၃၂၈ ကောင်အားထိအောင် ထွက်ရှိပါသည်။
အလေးချိန် ပေါင် ၃၅၈၂ ထိအောင်လေးပြီး ပုံမှန်ထက်တော့ပိုလေးနေပါသည်။
တစ်နာရီ မိုင် ၆၀ နှုန်းကို ၆.၁ စက္ကန့်နှင့် ရောက်သကဲ့သို့ အမြန်ဆုံး အနေဖြင့် တစ်နာရီ ၁၅၅ မိုင်နှုန်းထိအောင် မောင်းနှင်နိုင်ပါသည်။
(၅) 1993 Supra Twin Turbo MkIV
ထုတ်လုပ်ခဲ့သမျှ Coupe ဆိုသော နှစ်ယောက်စီး မိုဒယ်များထဲတွင် အမြန်ဆုံး မိုဒယ်အဖြစ် မှတ်တမ်းဝင်နေပါသည်။
ဈေးနှုန်း ဒေါ်လာ ၈သောင်းခန့် ရှိနေသော 1993 Supra Twin Turbo MkIV သည် ကိုယ်ထည် သေးငယ်သော်လည်း အလေးချိန်က ပေါင် ၃၆၂၀ ထိအောင် ရှိပါသည်။
တပ်ဆင်ထားသော အင်ဂျင်က ၃ လီတာသုံး ဖြစ်ပြီး မြင်းကောင်ရေ ၃၃၀ အားထိအောင် ထုတ်လုပ်ပေးနိုင်ပါသည်။
တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၅.၂စက္ကန့်တည်းနဲ့ ရောက်လို့ တာထွက် အထူးကောင်းပါသည်။
အမြန်ဆုံး အနေဖြင့်ကတော့ တစ်နာရီ ၁၅၅ မိုင် မောင်းနှင်နိုင်မည်ဖြစ်ပါသည်။