ဒေါ်လာ၁.၇၅သန်းဖြင့် လေလံဆွဲခဲ့တဲ့ တိုက်ကြေ Enzo


ဒေါ်လာ၁.၇၅သန်းဖြင့် လေလံဆွဲခဲ့တဲ့ တိုက်ကြေ Enzo

ရှားပါးအရောင်ဖြူ Ferrari Enzo လေလံတင်တော့မှာ ဖြစ်ပါတယ်။

Ferrari Enzo တွေထဲမှာစက်ရုံမှ အဖြူရောင်ဖြင့် တစ်စီးတည်းသာ ထုတ်လုပ်တဲ့ Ferrari Enzo ကို လာမယ့် ဇွန်လ ၂၉ ရက်မှာ RM Sotheby's က ၂၄ နာရီ အွန်လိုင်းလေလံ စတင်ပါမယ်။။ ဇွန်လ ၃၀ ရက်မှာ လေလံပြီးဆုံးပါမယ်။

 

Ferrari က  Enzo မော်ဒယ် အစီး ၄၀၀ မျှသာ ထုတ်လုပ်ခဲ့ပါတယ်။ Enzo အစီး ၄၀၀ မှာ အစီး ၂၀ ကို Ferrari အိမ်စီးပြိုင်ကားတွေမှာ သုံးစွဲနေကျ စံအရောင်တွေ အသုံးမပြုဘဲ ထုတ်လုပ်ခဲ့ပါတယ်။ ယခုလေလံတင်မယ့် Enzo က Ferrari အိမ်စီးပြိုင်ကားတွေအကြား ရှားပါးအရော င်Enzo အုပ်စု အစီး ၂၀ မှာ ပါဝင်ပါတယ်။ ကိုယ်ထည်အရောင်က Bianco Avus အဖြူရောင် ဖြစ်ပါတယ်။ချာစီနံပါတ်က 133023 ဖြစ်ပါတယ်။

ကားတည်ဆောက်တာ ၂၀၀၃ မေလ ၂၂ ရက်မှာ ပြီးစီးပါတယ်။ 

 Enzo မော်ဒယ်က Ferrari ရဲ့ အထင်ကရ flagship စူပါကားဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်လွန်မှာ ထုတ်လုပ်ခဲ့ပါတယ်။ ကာဘွန်ဖိုင်ဘာ ချာစီ၊ ‌ခြေနင်းဖြင့် ပြောင်းတဲ့  ဂီယာ ၆ ချက်၊ 6.0-liter V-12 အင်ဂျင် ၊ ပါဝါ 650 hp ၊ ရုန်းအား 485 lb-ft ၊ နောက်ဘီးယက် စူပါကား ဖြစ်ပါတယ်။

 သုညမှ တစ်နာရီ ၆၂ မိုင်သို့ ၃.၆ စက္ကန့် ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။ အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၂၁၇ မိုင်အထိ ပြေးနိုင်ပါတယ်။

 ယခုခေတ် အိမ်စီးပြိုင်ကားတွေနှင့် နှိုင်းယှဉ်ရင် သိမ်ငယ်စရာ ဖြစ်နေပေမဲ့ သူ့ခေတ်သူ့အခါမှာတော့ အမြန်ဆုံး အိမ်စီးပြိုင်ကား စားရင်ဝင်ပါတယ်။

လေလံတင်မယ့် Chassis 133023 Enzo က ၂၀၁၂ ခုနှစ်မှာ Ferrari Classiche လက်မှတ် ရရှိခဲ့ပါတယ်။ 

Classiche certification ရဖို့ အဓိကအားဖြင့် အချက် ၄ ချက်နှင့် ညီညွှတ်ရပါမယ်။

၁။ မော်တော်ယာဉ်က လွန်ခဲ့တဲ့ အနည်းဆုံး နှစ်ပေါင်း  ၂၀ တုန်းက ထုတ်လုပ်တဲ့ကား ၊ သို့မဟုတ် စီးရေကန့်သတ်ထုတ်လုပ်တဲ့မော်ဒယ်၊ သို့မဟုတ် အထူးသီးသန့်စီးရီး မော်ဒယ် ဖြစ်ရပါမယ်။

၂။ မော်တော်ယာဉ်က အပြည့်အဝ အလုပ်လုပ်ရပါမယ်။ 

၃။ မော်တော်ယာဉ် တစ်စီးလုံး မူရင်းမူလ အော်အစစ် original authentic ပစ္စည်း အစိတ်အပိုင်းတွေချည်း ဖြစ်ရပါမယ်။

