Toyota BZ4X အကြောင်း အချက် (9) ချက်


ဓာတ်ဆီနဲ့ လျှပ်စစ်တွဲသုံးတဲ့ ကပြားနည်းပညာကို Toyota Prius  မှာ မိတ်ဆက်ပေးခဲ့တာ ၂၅ နှစ်အကြာမှာ ကမ္ဘာ့အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Toyota က ကမ္ဘာတစ်လွှား ထုတ်လုပ်ရောင်းချမယ့် လျှပ်စစ်ကားစစ်စစ်ကို 2023 Toyota BZ4X မော်ဒယ်ဖြင့် ပွဲထုတ်လိုက်ပါတယ်။ 

ဘက်ထရီလျှပ်စစ် ပလက်ဖောင်းပေါ်မှာ Subaru နဲ့ ပူးပေါင်းပြီး ဒီဇိုင်းထုတ်ထားတယ်။ အလယ်အလတ်အရွယ်အစား SUV ဖြစ်ပြီး Tesla Model Y, Hyundai Ioniq 5, Kia EV6, Volkswagen ID.4, Nissan Ariya, Subaru Solterra တို့ ရောင်းချနေတဲ့ ဈေးကွက်က အကန့်ထဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

2023 Toyota BZ4X ကို အရောင်းပြခန်းတွေမှာ ၂၀၂၂ ခုနှစ်မှာ စတင်ပြသရောင်းချဖို့ အချိန်ဇယား ရေးဆွဲထားပါတယ်။ 


၁။
 BZ4X အမည်က ဘာကို ဆိုလိုတာလဲ
လျှပ်စစ်ကားစစ်စစ်ရဲ့ မော်ဒယ်အမည်  BZ4X  မှာ  BZ က 'beyond Zero'  လို့ ဆိုလိုပါတယ်။ ဇီးရိုးက မီးခိုးထွက်တာ သုည၊ တစ်နည်းပြောရရင် လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ ဓာတ်ငွေ့ စွန့်ထုတ်မှု လုံးဝ မရှိတာကို ဆိုလိုတယ်။ ဒီကားက သုညဖြစ်တာထက် ပိုဘက်အထိ လွန်နေတယ်လို့ ဆိုလိုပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မီးခိုးမစွန့်ထုတ်တာအပြင် အပိုထပ်ဆောင်းပြီး လုပ်ပေးထားတာတွေ ပါတယ်။ ဥပမာ ကားအမိုးမှ ဆိုလာပြားများက နေစွမ်းအင်ကို ရယူပြီး ဘက်ထရီကို အားဖြည့်တင်းပေးတာ ပါတယ်။ 

4X ကတော့ အတွဲစဉ်နံပါတ် ဖြစ်ပါတယ်။ 'BZ1' ကနေ 'BZ5' အထိ ငါးမျိုး ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာမှာ BZ4 အရွယ်အစား ဖြစ်ပါတယ်။ 

 

၂။
ကားချာစီက လျှပ်စစ်ကားအများစုရဲ့ ချာစီဖြစ်တဲ့ စကိတ်ဘုတ်စတိုင်လ်ကို သုံးထားပါတယ်။ 
Subaru နဲ့ ပူးတွဲလုပ်ကိုင်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး ပလက်ဖောင်းအသစ်ဖြစ်တဲ့ 'e-TNGA'  ပလက်ဖောင်းကို အသုံးပြုထားပါတယ်။ 
စကိတ်ဘုတ်စတိုင်လ် ချာစီမှာ ဘက်ထရီတွေကို ကားကြမ်းခင်းအဖြစ် အပြားလိုက် တပ်ဆင်ထားပါတယ်။ လေးလံတဲ့ ဘက်ထရီတွေ အောက်ဆုံးမှာ ရှိနေတဲ့အတွက် ကားရဲ့ မြေဆွဲအား ဗဟိုချက်က နိမ့်နေလို့ ပစ်တိုင်းထောင်အရုပ်လို ထောင်နေနိုင်စွမ်း ပိုကောင်းနေစေပါတယ်။ ကားကို ထိန်းကျောင်းဖို့ ပိုထက်မြက်အောင်လည်း လုပ်ပေးထားတယ်။ ကားအစတ်အပိုင်း ဒီဇိုင်းအသစ်  'E-axle'  ကို သုံးစွဲထားတယ်။ လျှပ်စစ်မော်တာ၊ ထရန့်အိပ်စဲလ်၊ အင်ဗာတာ အစိတ်အပိုင်းများကို ယူနစ်တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတယ်။ တစ်ခုချင်း တစ်သီးတခြားဖြင့် ချိတ်ဆက်ထားတာမျိုး မဟုတ်တော့ဘူး။ 

