ယာဉ် လိုင်စင် သက်တမ်း မတိုးခင် ပြင်ဆင်သင့်ထားသော အချက်များ


ယာဉ်ပိုင်ရှင်တိုင်း နှစ်စဉ်မပျက်မကွက် ဆောင်ရွက်ရသော အလုပ်တစ်ခုမှာ ယာဉ်မှတ်ပုံတင် သက်တမ်းတိုးခြင်း ဖြစ်ပါတယ်။ 

 

မော်တော်ယာဉ်ဥပဒေအရ ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရန်တာဝန်သည် ယာဉ်ပိုင်ရှင်၏တာဝန်ဖြစ်ပါတယ်။ သက်တမ်းမကုန်ဆုံးမီ ကြိုတင်၍ သက်တမ်းတိုးထားသင့်ပါတယ်။

 

အထက်ပါ သတ်မှတ်ချက်ကို ကျူးလွန်ပါက ထိုင်သင့်သော ပြစ်ဒဏ်မှာ တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈(က)တွင် ပြဌာန်းထားပါတယ်။

 

ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ကညနရုံးများတွင် ယာဉ်မှတ်ပုံတင်သက်တမ်းမတိုးမီ ယာဉ်စစ်ဆေးခြင့် ခံရပါတယ်။  ယာဉ်စစ်ဆေးခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

 

မော်တော်ယာဉ်ဥပဒေပုဒ်မ (၅)တွင် မော်တော်ယာဉ်ပိုင်ရှင်သည် မော်တော်ယာဉ်ကို အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန် စံချိန်စံညွန်းများနှင့်အညီ ထိန်းသိမ်းပြုပြင်ထားရှိရမည်ဟု ပြဌာန်းထားပါတယ်။

 

ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရန် ယာဉ်ပိုင်ရှင်များအနေဖြင့် ကြိုတင်ပြုပြင် စစ်ဆေးထားသင့်သော အချက်များကို ဖော်ပြပေးလိုက်ပါတယ်။ မော်တော်ယာဉ်စစ်ဆေးခြင်းဆိုသည်မှာ ယာဉ်တစ်စီး၏ ဘေးကင်းလုံခြုံမှု အဆင့်အတန်းနှင့် အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အသုံးပြုမောင်းနှင်ရန် သင့်/ မသင့်ကို အကဲဖြတ်စစ်ဆေးသောလုပ်ငန်းစဉ် ဖြစ်ပါတယ်။

 

ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်စစ်ဆေးခံရန် အသင့်ဖြစ်နေဖို့ ကြိုတင်ပြင်ဆင်ထားရပါတယ်။ မိမိပိုင်မော်တော်ယာဉ်၏ အခြေအနေကိုလိုက်၍ ပြုပြင်ရသောအချက်များ ကွာခြားကြပါတယ်။ ဒါကြောင့် မော်တော်ယာဉ်တိုင်းလိုအပ်သော ယေဘုယျပြင်ဆင်ရမည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

အင်ဂျင်ပိုင်း

========

- စက်နှိုးရလွယ်ရမယ်၊ ဓာတ်ဆီကားဖြစ်စေ၊ ဒီဇယ်ကားဖြစ်စေ စက်နှိုးမော်တာစနစ်ကောင်းအောင် ဆားဗစ်စင် လုပ်ထားပါ။ Fuel System ပုံမှန်အလုပ်လုပ်ရန် လိုအပ်ပါတယ်။ ဆီစစ်ဘူး၊ ဆီပန့်၊ ကာပရိုက်တာ၊ Injector များ ကောင်းနေရပါမယ်။ Ignition System ၏ ပလပ်၊ ပလပ်ကြိုး၊ ဒစ်စတြီဗျူတာ၊ မီးကွိုင် ( Ignition Coil) များ ကောင်းရပါမယ်။

 

- အင်ဂျင်အအေးခံစနစ် ကောင်းရပါမယ်။ အင်ဂျင်အအေးခံစနစ်မှ သာမိုစတတ်၊ water pump ၊ ပန်ကာကြိုး၊ water pipe ၊ ရေတိုင်ကီ၊ Electrical Fan နျင့် Temperature Sensor များ ကောင်းနေရန် စစ်ဆေးပြီး လိုအပ်ချက်များ ပြုပြင်ပါ။ ဘက်ထရီကောင်းး၍ ချာဂျင်အားသွင်းစနစ် မှန်ကုန်ရမည်။ ဘက်ထရီနှင့် AC/Dc ဒိုင်နမို ဆားဗစ်လုပ်ပါ။ ဘက်ထရီချာဂျင် အမ်ပီယာကို တိုင်းပါ။

