ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်သည့် တိုကျိုရှိ လူနေတိုက်ခန်းများနှင့် အိမ်ရာအဆောက်အအုံများတွင် ဆယ်စုနှစ်တစ်ခုအတွင်း လျှပ်စစ်ကား အားသွင်းနိုင်သည့် နေရာအရေအတွက်ကို လက်ရှိထက် အဆ (၁၅၀) တိုးလာစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
လာမည့် ၂၀၂၅ ဘဏ္ဍာနှစ်မှ စတင်၍ ဂျပန်နိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို အသစ်ဆောက်လုပ်မည့် အိမ်ရာတိုက်ခန်းများအနေဖြင့် လျှပ်စစ်ကား အားသွင်းနိုင်သော နေရာများကို မဖြစ်မနေ ထည့်သွင်း တည်ဆောက်ရန် လိုအပ်ကာ ကားပါကင်နေရာ၏ အနည်းဆုံး (၂၀) ရာခိုင်နှုန်းနှင့် ညီမျှသော နေရာကို ပေးရမည် ဖြစ်သည်။
လက်ရှိ ဆောက်လုပ်နေသည့် တိုက်ခန်း အဆောက်အအုံများအတွက် အားသွင်းကိရိယာ တပ်ဆင်ရန် လိုအပ်သည့် စရိတ်စကအနေဖြင့် ၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်၍ ယန်း (၁.၇) သန်း ( ဒေါ်လာ ၁၂,၆၀၀ ) အထိ တိုးမြှင့် ထောက်ပံ့ပေးသွားမည် ဖြစ်ကာ အဆောက်အအုံနှင့် ကားပါကင် အရွယ်အစားပေါ် မူတည်ပြီး ယန်း (၀.၈) သန်းခန့် ရမည့် အနေအထားမျိုးလည်း ရှိသည်။
တိုကျိုမြို့ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းဝန်းကျင်သည် တိုက်ခန်းများနှင့် အခြားအိမ်ရာ အဆောက်အအုံများတွင် နေထိုင်ကြပြီး အဆိုပါ နေရာများ၌ လျှပ်စစ်ကား အားသွင်းကိရိယာ တပ်ဆင်ခြင်းသည် EV စျေးကွက်ချဲ့ထွင်ရန်အတွက် အရေးကြီးသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
တိုကျိုမြို့တော် အစိုးရသည် မြို့တွင်း၌ မော်တော်ယာဉ်အသစ် ထုတ်လုပ် ရောင်းချမှု၏ ထက်ဝက်ခန့်ကို ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းသော ယာဉ်များ ဖြစ်လာစေရန် မျှော်လင့်ထားသဖြင့် လျှပ်စစ်ကားများ အသုံးပြုမှုကို ပိုမို အားပေးလိုခြင်း ဖြစ်သည်။
၎င်းအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ကား အားသွင်းနိုင်သည့် နေရာများကို (၆၀,၀၀၀) အထိ တိုးမြှင့် လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားသော်လည်း ပြီးခဲ့သည့် ၂၀၂၁ ဘဏ္ဍာနှစ်ကုန်ထိ တိုက်ခန်းအဆောက်အအုံများတွင် အားသွင်းကိရိယာ (၃၉၃) ခုသာ တပ်ဆင်ရသေးသည်။
Advertisement
ထို့ကြောင့် တိုကျိုအစိုးရသည် ၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် လျှပ်စစ်ကားအတွက် ဆက်စပ်ရန်ပုံငွေ ယန်း (၄) ဘီလီယံ တောင်းခံထားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တပ်ဆင်ပြီးသား အားသွင်းကိရိယာ (၃,၁၀၀) ကို မြင်တွေ့လိုသည်ဟု ဆိုသည်။ ယင်းပမာဏသည် ၂၀၂၂ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းခြေပမာဏထက် (၁၅) ဆ ပိုများသည်။
၂၀၂၀ ခုနှစ်တွင် တိုကျိုဧရိယာ၌ တည်ဆောက် ပြီးစီးခဲ့သော ယူနစ် ၁၀၀ ထက် ပိုကြီးနိုင်သည့် အိမ်ရာတိုက်ခန်းတစ်ခု၏ လေးပုံတစ်ပုံနီးပါးကို လျှပ်စစ်ကား အားသွင်းနိုင်သည့် နေရာများ တည်ဆောက်ရန်အတွက် ကမ်းလှမ်းခဲ့ပြီး Chiba နှင့် Yokohama မြို့များကလည်း ထောက်ပံ့ကြေးများ ပေးခဲ့ကြောင်း အိမ်ခြံမြေ အတိုင်ပင်ခံလုပ်ငန်း Tokyo Kantei က ပြောသည်။
တစ်ချိန်တည်းတွင် ဂျပန်အမျိုးသားအစိုးရသည် လျှပ်စစ်ကား အားသွင်းကိရိယာများ၏ ကုန်ကျစရိတ် (၅၀) ရာခိုင်နှုန်းကို ယန်း ၃၅၀,၀၀၀ နှင့် အပြီးအစီး တပ်ဆင်ခ (၁၀၀) ရာခိုင်နှုန်းအတွက် ယန်း (၁.၃၅) သန်းအထိ လျှော့ချခဲ့သည်ဟု ဆိုသည်။
ယင်းကြောင့် တိုကျိုမြို့တော်၏ ရှိပြီးသား ထောက်ပံ့ကြေးများနှင့် ပေါင်းစပ်ကာ အချို့နေရာများတွင် ကနဦးတပ်ဆင်စရိတ် အားလုံးကို ကာမိနိုင်မည် ဖြစ်သည်။ ၎င်းသည် ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပံ့ပိုး ကူညီမှုကို ပိုမို လုပ်ဆောင်နိုင်ရန် စဉ်းစားနေကြောင်းလည်း သိရသည်။
ဂျပန်နိုင်ငံတွင် လျှပ်စစ်ကား အသုံးပြုမှုသည် အမေရိကန်နှင့် ဉရောပ နိုင်ငံများထက် ပို၍ နည်းနေသေးပြီး EV ပိုင်ရှင်များသည် တိုက်ခန်းအများစုတွင် နေထိုင်သည့် လူအနည်းငယ်သာ ရှိနေကြသောကြောင့် အားသွင်းကိရိယာများ တပ်ဆင်ခြင်းသည် အခက်အခဲ အနည်းငယ်တော့ ရှိနိုင်သေးသည်။
Su Mon Oo
Source : Nikkie Asia