ကားတစ်စီးတွင် အရေးကြီးဆုံး အစိတ်အပိုင်းမှာ အင်ဂျင်၊ ဂီယာ စသည့် အစိတ်အပိုင်းများ ဖြစ်သော်လည်း ကားတစ်စီး၏ ခန့်ညားမှုကို ကိုယ်စားပြုသည့် ဆေးသား အရောင်များကလည်း ကားချစ်သူများအတွက် အတိုင်းအတာ တစ်ခုအထိတော့ အရေးပါ ပါတယ်။
ကားဆေးရောင် တောက်ပသန့်ရှင်းနေပါက စီးနေသည့်ကားသည် အချိန်တိုင်း သစ်လွင်ပြီး အများတကာရှေ့တွင် မျက်နှာပန်း လှနေမှာ ဖြစ်တယ်။
<
ထို့ကြောင့် Ford Asia Pacific က ထုတ်လုပ်ရေး အင်ဂျင်နီယာချုပ်ဖြစ်သည့် Richard Burt ၏ ကားဆေးရောင် ထိန်းသိမ်းကာကွယ်ရေးလမ်းညွှန်ကို ဖော်ပြပေးလိုက်ပါတယ်။
အင်းဆက်များ
===========
အင်းဆက်ပိုးမွှားများသည် ဘယ်လောက် အကောင်သေးသေး အက်ဆစ်ဓာတ် ကြွယ်ဝကြပါတယ်။
အင်းဆက် အထွက်များချိန် ကားမောင်းသွားလို့ ကိုယ်ထည်ပေါ်တွင် အင်းဆက်အသေများက အကျိအချွဲတွေလို ကပ်ငြိနေတဲ့အခါ ကားကို ချက်ချင်း သန့်ရှင်းရေးလုပ် ပေးဖို့လိုအပ်ပါတယ်။
ထိုသို့ သန့်ရှင်းရာတွင်လည်း နူးညံ့သည့် အဝတ်စကို သုံးရပါမယ်။
လောင်စာဆီ
==========
ဆီဖြည့်ပြီးသည့် အချိန်များတွင် လောင်စာ ဆီတိုင်ကီဖုံးအနား ဆီများ ပေကျန်ခဲ့ခြင်းမျိုးနှင့် ကြုံဖူးပါသလား?
လောင်စာဆီများက ကိုယ်ထည် ဆေးသားပေါ်တွင် အချိန်ကြာကြာရှိနေပါက ဆေးသား အပေါ်ယံလွှာတွေ ပျက်ဆီးပြီး နှစ်လိုဖွယ် မကောင်းသည့် အညိုရောင် အကွက်တွေ ဖြစ်လာပါလိမ့်မယ်။
ထို့ကြောင့် လောင်စာဆီများပေစွန်း နေတာတွေ့ပါက မိုက်ခရိုဖိုက်ဘာ အဝတ်စနှင့် ချက်ချင်း သုတ်ပေးရန် လိုပါတယ်။
မိုက်ခရိုဖိုက်ဘာ အဝတ်စတွေကို ကားပစ္စည်းဆိုင်များတွင် အလွယ်တကူ ရနိုင်ပါတယ်။
ငှက်ချေးများ
==========
ငှက်အများစုက အက်ဆစ်ဓာတ်ကြွယ်ဝသည့် အစာများကို စားလေ့ရှိသောကြောင့် ငှက်ချေးများကလည်း အင်းဆက်များ နည်းတူ ကားဆေးရောင်ကို ဒုက္ခပေးနိုင်ပါတယ်။
ငှက်ချေးများ ကပ်ငြိလာသည့်အခါ အရင်ဆုံး ကားဆေးဆပ်ပြာရည်ကို စပရေးဗူးထဲထည့်ဖြန်း၊ ပြီးမှ မိုက်ခရိုဖိုက်ဘာ အဝတ်စနှင့် သန့်စင်ပေးပါ။
ကျောက်စငယ်များ
==============
ကျောက်စရစ် (သို့) ကျောက်စငယ်များရှိသည့် လမ်းပေါ်ကို ဖြတ်မောင်းသည့် အခါ ကျောက်ခဲငယ်များ လွင့်စင်ရိုက်ခတ် သောကြောင့် ကားဘေးဖက် အခြမ်းမှာရှိသည့် ဆေးသားများကို ထိခိုက် စေတတ်ပါသည်။
ထိခိုက်မှုများရင် ဆေးသားအလွှာ အတွင်းထဲအထိ ပျက်ဆီးပြီး သံချေးများ တက်လာ တတ်ပါတယ်။
ထို့ကြောင့် ကိုယ်ထည်မှာ ကျောက်စ ခြစ်ရာမျိုး တွေ့မြင်ပါက ချက်ချင်း ပြင်ဆင်ရန် လိုပါတယ်။
လက်ဗွေရာများ
===========
လက်ဗွေရာများက ကားဆေးရောင်ကို ထိခိုက်သည်အထိ ဒုက္ခပေးနိုင်ပါသလား?
