တရုတ်စွမ်းအင်သစ် မော်တော်ယာဉ် အများဆုံးတင်ပို့ခဲ့သည့် ၁၀ နိုင်ငံ


တရုတ်စွမ်းအင်သစ် မော်တော်ယာဉ် အများဆုံးတင်ပို့ခဲ့သည့် ၁၀ နိုင်ငံ

တရုတ်နိုင်ငံမှ စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) များ ၂၀၂၁ တွင်  တင်ပို့ခဲ့သည့်စာရင်းကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automotive Manufacturers (CAAM) မှ ထုတ်ပြန်ခဲ့ရာ ထိပ်တန်း (၁၀) နိုင်ငံတွင် ဘယ်လ်ဂျီယံ၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်တို့သည် ထိပ်ဆုံး ၃ နိုင်ငံ ဖြစ်သည်။

 ထိပ်တန်း ၁၀ နိုင်ငံမှာ -
ဘယ်လ်ဂျီယံ၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ အိန္ဒိယ၊ ထိုင်း၊ ဂျာမနီ၊ ပြင်သစ်၊ စလိုဗေးနီးယား၊ ဩစတြေးလျ နှင့် ဖိလစ်ပိုင် တို့ ဖြစ်သည်။

အဆိုပါ ၁၀ နိုင်ငံသို့ တင်ပို့သည့် စွမ်းအင်သစ် မော်တော်ယာဉ် စီးရေမှာ ၄၂၄,၀၀၀ ကျော် ဖြစ်သည်။ တရုတ်နိုင်ငံမှ ပြည်ပတင်ပို့သည့် NEV စီးရေ စုစုပေါင်း၏ ၇၇.၈% သည် ထိပ်တန်း ၁၀ နိုင်ငံသို့ တင်ပို့ခြင်း ဖြစ်သည်။ 

ဖိလစ်ပိုင်

၂၀၁၃ တွင် တရုတ် မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ BYD သည် ဖိလစ်ပိုင်နိုင်ငံရှိ အိမ်စီးကားဈေးကွက်ထဲသို့ တရားဝင် စတင်ဝင်ရောက်ခဲ့သည်။
တစ်ဆယ်နှစ်နီးပါး ကြာပြီးချိန်တွင်  BYD သည် ဖိလစ်ပိုင်နိုင်ငံရှိ စွမ်းအင်သစ် အိမ်စီးကားဈေးကွက်တွင် ဈေးကွက်ဝေစု ၈၀% ကို ရရှိထားသည်။ ‌ေဈးကွက်ဝေစု အများဆုံး ရထားသည့် နံပါတ်(၁) ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်

နိုင်ငံတကာငွေကြေးရန်ပုံငွေ International Monetary Fund ၏ အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူတစ်ဦးချင်းအရ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၂,၁၃၈ ဖြစ်သည်။ အိမ်စီးကားတစ်စီး ဝယ်စီးရန် မလုံလောက်ချေ။ ၃ ဘီး နှင့် ၂ ဘီး ယာဉ်များသည် ဘင်္ဂလားဒေ့ရှ်၏ သယ်ယူပို့ဆောင်ရေးတွင် အဓိကကျသည့် ယာဉ်အမျိုးအစားများ ဖြစ်သည်။ သို့ဖြစ်ရာ လျှပ်စစ်ယာဉ်အဖြစ်သို့ ကူးပြောင်းလျှင် အရင်ဆုံး ပြောင်းလဲပေးရမည့် ယာဉ်အမျိုးအစားများ ဖြစ်သည့်အား‌ေလျာ်စွာ ဘင်္ဂလားဒေ့ရှ်တွင် တရုတ်နိုင်ငံမှ တင်ပို့သည့် ၂ ဘီးနှင့်  ၃  ဘီးယာဉ်များ ရောင်းချသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် မဟာဓာတ်အားလိုင်း ကွန်ရက်မှာ ဖွံ့ဖြိုးဆဲ အခြေအနေဖြစ်ပေရာ ၂ ဘီး ၃ ဘီး ၄ ဘီး ယာဉ်များတွင် လျှပ်စစ်ယာဉ်များ ပိုမိုများပြားလာလျှင် ဓာတ်အားမလောက်မငှ ဖြစ်သည့် စိန်ခေါ်မှု ရှိနေသည်။
ယခုအခါ စွမ်းအင်သစ် အိမ်စီးကား ရောင်းဈေးနှုန်းများသည် တစ်နှစ်ထက်တစ်နှစ် ပိုများလာနေသည်ကို တွေ့ရသည်။

စွမ်းအင်သစ်ကားတစ်စီး၏ ဈေးနှုန်းသည် ၂၀၁၆ တွင် အမေရိကန်ဒေါ်လာ ၂,၂၀၀ ဖြစ်ပြီး ၂၀၂၀ တွင် အမေရိကန်ဒေါ်လာ ၁၁,၈၀၀ ဖြစ်လာသည်။ ၅ ဆနီးပါး ပိုများသည်။ ၂၀၂၁ တွင် အမေရိကန်ဒေါ်လာ ၁၉,၀၀၀ ဖြစ်လာသည်။ ကပ်ရောဂါကာလ ကမ္ဘာတစ်လွှားတွင် ကားအသစ်များ လုံလောက်အောင် ထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။
  

