သင်္ကြန်ကာလ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်မှ ယာဉ်လိုင်းတစ်ခု စီးရေ(၅)စီးမှ (၈)စီးကြား ပြေးဆွဲ


သင်္ကြန်ကာလအတွင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်မှ ယာဉ်လိုင်းတစ်ခုကို ယာဉ်အစီးရေ(၅)စီးမှ (၈)စီးကြား ပြေးဆွဲပေးသွားမည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်က တာဝန်ယူပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်း(၇)လိုင်းကို ယာဉ်အစီးရေ (၃၁၄)စီးနဲ့ပြေးဆွဲပေးနေတာဖြစ်ပြီး သင်္ကြန်ကာလအတွင်းမှာတော့ ယာဉ်လိုင်းလိုင်းတစ်ခုကို ယာဉ်အစီးရေ (၅)စီးမှ (၈)စီးကြားပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူထံမှ သိရပါတယ်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်အနေနဲ့ လက်ရှိမှာ

YBS (12)၊
YBS (13) ၊
YBS (14) ၊
YBS (25) ၊
YBS (30) ၊
YBS (38) ၊
YBS (55)
စတဲ့ ယာဉ်လိုင်း(၇)လိုင်းကိုပြေးဆွဲပေးနေတာဖြစ်ပြီးအဲ့ဒီယာဉ်လိုင်းတွေထဲကမှ ယာဉ်လိုင်းတစ်ခုကို ယာဉ်အစီးရေ (၅)စီးမှ (၈) စီးကြားသာ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ သင်္ကြန်ကာလအတွင်းမှာ မောင်းနှင်မယ့် ယာဉ်မောင်းတွေကို လိုင်စင်အနီကိုင်ဆောင်ထားသူ၊ အရက်သေစာသောက်စားခြင်းမရှိသူ၊ အသက်(၄၀)နှစ်နဲ့အထက်ပိုင်းရှိသူ စတဲ့ အချက်အလက်တွေနဲ့ အဓိကထားပြီး ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် သင်္ကြန်ကာလအတွင်းမှာပြေးဆွဲမယ့် ပါရမီယာဉ်လိုင်းတွေပေါ်မှာတော့ ယာဉ်မောင်းအပြင် ယာဉ်ကြီးကြပ်သူတစ်ယောက်ပါ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။

သင်္ကြန်ကာလအတွင်း ပြေးဆွဲပေးမယ့်ယာဉ်လိုင်းတွေမှာ ယာဉ်စီးခတိုးမြှင့်ကောက်ခံသွားမှာမဟုတ်ဘဲ ယာဉ်စီးခတိုးမြှင့်ကောက်ခံတဲ့ယာဉ်တွေကို သက်ဆိုင်ရာယာဉ်လိုင်းတွေထံ တိုင်ကြားနိုင်တယ်လို့ ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာတော့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်မှ ယာဉ်အစီးအရေ (၈၀) ရာခိုင်နှုန်းခန့်ပြေးဆွဲပေးခဲ့ပေမယ့် ဒီနှစ်သင်္ကြန်ကာလမှာတော့ (၂၀) ရာခိုင်နှုန်းသာ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

YBS(30)ယာဉ်လိုင်းက လက်ရှိမှာတော့ ပြည်လမ်းနှင့်သမိုင်းလမ်းတစ်လျှောက် ပြေးဆွဲပေးနေတာဖြစ်ပေမယ့်လည်း သင်္ကြန်ကာလအတွင်း ပြည်လမ်းမပေါ်မှာ မဏ္ဍပ်အကြီးတွေရှိနိုင်တာကြောင့် ယာဉ်လမ်းကြောင်း ပြောင်းလဲသတ်မှတ်ပြေးဆွဲသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။သင်္ကြန်ကာလအတွင်း ယာဉ်လိုင်းပြေးဆွဲရာမှာလည်း မနက် (၆)နာရီမှ နေ့လယ်ပိုင်းလောက်အထိသာပြေးဆွဲပေးသွားမှာဖြစ်ပြီး ညနေပိုင်းမှာ တစ်ခေါက်ပြန်လည်ပြေးဆွဲပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

Credit;MRTV 4

 

Read 386 times