ကမ္ဘာ့အနိမ့်ဆုံးကားအဖြစ် စံချိန်သစ်တင်ခဲ့သည့် ဂျပန်အထက်တန်းကျောင်းမှ တီထွင်ခဲ့သည့် Mirai


ဂျပန်နိုင်ငံ၊ Asakuchi မြို့မှာတွင်တည်ရှိသော Okayama Sanyo အထက်တန်းကျောင်းသည် မော်တော်ကားလောကတွင် ထူးထူးခြားခြား ကမ္ဘာ့စံချိန်တင်ခဲ့သည့် ကားတစ်စီးကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၅ ရက်ခန့်က တီထွင်မိတ်ဆက်ပြသသွားခဲ့ပါသည်။ အနာဂတ်ဟု အဓိပ္ပာယ်ထွက်ရန် ဂျပန်ဘာသာဖြင့် Mirai လို့ အမည်ပေးထားသည့်ကားသည် ယခင်ကမ္ဘာ့အနိမ့်ဆုံးကားအဖြစ် စံချိန်တင်ထားသော Flatmobile ထက်နိမ့်ပြီး ၂၀၁၃ ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင် ဖော်ပြခံခဲ့ရပါသည်။ 

Okayama Sanyo အထက်တန်းကျောင်း၏ The Automobile Engineering Course က ဆရာများနှင့် ကျောင်းသားများ စုပေါင်းဖန်တီးခဲ့သော Mirai သည် ဘက်ထရီ ခြောက်လုံးဖြင့်မောင်းရသည့် ကားအမျိုးအစားဖြစ်ပြီး Driving Unit (မိုတာ၊ ဘက်ထရီ အပါအဝင် ထိန်းကျောင်းမှု အစိတ်အပိုင်းများ)ကို ဂျပန် CQ ကားကုမ္ပဏီကထုတ်သော Q-car ဆီက ရယူသုံးစွဲထားခြင်း ဖြစ်ပါသည်။

Mirai ၏ သံမဏိအောက်ခံထည်၊ ကားကိုယ်ထည်၊ ဆိုင်းထိန်းစနစ်၊ စတီယာရင်စနစ်၊ LED မီးလုံးများ၊ ထိုင်ခုံများနှင့် တခြားအစိတ်အပိုင်းများကို Okayama Sanyo အထက်တန်းကျောင်းတွင်သာ ဖန်တီးထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ တစ်နှစ်ကျော်ကြာ ကြိုးပမ်းဖန်တီးခဲ့ရသည့် Mirai ၏ မြေပြင်ကနေ အမြင့်ဆုံး အစိတ်အပိုင်းက ၄၅ ဒသမ ၂ စင်တီမီတာ (၁၇ ဒသမ ၇၉လက်မ)သာရှိ၍ ကမ္ဘာ့အနိမ့်ဆုံးကားအဖြစ် စံချိန်သစ်တင်ခဲ့ခြင်းမှာ လက်ရှိအချိန်အထိဖြစ်ပါသည်။ ယခင်ကမ္ဘာ့အနိမ့်ဆုံးကားအဖြစ် စံချိန်တင်ထားခြင်းက ၂၀၀၈ ခုနှစ်တွင်ထွက်ပေါ်ခဲ့သော ဂျက်အင်ဂျင်တပ်ထားပြီး ၄၈ စင်တီမီတာ(၁၉ လက်မ) မြင့်သည့် Flatmobile ဖြစ်ပါသည်။

Mirai ကို လမ်းမကြီးများတွင်မာင်းလျှင် သည်းထိတ်ရင်ဖိုစရာ ကောင်းလှပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်နာရီ ကီလိုမီတာလေးဆယ်ကျော်အရှိန်နှုန်းနှင့် မောင်းနှင်ချိန်တွင် မောင်းသူမျက်လုံးဆုံမှတ်သည် လမ်းနှင့်အလွန်ပင်နီးကပ်နေသလို တခြားကားကြီးများက ကျော်ဖြတ် တက်နင်းသွားနိုင်သည့်အရေး ကြောက်ရသည့်အတွက်ဖြစ်ပါသည်။

Okayama Sanyo အထက်တန်း ကျောင်းအုပ် Harada Kazunari က အသွားအလာ ရှုပ်ထွေးသောလမ်းတွင် Mirai ကို မောင်းမည်ဆိုလျှင် ရှေ့ကဦးဆောင်လမ်းပြသည့် ကားတစ်စီးအပြင် နောက်က လိုက်ပါစောင့်ရှောက်သည့် ကားတစ်စီးရှိရမည်ဟု စည်းမျဉ်းဥပဒေ သတ်မှတ်ထားကြောင်း ဆိုပါသည်။ စမ်းသပ်မောင်းနှင်မှုအရ Mirai သည် လမ်းပေါ်မှာ ပုံမှန်ကားတစ်စီးကဲ့သို့မောင်နှင်နိုင်သော အရည်အသွေးရှိသကဲ့သို့ ကားပါကင်ဆင်ခြေလျှောကို အတက်အဆင်းလုပ်သည့်အခါတွင်လည်း အခက်အခဲမရှိပေ။ Okayama Sanyo အထက်တန်းကျောင်းသည် Mirai ကမ္ဘာ့အနိမ့်ဆုံးကား မဖန်တီးခင် ကုန်း၊ရေနှစ်ထွေသွား Amphibious Car နှင့် ကြီးမားသော လေဟုန်စီးယာဉ် (Glider Plane) တို့ကို အောင်မြင်စွာ တည်ဆောက်ခဲ့ဖူးပါသည်။

 

Read 698 times