ကားအင်ဂျင်တစ်လုံး ပုံမှန်လည်ပတ်နေရန် စနစ်ပေါင်းများစွာနှင့် ဖွဲ့စည်းထားပါသည်။
စနစ်တစ်ခုနှင့်တစ်ခုလည်း ဆက်နွယ်နေသောကြောင့် စနစ်တစ်ခုခုချွတ်ယွင်းသည်နှင့် အင်ဂျင်လည်ပတ်မှုနှင့် အင်ဂျင်စွမ်းဆောင်ချက်များကို ထိခိုက်စေပါသည်။
အင်ဂျင်တစ်လုံးတွင် အရေးကြီးသော စနစ်များမှာ ချောဆီပို့စနစ်၊ လောင်စာဆီပို့စနစ်၊ အင်ဂျင်အအေးခံစနစ်၊ မီးပေးစနစ်၊ စက်နှိုးမော်တာစနစ်၊ ချာဂျင်အားသွင်းစနစ်၊ မီးထွန်းစနစ် စသည်တို့ဖြစ်ပါသည်။
ခေတ်ပေါ်အင်ဂျင်များတွင် အင်ဂျင်လည်ပတ်မှုအခြေအနေ အမျိုးမျိုးကို ကွန်ပျူတာစနစ်က ထိန်းချုပ်ပါသည်။
အင်ဂျင်တစ်လုံး သက်တမ်းကြာရှည်ခံရန် ကားမောင်းသူအပေါ်မှာ မူတည်နေပါသည်။
ကားအင်ဂျင်တစ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ရန် အခြေခံအချက်များကို သိရှိထားရန် လိုပါသည်။
ယာဉ်မောင်းသူ၏အမှားကြောင့် အင်ဂျင်တစ်လုံး၏ လည်ပတ်လှုပ်ရှားမှုများ မူမမှန်တော့ဘဲ အချိန်မတိုင်မီ အင်ဂျင်ပျက်စီး သွားနိုင်ပါသည်။
ကားအင်ဂျင်တစ်လုံး၏ သက်တမ်းသည် ပုံမှန်ပြုပြင်ထိန်းသိမ်းပေးခြင်းအပြင် မောင်းနှင်သူ၏ အပြုအမှုနှင့် အသိတရားများ အပေါ်တွင်လည်း မူတည်နေပါသည်။
အင်ဂျင်တစ်လုံးလည်ပတ် အလုပ်လုပ် နေစဉ်အတွင်း ကြီးမားစွာ ပျက်စီးသွား စေနိုင်သည့် အချက်များကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်ထားရန် လိုပါသည်။
ကားအင်ဂျင်တစ်လုံး၏ အတွင်းမှာ လောင်စာဆီများ ပြင်းထန်စွာ ပေါက်ကွဲပြီး အပူချိန်များ မြင့်မားစွာ ဖြစ်ပေါ်နေပါသည်။
အတွင်းမီးလောင်ပေါက်ကွဲမှု အင်ဂျင်များမှာ အင်ဂျင်အအေးခံစနစ်နှင့် အင်ဂျင်ချောဆီပို့စနစ်များ ပုံမှန် အခြေအနေမှာ ရှိနေရပါသည်။
ထိုစနစ်များ ပုံမှန်မဟုတ်တော့ဘဲ ချွတ်ယွင်းအားနည်းချက်များ ဖြစ်ပေါ်လာသည်နှင့် အင်ဂျင်အတွင်းပိုင်းပစ္စည်း များကို ကြီးမားစွာထိခိုက်ပျက်စီးသွားစေပါသည်။
အင်ဂျင်တစ်လုံးကို ထိခိုက်ပျက်စီးမှု ကြီးမားစေသည့် အဓိကအချက်ကြီး ၃ ချက်မှာ-
၁။ အအေးခံစနစ်ချွတ်ယွင်းပြီး အင်ဂျင်အပူ ချိန်အလွန်အမင်း မြင့်တတ်သွားခြင်း (Over Heating) ။
