မည်သည့်နာမည်ကျော် တန်ဖိုးကြီးသော ကားမျိုးဖြစ်စေ၊ ကားကောင်းတစ်စီးထွက်ရှိလာရန် ထိုကား၏ အဓိကဇာတ်မြစ်ဖြစ်သော ကားစက်ရုံကောင်းကောင်းရှိရန်မှာ အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။
ကားထုတ်လုပ်သူများကလည်း ၎င်းတို့၏ စက်ရုံများကို ခေတ်နှင့် လျှော်ညီအောင် အမျိုးမျိုးမွမ်းမံလေ့ရှိပြီး နည်းပညာအပြင်အဆင်ကြောင့် လူအများစိတ်ဝင်စားခံရသကဲ့သို့ သက်တမ်းကြာရှည် ရပ်တည်နေခြင်းကြောင့်
လူအများလေးစားမှုကို ရရှိနေသော ကားစက်ရုံကြီးများလည်း ရှိပါသည်။
ထို့ကြောင့် ယခုလက်ရှိ လည်ပတ်နေဆဲဖြစ်သော ကမ္ဘာ့အကြီးကျယ်ဆုံး ကားစက်ရုံ ၆ ခုကို စုစည်းဖော်ပြလိုက်ပါသည်။
၁။ AMG – Affalterbach, Germany
ဇိမ်ခံမော်တော်ကားအမှတ်တံဆိပ် အများအပြားမွေးဖွားရာ ဂျာမနီနိုင်ငံ၊ Stuttgart မြို့အနီးရှိ Affalterbach နယ်တွင် တည်ရှိသော Mercedes-Benz ပိုင် AMG ကားစက်ရုံကြီးသည် ၁၉၇၆ ခုနှစ်ကတည်းက
စွမ်းဆောင်ရည်မြင့် Mercedes – AMG ကားမိုဒယ်များကို ထုတ်လုပ်ပေးခဲ့ပါသည်။
Affalterbach သည် AMG ရုံးချုပ်ရှိရာ နေရာအဖြစ် နာမည်ကျော်ကြားပြီး ထိုနေရာတွင် လက်လုပ်အင်ဂျင်များကို တပ်ဆင်တည်ဆောက်ပါသည်။
ယခင်က Mercedes ကားမွမ်းမံရေးလုပ်ငန်းနှစ်လောက်က ပိုင်ဆိုင်ခဲ့ဖူးသော AMG ကို Mercedes – AMG ဟု လူသိများပြီး Mercedes-Benz ကားကုမ္ပဏီကသာ အပြည်အဝပိုင်ဆိုင်ထားပါသည်။
၂။ Chevrolet Corvette – Bowling Green, Kentucky
ယခုဖော်ပြနေသော အကြီးကျယ်ဆုံးကားစက်ရုံများစာရင်းတွင် ပါဝင်သော စက်ရုံအများအပြားသည် ဆိုင်ရာကုမ္ပဏီက ကားမိုဒယ်အားလုံးကို ထုတ်လုပ်လေ့ရှိသော စက်ရုံများဖြစ်ပါသည်။
သို့သော် အမေရိကန် ပြည်ထောင်စု၊ ကန်တပ်ကီပြည်နယ်၊ Bowling Green တွင် တည်ရှိသော Chevrolet ကားစက်ရုံမှာ နာမည်ကျော် Chevrolet Corvette ပြိုင်ကား မိုဒယ်ကိုသာ သီးသန့်ထုတ်လုပ်ပါသည်။
Corvette ကားများကို မီရှီဂန်ပြည်နယ်၊ Flint တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ္စကို စက်ရုံပြောင်းရွှေ့ခဲ့ပါသည်။
Bowling Green စက်ရုံတည်ဆောက်ပြီးချိန်တွင် Corvette သီးသန့်ထုတ်လုပ်သော စက်ရုံအဖြစ် ထပ်မံရွှေ့ပြောင်းခဲ့ခြင်းမှာ နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပြီဖြစ်ပါသည်။
၃။ Bentley – Crewe, England
ကမ္ဘာ့တန်ဖိုးကြီး ဇိမ်ခံကားအမှတ်တံဆိပ်တစ်ခုဖြစ်သော Bentley ကားများကို အင်္ဂလန်နိုင်ငံ၊ Crewe က ကုမ္ပဏီပိုင်စက်ရုံတွင် လက်ရှိထုတ်လုပ်တည်ဆောက်နေပါသည်။