 

 


၃။
ကားအရွယ်အစားက အလျား ၄၆၉၀ မီလီမီတာ (၁၅ ပေသာသာ)  ရှိတယ်။ အကျယ်က ၁၈၆၀ မီလီမီတာ (၆ပေသာသာ) ရှိတယ်။ အမြင့်က (၅ပေခွဲနီးပါး) ရှိတယ်။  ရှေ့ဘီးဝင်ရိုးနဲ့ နောက်ဘီး ဝင်ရိုးကြား အကွာအဝေး (wheelbase) က ၂၈၅၀ မီလီမီတာ (၉ပေခွဲနီးပါး) ရှိတယ်။ 
Toyota RAV4 နဲ့  ယှဉ်ကြည့်ရင် Toyota BZ4X က အလျားမှာ ၉၀ မီလီမီတာ ပိုရှည်တယ်။ ၅ မီလီမီတာ ပိုကျယ်တယ်။ ၃၅ မီလီမီတာ ပိုနိမ့်တယ်။ 

wheelbase က ကြီးတော့ ခုနစ်ယောက်စီး Kluger ကို ယှဉ်လို့ ရတယ်။ wheelbase  ကြီးတဲ့အတွက် လူထိုင်စီးမယ့်နေရာ အလျား ပိုရှည်တယ်။ ခြေထောက်ထားဖို့ နေရာတွေ ပိုကျယ်သွားစေပါတယ်။ 

 

၄။
စတီယာရင်မှာ သမားရိုးကျ အဝိုင်းအခြေခံ ပုံစံနဲ့ ထုတ်လုပ်မှာ ဖြစ်တဲ့အပြင် လေယာဉ်ပျံ စတီယာရင်စတိုင်လ်  yoke ပုံစံနဲ့လည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 
Tesla Model S နဲ့ Model X တို့မှာလည်း  yoke ပုံစံ စတီယာရင် သုံးထားကြတယ်။ 
Toyota BZ4X  ရဲ့ စတီယာရင် စနစ်က ဝါယာကြိုးသုံးစနစ် ဖြစ်လို့ စတီယာရင် လှည့်တာကို အီလက်ထရွန်းနစ် နည်းလမ်းဖြင့် ရှေ့ဘီးတွေဆီကို အကြောင်းကြားပေးပြီး ဘီးတွေက ကွေ့ပေးကြမှာ ဖြစ်ပါတယ်။ 
စတီယာရင် လှည့်တာကို ၁၅၀ ဒီဂရီ အတွင်းမှာ ထားပေးထားတယ်။ ကွေ့တဲ့အခါ စတီယာရင်ကို တစ်ဆုံးလှည့်ဖို့ လက်မလိမ်အောင် စတီယာရင် ကိုင်ထားတာ နေရာရွှေ့ပြီး ကိုင်ပေးနေဖို့ မလိုတော့ဘူး။ ဥပမာ 'ဂ' ငယ်ကွေ့ ကွေ့ရတဲ့အခါမျိုးမှာ စတီယာရင်ပေါ်မှာ လက်ကို နေရာပြောင်းပြောင်းပြီး ကိုင်ပေးနေရတာမျိုး မရှိတော့ဘူး။ 