 

- အင်ဂျင်ဘလောက်နှင့် အင်ဂျင်ခန်းတစ်ခုလုံး သန့်ရှင်းနေအောင် ဆေးကြောပါ။ အင်ဂျင်နံပါတ်နှင့် ချက်စီနံပါတ် ခဲခြစ်နေရာများကို သန့်ရှင်းအောင် ပြုလုပ်ပါ။ Air Cleaner အား ဖုန်ခါ သန့်ရှင်းထားပါ။ အင်ဂျင် မိန်းအွိုင်းဆီးများမှ အင်ဂျင်ဝိုင်ယိုစိမ့်မှုမရှိအောင် စစ်ဆေးပြုပြင်ပါ။

 

- ဒီဇယ်ကားများတွင် စက်နှိုး အထကောင်းစေရန် Heat Plug ဂလိုးမီးများ စစ်ဆေးပါ။ ဒီဇယ်ကားများတွင် ဘက်ထရီနှင့် မော်တာ အထူးကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒီဇယ်ကား အင်ဂျင်စတင်နှိုးခြင်း မြန်ဆန်ရမည်။ စက်နှိုးမော်တာတစ်ချက်ဆွဲရုံဖြင့် စက်နှိုးနိုင်ရမည်။ ဒီဇယ်ကားများတွင် ဘက်ထရီနှင့် မော်တာ အထူးကောင်းမွန်ဖို့ လိုအပ်ပါတယ်။

 

- အင်ဂျင်ဝိုင်များ လဲရန်အချိန်တန်ပါက အင်ဂျင်ဝိုင်နှင့် ဆီစစ်ဘူးများ လဲထားပါ။ Nozzle မကောင်းပါက အသစ်လဲလှယ်ပါ။ ဒီဇယ်ဆားဗစ်ဆိုင်တွင် အင်ဂျင်အကောင်းဆုံး အနေအထားဖြစ်လာစေရန် ချိန်ညှိပါ။ ဓာတ်ဆီကားများ အင်ဂျင်ကျူးနင်း လုပ်ပါ။

 

Drive-trainစနစ်

==========

- ကလပ်၊ ကလပ်ဝါရှာ၊ ကလပ်ပိုက်ပျော့များ ဆီယိုစိမ့်မှု ရှိ မရှိ စစ်ဆေးပါ။ ဂျွိုင်းရှပ်နှင့် ဂျွိုင်းဘောလ်များ ချောင်နေခြင်း ရှိ မရှိ စစ်ဆေးပါ။ ဂီယာထိုးရ ခက်ခဲနေလျှင် ကလပ်ကြောင့်လား၊ ဂီယာဘောက်စ်ကြောင့်လား စစ်ဆေးပါ။

 

ကားအောက်ပိုင်းနှင့် စတီယာရင်

=====================

- ကားအောက်ပိုင်းဆပ်စပန်းရှင်းစနစ်များ ကောင်းရပါမည်။ တိုက်ရော့၊ ဘော်ဂျွိုင်းများ၊ ရော်ဘာဘွတ်များ တင်းနေပါစေ။ ကားအောက်ပိုင်းနှင့် တွဲလျက်ရှိသောအရာမှာ စတီယာရင်လင့်အဆက်များ ဖြစ်ပါတယ်။ တိုက်ရော့ဂေါ်လီသီးများ စားနေပါက အသစ်လဲပါ။

 

- ရှော့အိတ်စ်ဇောဘားများ ကောင်း မကောင်း စစ်ဆေးပါ။ ကားဘီး အလိုင်းမန့် ချိန်ပါ။ ပါဝါပန့်ကို စစ်ဆေးပါ။

 

ဘရိတ်စနစ်

=======

- ကားဘီးအားလုံး ဘရိတ်အမိ ညီညာရမည်။ ဘရိတ်ရှူးများအသံမထွက်ရ၊ ဘရိတ်စနစ်ညံ့ပါက စိတ်ချရအောင်လုပ်ပါ။ ဘရိတ်လေးဘီးစလုံးဒေါင်း၍ ဆားဗစ်စင်လုပ်ပါ။ ဘရိတ်ရှူးခြမ်းများ ပြန်ချိန်ပါ။ ဆီယိုနေသော ဝါရှာများ လဲလှယ်ပါ။

