ကိုယ်ပိုင်ကားနဲ့ ခရီးသွားမယ်ဆိုရင်


ခရီးသွားရာသီ ရောက်နေပြီဖြစ်တဲ့အတွက် ကိုယ်ပိုင်ကားနဲ့ ခရီးသွားမယ်ဆိုတဲ့ ကားပိုင်ရှင်တွေအတွက် ခရီးသွားမယ်ဆိုရင် ဘာတွေကို ဆောင်သွားသင့်လဲ၊ ဘာတွေကို ရှောင်ရှားရမလဲ၊ ဘယ်လိုတွေ နေထိုင်လုပ်ဆောင်သင့်လဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါမယ်။

အရေးပေါ်အတွက် ဆောင်ထားသင့်သောအရာများ

ကားတစ်စီးမှာ အဆင့်မြင့်နည်းပညာတွေ ဘယ်လောက်သုံးထားတယ်ပဲပြောပြော၊ အရည်အသွေး ဘယ်လောက်ကောင်းတယ်လို့ပဲ အာမခံခံ မော်တော်ကားဆိုတာ စက်ပစ္စည်းဖြစ်တဲ့အတွက် အချိန်မရွေး ထဖောက်နိုင်တာကြောင့် ကားပေါ်မှာလိုရမယ်ရအနေနဲ့ ပစ္စည်းအချို့ကို ဆောင်ထားသင့်ပါတယ်။ အထူးသဖြင့် ဟိုင်းဝေးအတွက် သုံးမယ်ဆိုတဲ့ကားတွေအတွက် ပိုလို့တောင် ဆောင်ထားသင့်ပါတယ်။ ဘာတွေဆောင်ထားသင့်လဲဆိုတာ အောက်မှာကြည့်လိုက်ကြရအောင်။

ရှေးဦးသူနာပြုသေတ္တာ

ဘာမှကြိုမမြင်နိုင်တဲ့ ဘဝကြီးမှာ ခရီးထွက်ရင် ဘာမှမဖြစ်နိုင်ဘူးလို့ ကြိုတင်တွက်ဆလို့မရနိုင်ပါဘူး။ ဒါကြောင့် မတော်တဆမှုတွေ ဖြစ်လာတဲ့အခါမှာ အရေးပေါ်ကုမှုခံယူနိုင်ဖို့ ပစ္စည်းကိရိယာစုံနိုင်သမျှစုံအောင်ပါတဲ့ ရှေးဦးသူနာပြုသေတ္တာလေးကို ဆောင်ထားသင့်ပါတယ်။

မီးသတ်ဆေးဘူး

ကိုယ့်ကားပဲဖြစ်ဖြစ်၊ လမ်းမှာသွားရင်း တခြားကားက မီးလောင်တာမျိုးပဲဖြစ်ဖြစ် ဒီပစ္စည်းလေးသာပါမယ်ဆိုရင် အများကြီး အထောက်အကူဖြစ်စေမှာပါ။ မော်တော်ကားတွေက သိန်းရာချီ၊ ထောင်ချီတန်သလို လူ့အသက်တွေကတော့ တန်ဖိုးမဖြတ်နိုင်အောင်ကို တန်ဖိုးရှိတဲ့အတွက်ကြောင့် ခရီးဝေးသွားမယ်ဆိုရင် ဒီပစ္စည်းကို မပါမဖြစ် ယူဆောင်သွားသင့်သလို အမြဲတမ်း ကားပေါ်မှာထားသင့်တဲ့ ပစ္စည်းလေးတစ်ခုပါ။

သုံးမြှောင့်အလင်းပြန်ဆိုင်းဘုတ် (သုံးခုအထိ ဆောင်ထားသင့်ပါတယ်)

အထက်ကပြောခဲ့သလို ဘယ်လောက်အဆင့်မြင့်ပါတယ်ဆိုတဲ့ နည်းပညာတွေပါတဲ့ ကားဖြစ်နေပါစေ၊ မော်တော်ကားတွေက စက်ပစ္စည်းတွေဖြစ်တဲ့အတွက် ဖောက်ပြန်တတ်တဲ့သဘောရှိတာကြောင့် ရုတ်တရက် ချို့ယွင်းတတ်ပါတယ်။ ဒီလိုချို့ယွင်းမှုတွေ လမ်းပေါ်မှာ ကြုံလာခဲ့ရင် ဒီသုံးမြှောင့်အလင်းပြန် ဆိုင်းဘုတ်လေးတွေက ကိုယ့်ကိုအကူအညီပေးမှာပါ။ အသုံးပြုပုံကတော့ လူတိုင်းသိပါတယ်။ ကားရဲ့ နောက်နားမှာပဲဖြစ်ဖြစ်၊ ဘေးနားမှာပဲဖြစ်ဖြစ် သင့်တော်သလို ချထားလိုက်ရုံနဲ့ ကိုယ့်ကားတစ်ခုခုဖြစ်နေကြောင်း တခြားကားတွေ သိရှိသွားနိုင်မှာမို့ အန္တရာယ်ကင်းစေမှာပါ။ ကူညီတတ်တဲ့သူနဲ့တွေ့ရင် အကူအညီတောင် ရလိုက်နိုင်ပါသေးတယ်။

တာယာလေဖိအားတိုင်းဂိတ် (Gauge)

တာယာတွေက ကားရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုပါ။ တာယာလေပေါင်ချိန် နည်းနေတဲ့အခါပဲဖြစ်ဖြစ်၊ များနေတာပဲဖြစ်ဖြစ်၊ မောင်းတဲ့အခါမှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ ခရီးသွားမယ်ဆိုရင် တာယာလေပေါင်ချိန်တွေက ရှိသင့်တဲ့ ပမာဏမှာပဲ ရှိနေသင့်ပါတယ်။ ဒါကြောင့် ဒီပစ္စည်းလေးရှိနေခြင်းအားဖြင့် ကိုယ့်ကိုအန္တရာယ်မဖြစ်အောင် အများကြီးအထောက်အကူ ဖြစ်စေမယ်လို့ ထင်ပါတယ်။