၅။ 
၄ ဘီးယက်နဲ့ ရှေ့ ၂ ဘီးယက် နှစ်မျိုးထုတ်လုပ်မယ်။ 
၄ ဘီးယက်မှာ 150kW မော်တာတစ်လုံး ထိုင်ပေးထားတယ်။ 
ရှေ့ ၂ ဘီးယက်မှာတော့ 160kW မော်တာ နှစ်လုံး ကို ဝဲဘက်ဘီးအတွက် တစ်လုံး၊ ယာဘက်ဘီးအတွက် တစ်လုံး တပ်ပေးထားမှာ ဖြစ်ပါတယ်။ 

 

၆။
ကားဝယ်တဲ့အခါ ဘက်ထရီတစ်စုံပဲ ပါမယ်။ 71.4kWh lithium-ion ဘက်ထရီ ဖြစ်ပြီး ကီလိုမီတာ ၅၀၀ အထိ ခရီးပေါက်တယ်။ 

၇။ 
ဘက်ထရီသက်တမ်းက စကားပြောတယ်။ Toyota က ထိပ်တန်းအမျိုးအစားကို သုံးမယ်လို့ ဆိုပါတယ်။ တစ်ဆယ်နှစ် သုံးပြီးချိန်မှာ သို့မဟုတ်  ခရီးမိုင် ၂၄၀, ၀၀၀ ကီလိုမီတာ မောင်းပြီးချိန်မှာ ဘက်ထရီ အားသွင်းတဲ့အခါ အသစ်တုန်းက သိုလှောင်အားပမာဏရဲ့ ၉၀% အထိ အားသိုမှီးပေးနိုင်စွမ်း ဆက်ရှိနေမယ်လို့ ဆိုပါတယ်။
အဲဒီ ၉၀%  ဆိုတာကို ကားရောင်းတဲ့အခါ အာမခံချက် ပေးမပေးဆိုတာတော့ မသိကြရသေးဘူး။ Volkswagen ကတော့ ၇၀% ပဲ အာမခံတယ်။ သက်တမ်းကိုလည်း ၈ နှစ်ပဲပေးတယ်။ ခရီးမိုင်အရ ဆိုရင်တော့ ၁၆၀,၀၀၀ ကီလိုမီတာအထိ အာမခံထားတယ်။ 

 

၈။
ဆိုလာခေါင်မိုးပါတာ တစ်ပန်းသာတယ်။ ကားရပ်ထားစဉ်မှာသာမက ကားမောင်းနေစဉ်မှာလည်း လျှပ်စစ်စွမ်းအင် ရယူပေးနေမှာ ဖြစ်ပါတယ်။ နေသာပြီး နေပူနေတဲ့ အချိန်တွေ များတဲ့ နိုင်ငံတွေအဖို့ ပိုအဆင်ပြေမယ်။  အားသွင်းဖို့ နေရာ အနီးအနားမှာ မရှိရင် အမိုးဆိုလာမှ ရတဲ့ စွမ်းအင်ကို အရေးပေါ်အဖြစ် သုံးနိုင်မှာ ဖြစ်ပါတယ်။ 

၉။
Toyota  နဲ့ Subaru.တို့ ပူးပေါင်းပြီး  ကားတပ်ဆင်ဖို့  e-TNGA ပလက်ဖောင်းကို လုပ်ကိုင်ခဲ့ကြတာ ဖြစ်လို့ Subaru. ကလည်း e-TNGA ပလက်ဖောင်းပေါ်မှာ Subaru Solterra ကို ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။  BZ4X လိုပဲ နောက်နှစ်မှာ ထုတ်လုပ်ပြီး အရောင်းပြခန်းတွေဆိ ပေးပို့မှာ ဖြစ်ပါတယ်။ 

 

 

Read 1635 times