ဘယ်လ်ဂျီယံ

တရုတ်အီးဗီ အများဆုံးတင်ပို့ခဲ့သည့် ၁၀ နိုင်ငံ ပါဝင်နေရာ၌ CAAM စာရင်းသည် တရားဝင် တင်ပို့ပြီး တရားဝင်တင်သွင်းသည့် စာရင်းဖြစ်လိမ့်မည်။
ဘယ်လ်ဂျီယံတွင် တရားမဝင် တင်သွင်းထားသော အီးဗီ အများအပြား ရှိနေသည်။ ဘယ်လ်ဂျီယံမှ ကား‌အရောင်းသမားများသည် ရရာနည်းဖြင့် ကားတင်သွင်းသည်။ တရားဝင် အရောင်းကိုယ်စားလှယ် ရယူထားခြင်းလည်း ဟုတ်ချင်မှ ဟုတ်မည်။ 
တရုတ်နိုင်ငံမှ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍမှ ထိပ်တန်းကုမ္ပဏီများဖြစ်သည့် Nio, Xpeng, BYD တို့သည် ဘယ်လ်ဂျီယံတွင် တရားဝင်လာရောက်လုပ်ကိုင် ခြင်း မရှိကြချေ။ BYD သည် လျှပ်စစ်ဘတ်စ်ကားအချို့ တရားဝင် ရောင်းချသော်လည်း အိမ်စီးကား ရောင်းချခြင်း မပြုပေ။ 
ထူးြခားချက်မှာ တရုတ်ပြည်တွင်းမှာ လူသိအင်မတန်နည်းသည့် လုပ်ငန်းငယ်အသစ် Aiways Belgium အဖို့ ဘယ်လ်ဂျီယံသည် အကြီးမားဆုံး ဈေးကွက်ဖြစ်သည်။

နော်ဝေး 
ဥရောပတွင် အီးဗီ အရောင်းရဆုံးနိုင်ငံမှာ နော်ဝေးဖြစ်သည်။ သို့သော် တရုတ်အီးဗီတင်ပို့သည့် ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် မပါချေ။
Nio, Xpeng, BYD တို့သည် အနောက်ဥရောပ ဈေးကွက်ကို နော်ဝေးမှာ စတင်ဝင်ရောက်ကြသည်။ ၂၀၂၁ တွင် BYD သည် စီးရေ သောင်းဂဏန်းအောက်ကိုသာ ရောင်းရသည်။ Nio နှင့် Xpeng တို့သည် စီးရေ ထောင်ဂဏန်းအောက်သာ ရောင်းရသည်။

ဥရောပဈေးကွက်

ဥရောပနိုင်ငံများသည် မီးခိုးထုတ်လွှတ်မှု မရှိသည့် မော်တော်ယာဉ်များ လူသုံးများလာစေရေးအတွက် ထောက်ပံ့ကြေးများ တိုးမြှင့်ပေးအပ်လျက်ရှိသည်။
ဥရောပ လျှပ်စစ်ကားဈေးကွက် လျင်မြန်စွာ ကြီးထွားနေသည်။ 
ထိုနှစ်ချက်က တရုတ်အီးဗီ ပြည်ပတင်ပို့မှုများအတွက် အခွင့်အလမ်းကောင်းများ ဖြစ်နေစေသည်။
မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းအသစ်များ ဖြစ်သော NIO နှင့်  Xpeng တို့သည် ၂၀၂၁ တွင် တရုတ်ပြည်တွင်း ဈေးကွက်ထဲတွင် အီးဗီစီးရေ ၁၉၀,၀၀၀ ဝန်းကျင် ရောင်းချခဲ့သည်။ ဥရောပ ဈေးကွက်သည် နယ်ပယ်ချဲ့ထွင်ရေးအတွက် စားကျက်သစ်ဖြစ်သည်။

 လျှပ်စစ်မော်တော်ယာဉ် ထိုးဖောက်နှုန်းများကို ဖော်ပြထားပါသည်။
 အနီမျဉ်းမှာ တရုတ်၊ အမည်းမျဉ်းမှာ ဥရောပ၊ ပန်းနုမှာ အမေရိကန် ဖြစ်ပါသည်။ ကာလမှာ ၂၀၁၅ မှ ၂၀၂၁ အထိ ဖြစ်ပါသည်။ 

 

Source: Minsheng Securities

SAIC Motor

၂၀၂၁ တွင် SAIC Motor ၏ brand နှစ်ခု ဖြစ်သည့် MG နှင့်  MAXUS တို့သည် ဥရောပ၊ ဩစတေးလျ၊ နယူးဇီလန်တို့တွင် စွမ်းအင်သစ် မော်တော်ယာဉ် စီးရေ ၅၀,၀၀၀ ကျော်ရောင်းချခဲ့သည်။

 CAAM 

တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automotive Manufacturers (CAAM)  သည် အမြတ်အစွန်း မရှာသော အဖွဲ့အစည်းဖြစ်သည်။
၁၉၈၇ မေလတွင် တရုတ်နိုင်ငံ မြို့တော် ဘီဂျင်းတွင် စတင်ထူထောင်သည်။
CAAM သည် မော်တော်ယာဉ် ထုတ်လုပ်သူများ၏ အပြည်ပြည်ဆိုင်ရာအဖွဲ့တွင် အမြဲတမ်း အဖွဲ့ဝင် ဖြစ်ပါသည်။

Source: CAAM, 163, Sina Finance, Minsheng Securities

Read 7028 times