တောင့်တင်းခိုင်မာသော ကြိုးတစ်ချောင်းနှင့် Jumper Cable များ

ဒီပစ္စည်းတွေကလည်း အရေးပေါ်ဆို လိုအပ်မယ့်ပစ္စည်းတွေပါပဲ။ Accident တစ်ခုခုဖြစ်လို့ ကားလမ်းဘေးထိုးကျသွားချိန်တွေ၊ ကိုယ့်ကား ပျက်သွားချိန်တွေမှာ ကားဆွဲဖို့ပဲဖြစ်ဖြစ် တစ်နေရာရာမှာ အသုံးဝင်နိုင်လို့ ဆောင်သွားသင့်တဲ့အရာတွေထဲ ထည့်ပေးလိုက်ပါတယ်။

လက်နှိပ်ဓာတ်မီး

ညဘက်လိုအချိန်မျိုးမှာ ကားပျက်တဲ့အခါ လိုအပ်မယ့် ပစ္စည်းလေးပါ။ ဖုန်းတွေမှာ ဓာတ်မီးပါတာပဲ။ ကိစ္စမရှိဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဖုန်းဓာတ်မီးက အကြာကြီး အထိုးမခံပါဘူး။ ကြာကြာထိုးတာနဲ့ ဖုန်းက အရမ်း Heat တွေ တက်လာပြီး ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ဓာတ်မီးဆောင်တာ အကောင်းဆုံးပါပဲ။

ဘက်ထရီအပို

ကားဘက်ထရီ ဒေါင်းသွားတာမျိုးကြုံရင် အသုံးဝင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေထဲက တစ်ခုဖြစ်ပါတယ်။

လက်အိတ်

ချို့ယွင်းမှုတစ်ခုခုနဲ့ ကြုံတဲ့အခါ လက်ဗလာကြီးနဲ့ လုပ်မယ်ဆိုရင် လက်ကို ထိခိုက်စေနိုင်တဲ့အတွက် လက်အိတ်စွပ်လုပ်ရင် အဲဒီအန္တရာယ်မကြုံနိုင်သလို လက်ညစ်ပတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ နိုင်ငံတကာက မက္ကင်းနစ်သမားတွေလည်း လက်အိတ်စွပ်အလုပ်လုပ်တတ်ကြပါတယ်။ လမ်းမှာကားပျက်ပြီဆိုတာနဲ့ ကားပြင်တတ်၊ မတတ် ကိုယ်က မက္ကင်းနစ်ဖြစ်ပြီလေ။ ဒါကြောင့် မက္ကင်းနစ်တွေလို လုပ်ဆောင်သင့်ပါတယ်။ ဒီကိရိယာတွေအပါအဝင် အခြားအသုံးတည့်ပစ္စည်းတွေပါ ပါဝင်တဲ့ Kit တွေ ကားပစ္စည်းဆိုင်တွေမှာ ရောင်းချပါတယ်။ တစ်ခုချင်းစီ ရှာဖွေပြီး မဝယ်ချင်တဲ့သူတွေအတွက် အဲဒီ Kit တစ်ခုခုကို ရွေးချယ်ပြီး ဆောင်ထားနိုင်ပါတယ်။

မက္ကင်းနစ်တစ်ယောက်နှင့် မိတ်ဆွေဖွဲ့ပါ

ကျွမ်းကျင်မှုရှိတဲ့၊ အတွေ့အကြုံများတဲ့ မက္ကင်းနစ်တစ်ယောက်နဲ့ ရင်းနှီးမှုရယူထားဖို့ပါ။ သူတို့ကို မိတ်ဆွေဖွဲ့ထားခြင်းဖြင့် အရေးပေါ်ပြင်ရလွယ်တဲ့ ချို့ယွင်းမှုတွေကို သူတို့အကူအညီနဲ့ အလွယ်တကူ ဖြေရှင်းလို့ရနိုင်ပါတယ်။ တစ်ခုရှိတာက မက္ကင်းနစ်ရွေးချယ်တဲ့အခါ ဈေးသက်သာတာမျိုးကို အဓိက မထားသင့်ပါဘူး။ တကယ်တတ်ကျွမ်းနားလည်ပြီး ကားကို စနစ်တကျ ကိုင်တွယ်ပြင်ဆင်နိုင်သူ၊ အာမခံချက်ပေးနိုင်သူကို ဦးစားပေးရပါမယ်။

သတိထားသင့်တဲ့အရာတွေ

ကားနဲ့ပတ်သက်ပြီး ဆောင်သွားတဲ့အရာတွေ မှာပြီးသွားပြီဆိုတော့ နောက်တစ်ခုရှိတာက ကိုယ်သွားမယ့်နေရာ ဒေသအကြောင်းတွေ၊ လမ်းတွေကို ကြိုတင်စုံစမ်းသွားဖို့အတွက်ပါ။ ခရီးသွားမယ့်သူတွေအနေနဲ့ ဒေသအကြောင်း ကြိုတင်လေ့လာပါ၊ အစားအသောက် စားတာ ဆင်ခြင်ပါ၊ တည်းခိုနေရာတွေ အရင်စုံစမ်းပါ၊ လည်ပတ်မယ့်နေရာတွေရဲ့ အန္တရာယ်ရှိနေရာတွေအကြောင်းကို ကြိုတင်လေ့လာသွားသင့်ပါတယ်။

Source;The Voice

Read 1663 times