ထိုကားစက်ရုံသည် ၁၉၃၈ ခုနှစ် ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး Rolls-Royce အမှတ်တံဆိပ်တပ် လေယာဉ်အင်ဂျင်များကို တည်ဆောက်ခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်တွင် ထိုစက်ရုံတွင် ကားများကို ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။
ထိုစက်ရုံကြီးတွင် နှစ်ပေါင်းများစွာကြာအောင် Bentley နှင့် Rolls-Royce ကားများကို ထုတ်လုပ်လာခဲ့သော်လည်း Volkswagen က Bentley ကို ဝယ်ယူပြီးချိန်တွင် Crewe စက်ရုံတွင် Bentley ကားများကိုသာ
သီးသန့်တပ်ဆင်ထုတ်လုပ်ခဲ့ပါသည်။
၄။ Rolls-Ryoce – Goodwood, England
BMW သည် Rolls-Ryoce ကားကုမ္ပဏီကို ဝယ်ယူပြီးချိန်တွင် ကားများကို ထုတ်လုပ်နိုင်သော်လည်း နေရာသစ်တစ်ခုလိုအပ်လာပါသည်။
ဂျာမန်ကုမ္ပဏီက ပိုင်ဆိုင်ထားသော်လည်း ဗြိတိသျှအမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက် ထိန်းသိမ်းထားသည့် အနေဖြင့် အင်္ဂလန်နိုင်ငံက Goodwood Circuit ကားပြိုင်ကွင်းကြီးအနီးက နေရာတွင်သာ
စက်ရုံတည်ဆောက်ခဲ့ပြီး Rolls-Ryoce ကားများ တည်ဆောက်ထုတ်လုပ်ခဲ့ပါသည်။
Rolls-Ryoce ၏ ကားစက်ရုံနှင့် ရုံးချုပ်သည် ကားစက်ရုံဖြစ်သော်လည်း အသေအချာဖန်တီးစိုက်ပျိုးထားသော သစ်ပင်များကြောင့် စိမ်းစိမ်းစိုစိုရှိနေပါသည်။
၅။ Lotus – Hethel, England
Lotus ကဲ့သို့ ပြိုင်ကားကုမ္ပဏီတစ်ခုအတွက် ကား၏ ပြိုင်ကွင်းတွင် မောင်းနှင်နိုင်သော စွမ်းဆောင်ရည်က အရေးကြီးလှခြင်းကြောင့် ကားစက်ရုံအတွင်းတွင် စမ်းသပ်မောင်းနှင်စရာ ကားပတ်လမ်းကြီးကို
အသေအချာထည့်သွင်းဖန်တီးထားပါသည်။
၁၉၆၆ ခုနှစ်တွင် Lotus သည် အင်္ဂလန်နိုင်ငံအတွင်းက ဒေသတွင်းလေယာဉ်ကွင်းတစ်ခုရှိရာ Hethel မြို့ကို ပြောင်းရွှေ့အခြေစိုက်ပြီး ကားစက်ရုံတည်ဆောက်ခဲ့ပါသည်။ု
Lotus သည် လေယာဉ်ကွင်းကြီးကို သူ့ကိုယ်ပိုင်ကားစမ်းသပ်မောင်းနှင်ရာ ပတ်လမ်းကြီးဖြစ်လာရန်အတွက် နှစ်ပေါင်းများစွာကြာအောင် ကြိုးစားအားထုတ်ခဲ့ပါသည်။
ယခုလက်ရှိတွင် Lotus ကို မလေးရှားကားကုမ္ပဏီ တစ်ခုဖြစ်သော Proton ကပိုင်ဆိုင်ထားသော်လည်း Hethel မှာသာ ရုံးချုပ်နှင့်စက်ရုံ အခြေစိုက်ရှိနေတုန်းပဲဖြစ်ပါသည်။
၆။ Mazda – Hiroshima, Japan
Mazda ကားကုမ္ပဏီသည် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ကြီးတွင် အခြေစိုက်တည်ရှိခဲ့သည်မှာ နှစ်ပေါင်း တစ်ရာနီးပါးရှိခဲ့သော်လည်း ယခုအချိန်အထိ ဟီရိုရှီးမားကျွန်းပေါ်တွင် ရုံးချုပ်နှင့် ကားစက်ရုံတည်ရှိပါသည်။
ယခင်က Toyo Cork Kogyo ကုမ္ပဏီဟု အမည်တွင်ပြီး ကုမ္ပဏီထုတ်ကားများကို Mazda ဟု အမြဲခေါ်ဝေါ်ခဲ့သော်လည်း ၁၉၈၀ ပြည်နှစ်လွန်ကာလများအထိ Mazda ကုမ္ပဏီဟု တရာဝင်မမှည့်ခေါ်သေးကြောင်း
သိရပါသည်။