၄။ Ferrari Classiche စစ်ဆေးရေးအဖွဲ့မှ ကျွမ်းကျင်သူများက တင်းတင်းကျပ်ကျပ် ပြင်းပြင်းထန်ထန် စစ်ဆေးမှုကို ခံယူပြီး အောင်မှတ် ရရှိရပါမယ်။

Chassis 133023 Enzo က ဟောင်ကောင်မှာ ရှိနေခဲ့တာမို့ ဟောင်ကောင်မှ Ferrari တရားဝင် ကိုယ်စားလှယ်ထံမှာ နှစ်ပတ်လည် စစ်ဆေးပြုပြင်ထိန်းသိမ်းမှု ခံယူထားပါတယ်။ 

လေလံတင်မှာဖြစ်လို့ Chassis 133023 Enzo ကို ဟောင်ကောင်မှ ကနေဒါသို့ ရွှေပြောင်းထားပါတယ်။ လေလံအောင်တဲ့သူထံ ကနေဒါမှ တင်ပို့ပေးမှာ ဖြစ်ပြီး သယ်ယူပို့ဆောင်မှုကို လေလံအောင်သူက တာဝန်ယူ စီစဉ်ရမှာ ဖြစ်ပါတယ်။ RM Sotheby's က  အကူအညီများ ပေးအပ်ပါမယ်။ ကနေဒါမှာ ယာယီသိမ်းဆည်းပေးထားတာဖြစ်လို့ လေလံအောင်ပြီးတဲ့အခါ ကားကို သယ်ယူပို့ဆောင်ဖို့ ချက်ချင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

လေလံစာမျက်နှာ

https://rmsothebys.com/en/auctions/we22

Chassis 133023 Enzo က ကားအသန့်ဖြစ်ပါတယ်။ ဈေးအမြင့်ကို ရလိမ့်မယ်လို့ မျှော်မှန်းနိုင်ပါတယ်။

၂၀၁၆ မှာ တိုက်ကြေ Enzo တစ်စီးကို ပြန်သပြီး လေလံတင်ခဲ့တာ အမေရိကန်ဒေါ်လာ ၁.၇ သန်း ရရှိခဲ့ပါတယ်။

တိုက်ကြေ Enzo 

အဲဒီ တိုက်ကြေ Enzo က နာမည်ကြီးပါတယ်။ ကားက ခိုးရာပါ စူပါကား Enzo ဖြစ်ပြီး တိုက်ကြေတဲ့ဘဝ ရောက်အောင် မောင်းခဲ့သူ Bo Stefan Eriksson က ရာဇဝင်လူဆိုး ဖြစ်တာ‌ကြောင့် ယာဉ်တိုက်မှု ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ကားဖြစ်ပေမဲ့ လေလံမှာ အမေရိကန်ဒေါ်လာ ၁.၇ သန်း ရရှိခဲ့ပါတယ်။

ရာဇဝင်လူဆိုး Bo Stefan Eriksson က ဆွီဒင်သား ဖြစ်ပြီး အရှုံးပေါ်နေတဲ့ ဗီဒီယိုဂိမ်းလုပ်ငန်း Gizmondo လုပ်ကိုင်သူဖြစ်ပြီး ဂိမ်းလုပ်ငန်းက အကြွေး သန်း ၂၀၀ ကျော်တင်ခဲ့ရာမှ ဒေဝါလီခံ လိုက်ပါတယ်။

သူ့မှာ Ferrari Enzo ၂ စီးနှင့် McLaren SLR ၁ စီးရှိပါတယ်။ တိုက်ကြေဖြစ်သွားတဲ့ Enzo ချာစီနံပါတ်က 135564 ဖြစ်ပါတယ်။ အရက်မူးပြီး တစ်နာရီ မိုင် ၁၆၀ ဖြင့် မောင်းနှင်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သူက ဖြောင့်ချက်ပေးပါတယ်။

Eriksson ရဲ့အခြားအမှုတွေက ကားခိုးမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ အလွဲသုံးစားမှုတို့ ဖြစ်ပါတယ်။ အမေရိကန်သို့  ရောက်မလာခင် ဆွီဒင်နိုင်ငံမှာ နေထိုင်ခဲ့စဉ်ကလည်း ရာဇဝတ်မှုဖြင့် ထောင်ကျဖူးပါတယ်။

သူ့မှာ ရှိနေတဲ့ Ferrari Enzo ၂ စီးနှင့် McLaren SLR ၁ စီးတို့က ခိုးရာပါကားတွေလို့ သတင်းထွက်ပေါ်ပါတယ်။ ဗြိတိန်မှာ ခိုးယူခဲ့ပြီး အမေရိကန်နိုင်ငံထဲသို့  မှောင်ခိုသွင်းထားတဲ့ကားတွေလို့ ဆိုကြပါတယ်။