 

- ဆာဘိုယူစနစ် မကောင်းပါက စစ်ဆေးပြုပြင်ပါ။ Hand Brake ကောင်းရမည်။

 

Lighting မီးထွန်းစနစ်

==============

- ရှေ့မီးကြီး၊ အချက်ပြမီး၊ ဘရိတ်မီး၊ Side Lamp မီး၊ Back-up မီး၊ လိုင်စင်နံပါတ်ပြားမီးများ အားလုံးကို စစ်ဆေးပါ။ ဟွန်းသံမြည်ရပါမည်။ ဝိုက်ပါမော်တာနှင့် ဝိုက်ပါအရါက်များ ကောင်းရပါမည်။

 

- နောက်ကြည့်မှန်များ ပြည့်စုံရပါမည်။ ကားမှန်များ စတစ်ကာကပ်မထားပါနှင့်။ ကားခေါင်မိုးပေါ်မှာ စင်များ၊ ဘောက်များ၊ ဝက်ခြံများ ဖြုတ်ချထားပါ၊

 

တာယာဘီးများ

==========
တာယာဘီးပန်းသားများထုအကျန် အနည်းဆုံး ၂၅ ရာခိုင်နှုန်းခန့် ကျန်ရပါမည်။ လိမ်နေသော တာယာ၊ ကြိုးပေါ်နေသော တာယာ၊ ပန်းထိုးထားသော တာယာမဖြစ်ရပါ။ Spare တာယာဘီးပါ ကောင်းရပါမည်။ တာယာလေးလုံးစလုံး ဘက်ညီရပါမည်။ လေပေါင်ဖိအား မှန်ရပါမည်။

 

အိပ်ဇောစနစ်

========

အိတ်ဇောပိုက်မှ မီးခိုးအလွန်အကျွံ မထွက်ရပါ။ Exhaust Emission Test လုပ်ပါက Catalytic Converter ( ကျောက်ဆန်ခါ) ကောင်းရပါမည်။ အိပ်ဇောမာဖလာဘူးပေါက်နေပါက အိပ်ဇောဘူးအသစ် လဲထားပါ။ ပါဝါအိပ်ဇောဘူး လုံးဝလက်မခံပါ။ အိပ်ဇောဆူညံသံ မထွက်ရပါ။

 

ကားဘော်ဒီနှင့် ဆေးရောင်

==================

ကားဘော်ဒီ အနာအဆာအပေါက်အပြဲ၊ သံကြေး(ချေး)တက်သောနေရာများကို ဖာထေးဖြတ်ဆက်ပါ။ ဆေးပြန်မှုတ်ပါ။

 

ကားဘော်ဒီဆေးများ၊ မြင်မကောင်းအောင်ထွက်နေပါက ဘော်ဒီဆေးပြန်မှုတ်ထားပါ။ မိမိကားသည် သက်တမ်းကြာ အပြစ်အနာအဆာများနေ၍ ပြုပြင်စရာများလျှင် ကြိုတင်ပြုပြင်ပါ။ ကားပြင်လျှင် အချိန်ပေးရပါတယ်။ ဆေးဘော်ဒီပြင်ရလျှင် ပို၍အချိန်ပေးရပါတယ်။

 

ကားတစ်စီးအားစစ်ဆေးရန် ကြိုတင်ပြင်ဆင်ထားခြင်းသည် မိမိကားဘေးကင်းလုံခြုံရေး အဆင့်မြှင့်တင်ခြင်း ဖြစ်ပါတယ်။ လမ်းပေါ်တွင် ဖြစ်ပွားရသော ယာဉ်မတော်ဆမှုများတွင် ယာဉ်၏ အားနည်းချက်၊ ချွက်ယွင်းချက်များကြောင့် ဖြစ်ပွားရသော Accident အရေအတွက်သည် ယာဉ်မတော်တဆမှုအားလုံး၏ ၁၆ ရာခိုင်နှုန်းရှိသည်ကို သတိပြုပါ။

 

သင့်ကားသည် အမြဲလုံခြုံစိတ်ချရသော အခြေအနေမျိုးတွင် ရှိနေခြင်းသည် သင်နှင့် သင့်မိသားစု၏ ဘေးကင်းလုံခြုံရေးအတွက်ဖြစ်သလို လမ်းအသုံးပြုသူများအားလုံးအတွက်လည်း ဘေးကင်းစေပါတယ်။

Automobile

Read 11444 times