၂။ ချောဆီပို့စနစ်အားနည်းပြီး အင်ဂျင်ဝိုင် မရောက်ခြင်းကြောင့် ဘယ်ရင်ခြမ်းများ လုံး၀ ပျက်စီးသွားခြင်း။
၃။ အင်ဂျင်မီးခေါက်သံများ ပြင်းပြင်းထန် ထန် ဖြစ်ပေါ်ခြင်းကြောင့် အင်ဂျင် အစိတ်အပိုင်းများ ပျက်စီးသွားခြင်း။
အထက်ပါ အကြောင်းတရားများကြောင့် အင်ဂျင်တစ်လုံး ထိခိုက်ပျက်စီးမှုက အကြီးစား ပြန်ပြင်ရသည်အထိ ဖြစ်သွားနိုင်ပါသည်။
အင်ဂျင်ချပြီး အင်ဂျင်အစိတ်အပိုင်းများ အသစ်လဲပေးရသည်အထိ ကုန်ကျစရိတ်များ များသွားနိုင်ပါသည်။
အင်ဂျင်ပြန်ကိုင်ရသည်ဆိုခြင်းမှာ မူလအော်ရီဂျင်နယ် အင်ဂျင်လောက်တော့ မကောင်းတော့ပေ။
အဘယ်ကြောင့်ဆိုသော် ပြန်လဲပေးလိုက်သည့် Engine Parts များက အော်ရီဂျင်နယ် အစိတ်အပိုင်း လောက် မကောင်းသောကြောင့် ဖြစ်ပါသည်။
ကားပစ္စည်း ဈေးကွက်တွင် ပြန်ဝယ်၍ ရသည့် ပစ္စတင်များ၊ ပစ္စတင် ရိန်းကွင်းများ၊ ဘယ်ရင်ခြမ်းများ၏ quality က အော်ရီဂျင်နယ်လောက် မကောင်းသောကြောင့်ဖြစ်ပါသည်။
ထို့ကြောင့် တစ်ချို့ကားပိုင်ရှင်များက အင်ဂျင်ပျက်စီးမှုများလျှင် ပြန်မပြင်တော့ဘဲ အင်ဂျင်တစ်လုံးသာ ဝယ်ထည့်လိုက်ပါသည်။
အင်ဂျင်တစ်လုံး ပုံမှန်လည်ပတ်ပြီး အလုပ်လုပ်နိုင်ရန် လေနှင့် လောင်စာဆီရောစပ်မှု အချိုးအစား မှန်ရပါသည်။
မီးပေးစနစ်အားကောင်းပြီး မီးတိုင်မင် မှန်ရသည်။ အင်ဂျင်ဝိုင်လည်ပတ်မှု ပုံမှန်ဖြစ်ရမယ်။ မှန်ကန်သော အင်ဂျင်ဝိုင်ကို ရွေးချယ်သုံးထားရမည်။
ကားမောင်းသည့် အပြုအမူစတိုင်က ကြမ်းတမ်းခက်ထန်မှုမျိုး မဟုတ်ဘဲ ပုံမှန်အနေအထား စနစ်တကျ ရှိရမယ်။ အင်ဂျင်မီးခေါက်သံ မဖြစ်ပေါ် ရဘူး။ သုံးတဲ့ဓာတ်ဆီ အရည်အသွေး မှန်ရမယ်။
ထိုအချက်များနှင့်ကိုက်ညီအောင် ကားမောင်းသူက ဂရုစိုက်ထိန်းသိမ်းရန် လိုပါသည်။
ကားတစ်စီးကို စက်မနှိုးခင် စစ်ဆေးသင့်သည့် အရာများကို အမြဲစစ်ဆေးရန် လိုပါသည်။
ပုံမှန်ပြုပြင် ထိန်းသိမ်းမှုများကို သတ်မှတ် ကာလအတွင်း လုပ်ပေးရန် လိုပါသည်။
ကားမောင်းနေစဉ်မှာလည်း မိမိကား အခြေအနေ ပြောင်းလဲမှုကို ချက်ချင်း သိနိုင်အောင် အာရုံစိုက်ရန် လိုပါသည်။
ကားဒက်ချ်ဘုတ်ပေါ်က ဒိုင်ခွက်မီတာများ သတိပေးမီးများကို အာရုံစိုက်ရန် လိုအပ်ပါသည်။