အခြေအနေ တစ်ခုမှာ ဒုက္ခပေးနိုင်ပါတယ်။
ဖုန်များ၊ သဲများ အထပ်ထပ် ကပ်နေသည့် ကားကိုယ်ထည်ပေါ် လက်နှင့် အရုပ်ရေးသည့် အခါ သဲပွင့်များက ဆေးသားနှင့် ပွတ်တိုက်မိပြီး ဆေးသား အပေါ်ယံလွှာကို ထိခိုက်မှု ဖြစ်စေပါတယ်။
ထိုအရာကို ကာကွယ်နိုင်စေရန် ကားအပေါ်တွင် ဖုန်ဒုနှင့် တက်လာသည်အထိ စောင့်မနေဘဲ ပုံမှန် သန့်ရှင်းရေး လုပ်ပေးရင် ရနိုင်ပါတယ်။
ပြာမှုန့်များ
========
အက်ဆစ်ဓာတ်နည်းတူ ကားဆေးရောင်ကို ထိခိုက်စေနိုင်သည့် နောက်တစ်မျိုးက အယ်ကာလိုင်းဓာတ် ဖြစ်ပါတယ်။
ပြာမှုန်များက အယ်လ်ကာလိုင်း ဓာတ်ပြည့်ဝသည့် အရာများဖြစ်ပြီး အင်းဆက်၊ ငှက်ချေးများကဲ့သို့မဟုတ်ဘဲ ကားတစ်စီးလုံးပေါ်မှာလည်း ကပ်ငြိနိုင်ပါတယ်။
ကားကိုယ်ထည်မှာ ပြာမှုန်တွေကပ်နေပြီ ဆိုရင် အရင်ဆုံး ငှက်မွေးတံမြက်ငယ် တစ်ချောင်းနဲ့ ခါထုတ်ဖို့ လိုပါတယ်။
ပြီးမှ ကားကို ရေဆေးတာမျိုး လုပ်ပါ။
ညစ်ပေနေသော အဝတ်များ
=====================
ဖော်ပြခဲ့တဲ့အချက်တွေ အားလုံးကို လိုက်နာသော်လည်း ကားကို သန့်ရှင်းရေးလုပ်သည့်အခါ ညစ်ပတ်သည့် အဝတ်စများကို သုံးမည်ဆိုပါက ကားဆေးရောင် အပေါ် ထိခိုက်မှုရှိနေပါ လိမ့်မယ်။
ထို့ကြောင့် ကားကို သန့်ရှင်းရေးမလုပ်ခင်မှာ အသုံးပြုမယ့်အဝတ်စကို သန့်၊ မသန့် စစ်ဆေးပြီး ဖုန်မှုန့်များ၊ အညစ်အကြေးများ ကပ်ငြိနေမည်ဆိုလျှင် အရင် လျှော်ဖွပ်ပြီးမှ အသုံးပြုသင့်ပါတယ်။