Sport ဆန်ပြီး လူငယ်ကြိုက် ကားအမျိုးအစားဖြစ်သည့် Toyota Allion 2011


Toyota Premio ကဲ့သို့ Allion ကိုလည်း ၂ဝဝ၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ Premio က Corona ၏ မျိုးဆက်ဖြစ်သည်ဆိုလျှင် Allion က Carina မျိုးဆက်ဟု ဆိုနိုင်ပါသည်။

Toyota က ထုတ်လုပ်လိုက်သော Allion နှင့် Premio သည် အင်ဂျင်ပါဝါချင်း၊ ဖွဲ့စည်းပုံချင်း မကွာခြားသော်လည်း အပြင်ပိုင်းရုပ်ထွက်မှာ ကွာခြားပါသည်။

Toyota Allion ကို ၂ဝဝ၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝဝ၆ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၂ဝဝ၇ မိုဒယ်မှ လက်ရှိမိုဒယ်အထိကို ဒုတိယမျိုးဆက်ဟု သတ်မှတ်ထားသော်လည်း ၂ဝ၁ဝ မိုဒယ် နောက်ပိုင်းထုတ်လုပ်သောကားများတွင်သာ ပုံစံဆန်းသစ်လှပသည့်အတွက် ထိုကားအမျိုးအစား ဝယ်ယူမည်ဆိုလျှင် ၂ဝ၁ဝ မိုဒယ်အထက် ကားများကိုသာ ဦးစားပေးရွေးချယ်သင့်ပါသည်။

၂ဝ၁ဝ မိုဒယ်နောက်ပိုင်း ကားများက ရှေ့မီးခွက်နှင့် ဘမ်ပါဖွဲ့စည်းပုံလှပပြီး ရုတ်တရက်ကြည့်မည်ဆိုလျှင် ဘမ်ပါမှာ Skirt တပ်ထားသည့်အတိုင်း ထင်ရသည့်အတွက် Sport ဆန်ပြီး လူငယ်ကြိုက် ကားအမျိုးအစားဖြစ်ပါသည်။

Toyota Allion ကို အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ၊ ၁၈ဝဝ စီစီ၊ ၂ဝဝဝ စီစီ သုံးမျိုးထုတ်လုပ်ထားပြီး ၁၈ဝဝ စီစီ တစ်မျိုးတည်းတွင်သာ 4WD ရှိပါသည်။ ၁၅ဝဝ စီစီ နှင့် ၂ဝဝဝ စီစီ ကားများကိုတော့ 2WD တစ်မျိုးတည်း ထုတ်လုပ်ထားပါသည်။ Premio ကဲ့သို့ ၂ဝ၁ဝ မိုဒယ်အထိကို Dual VVT-I အင်ဂျင်နှင့်ထုတ်လုပ်ထားပြီး 2010 Lated ကျမှသာ Valvematic အင်ဂျင်နှင့် ထုတ်လုပ်ထားပါသည်။

Allion 2011 မိုဒယ်မှာ A18 G Package Limited Edition က ဂရိတ်အမြင့်ဆုံးဖြစ်ပြီး Aircon Auto ၊ Push-Start ၊ Xenon Heatlights ၊ ရှေ့/နောက် စပွိုင်လာ၊ နှင်းခွဲမီးများအပြင် Seat Motor လည်း ပါသွားပါသည်။ ၁၈ဝဝ စီစီမှာ A18 ဂရိတ်မှလွဲ၍ ကျန်ဂရိတ်များတွင် Seat Motor မပါခြင်းမှလွဲပြီး G Package Limited တွင်ပါသောဂရိတ်အတိုင်းပစ္စည်းစုံပါသည်။

၂ဝဝဝ စီစီမှာ A20 နှင့် A20 S Package စသောဂရိတ်များတွင်လည်း Seat Motor မပါခြင်းမှလွဲပြီး ပစ္စည်းအစုံ ပါဝင်ပါသည်။ ၁၅ဝဝ စီစီမှာ A15 G Package ၊ A15 ၊ A15 G Package တို့ရှိပြီး A15 က ဂရိတ်အနိမ့်ဆုံးဖြစ်သကဲ့သို့ Manual Aircon နှင့် နှင်းခွဲမီးကလည်း ကားတချို့တွင်သာ ပါဝင်ပါသည်။

Toyota Allion ကို ၂ဝဝဝ စီစီများက တင်သွင်းမှုမရှိသလောက် နည်းပါသည်။ ၂ဝ၁၁ မိုဒယ်မှာ ၁၈ဝဝ စီစီက ဂရိတ်အမြင့်ဆုံးဖြစ်သော G Package Limited Edition က ကျပ်သိန်း ၄၅ဝ နှင့် ၄၈ဝ ကြားရှိပြီး ၁၅ဝဝ စီစီမှာ ဂရိတ်အပေါ်မူတည်၍ သိန်း ၃၈ဝ နှင့် လေးရာကြားတွင် ရှိပါသည်။

 

Read 889 times