 ချာစီနံပါတ် 135564 Enzo ဖြင့် ပစိဖိတ်ကမ်းခြေ အမြန်လမ်းမှာ တာတိုကားပြိုင်ပွဲ drag race ပြိုင်ခဲ့ကြပါတယ်။ 

Mercedes-Benz SLR McLaren မောင်းတဲ့သူနှင့် Enzo မောင်းတဲ့ Eriksson တို့ ပြိုင်မောင်းကြစဉ် Eriksson က အရှိန်မထိန်းနိုင်ဘဲ Enzo ကို တိုက်ကြေအဖြစ်သို့ ရောက်စေခဲ့ပါတယ်။ ကား နှစ်ပိုင်းပြတ်သွားပြီး နောက်ပိုင်းက လမ်းပေါ်မှာ တစ်စစီ ပြန့်ကြဲသွားခဲ့ပါတယ်။

တိုက်ကြေကားက အရည်ကြိုဆီသို့ ရောက်မသွားဘဲ ဝါသနာအိုးဆီကို ရောက်သွားပါတယ်။

အမည်ထုတ်ဖော် ပြောကြားခြင်း မပြုသူက အကောင်းပကတိ ပြန်ဖြစ်အောင် ပြုပြင်ပေးခဲ့ပါတယ်။ 

ပြင်သစ်နိုင်ငံ ပါရီမြို့ RM Auctions လေလံတင်ပါတယ်။ ကန်ဒေါ်လာ ၁.၆ သန်းနှင့် ၂.၂သန်းကြားမှာ ရရှိလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ထင်ကြေးပေးခဲ့ကြပါတယ်။ ယူရို ၁,၅၆၈,၀၀၀(ကန်ဒေါ်လာ ၁.၇၅ သန်း) ဖြင့် လေလံဆွဲသွားခဲ့ပါတယ်။ ဈေးပေးတာ များတယ်လို့ ထင်စရာရှိပေမဲ့ ရောင်းဖို့ ဈေးခေါ်ထားတဲ့ Enzo တွေထက် ဈေးသက်သာပါတယ်။ Enzo တွေ ဈေးခေါ်ထားတာ လေလံအောင်တဲ့ ဈေးရဲ့ ၂ ဆနီးပါးမှာ ရှိနေကြပါတယ်။

ဒီတော့ လေလံအောင်တဲ့သူက  ၂ ပိုင်းပြတ်၊ ၁ ပိုင်းက တစ်စစီ ဖြစ်ထားတဲ့ Enzo ကို ပေါက်ဈေးထက်ဝက်ဖြင့် ရလိုက်တာ ဖြစ်ပါတယ်။ 

၂၀၀၄ မှာ စက်ရုံမှ ချာစီနံပါတ် 135564 ဖြင့် Enzo ထွက်လာတော့  ကိုယ်ထည် မူလအရောင်က Ferrari ရဲ့ signature အရောင် Rosso Corsa အနီရောင်ဖြစ်ပြီး ပြုပြင်တဲ့အခါမှာ အမည်းရောင် ဆေးမှုတ် လိုက်ပါတယ်။  Ferrari Technical Assistance Service က တာဝန်ယူ ပြန်ပြင်ပေးခဲ့ပါတယ်။ ဂြိုဟ်တုဆက်သွယ်ရေး လမ်းပြစနစ်ပါတဲ့ infotainment စနစ် ဖြည့်ထည့်ထားတယ်။ အသံပိုင်းမှာ Bose stereo system ထပ်ထည့်တယ်။ ကားနောက်ဆုတ်ကင်မရာစနစ်လည်း တပ်ဆင်ပါတယ်။

 Ferrari Classiche လက်မှတ်ရယူထားတယ်။ မောင်းထားတဲ့ ခရီးတာက မိုင် ၁,၅၀၀ ကျော် ဖြစ်ပါတယ်။

 

Eriksson က ၂၀၀၆ မှာ စူပါကား ၂ စီး အလွဲသုံးစားလုပ်တဲ့အမှုဖြင့် ထောင် ၃ နှစ်ကျပါတယ်။ အဲဒီ စူပါကား ၂ စီးမှာ တစ်စီးက အခုပြောနေတဲ့ #135564 Enzo ဖြစ်ပါတယ်။

#MyanmarAutomobileGuide 
 

Read 10923 times