သင်္ကြန်ကာလအတွင်း YBS အစီး ကိုးရာကျော် ပြေးဆွဲရန် လျာထား


မဟာသင်္ကြန်ကာလအတွင်း YBS ခရီးသည်တင်ယာဉ် အစီးကိုးရာကျာ် ပြေးဆွဲရန်လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရပါသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း၌ YBS ခရီးသည်တင်ယာဉ် အစီးခုနစ်ရာကျော်ဖြင့် ပြေးဆွဲခဲ့ရာ ယခုနှစ် သင်္ကြန်ကာလ၌ ရန်ကုန် မြို့တွင်း ခရီးသည်တင်ယာဉ် ပြေးဆွဲခြင်းအတွက် YBS အစီးကိုးရာကျော် ပြေးဆွဲရန်လျာထားပြီး ယာဉ်စီးခ ပိုမိုတောင်းခံခြင်း မရှိ စေရန် အထူးကြပ်မတ်သွားမည် ဖြစ်ကြောင်း သိရသည်။

“အရင်နှစ်ထက် မဏ္ဍပ်တော်တော်များများ ခွင့်ပြုပေးမယ်ဆိုတော့ ခရီးသွားလာတဲ့သူတွေ သွားလာမှု အဆင်ပြေအောင် လက်ရှိပြေးဆွဲပေးနေတဲ့ ယာဉ်တွေထဲက အစီးကိုးရာကျော် ပြေးဆွဲပေးမယ်လို့ စာရင်းတင်ပြထားပါတယ်၊ အရင်နှစ်ထက် အစီးရေ များများနဲ့ လမ်းကြောင်းများများ ပြေးဆွဲပေးနိုင်ဖို့ စီစဉ်နေသလို ယာဉ်စီးခ ပိုတောင်းတာတွေ မရှိအောင်လည်း အထူးကြပ်မတ်သွားမှာ ဖြစ်ပါတယ်၊ သင်္ကြန်ကာလအတွင်းမှာ ယာဉ်လုပ်သားတွေအနေနဲ့ မချေမငံဆက်ဆံတာတွေ၊ ယာဉ်စီးခ ပိုတောင်းတာတွေရှိရင် အရေး ယူနိုင်ဖို့ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို တောင်းထားပါတယ်၊ လာမယ့်လဆန်းပိုင်းမှာ သင်္ကြန်ကာလအတွင်း ပြေးဆွဲပေးမယ့် ယာဉ်အစီးရေ၊ ယာဉ်လိုင်းနံပါတ်တွေနဲ့ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိရင် တိုင်ကြားလို့ရမယ့် နေရာတွေကို ကြေညာပေးပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းပေါင်းတစ်ရာမှ ယာဉ်အစီးရေ ၄,၅၀၀ ကျော်ဖြင့် ပြေးဆွဲနေပြီး သင်္ကြန်ကာလအတွင်း ယာဉ်အစီးရေ ကိုးရာကျော် ပြေးဆွဲပေးရန် လျာထားကြောင်းသိရသည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း YBS ခရီးသည်တင် ယာဉ်စီးခကို ပုံမှန်ယာဉ်စီးခ နှုန်းထားအတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Read 330 times