ကားတစ်စီး ပိုင်ဆိုင်ထားပြီဆိုလျှင် မိမိကား၏ သက်တမ်းကို ဘယ်လောက်ကြာကြာ အသုံးခံအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်မလဲ ဆိုတာက အရေးကြီးသော အချက်ဖြစ်ပါသည်။
ကားပိုင်ရှင် အများစုသည် ကားသက်တမ်း ကြာရှည်ခံရန် မှန်ကန်သော နည်းလမ်းမျိုးနှင့် ကိုင်တွယ်ဂရုစိုက်မှု မရှိဘူးဟု နိုင်ငံတကာ ဈေးကွက် လေ့လာသူတွေက ဆိုပါသည်။
ကားတစ်စီးကို သင့်တော်မှန်ကန်သည့် နည်းလမ်းများနှင့် ထိန်းသိမ်းစောင့်ရှောက်မည် ဆိုလျှင် ခရီးမိုင်နှစ်သိန်းလောက်ထိ မောင်းနှင် အသုံးပြုနိုင်မည်ဟု ဆိုပါသည်။
မိမိကား၏ မောင်းနှင်မှုခရီးတာကို ပြသသော ဒိုင်ခွက်မှာပြန်ကြည့်ပါ။ မိုင်ငါးသောင်းခန့် မောင်းပြီးပြီဆိုလျှင် ကားတစ်စီး၏ မောင်းနှင်နိုင်စွမ်း ၂၅ ရာခိုင်နှုန်းလောက်ကို အသုံးချပြီးပြီဆိုသော သဘောဖြစ်ပါသည်။
ကျန်သည့်သက်တမ်း ၇၅ ရာခိုင်နှုန်းကို ပြည့်ပြည့်ဝဝ အသုံးချချင်သေးသည်ဆိုလျှင်တော့ နည်းမှန်လမ်းမှန် ဂရုစိုက်မှုလေးများ လိုအပ်ပါလိမ့်မည်။
ထိုအရာများမှာ ကားများ၏ မောင်းနှင်နိုင်စွမ်း သက်တမ်းကို ဆွဲဆန့်ပေးရန် အခြေခံအကျဆုံး သတိပြုရမည့် အချက်လေးများ ဖြစ်ပါသည်။
၁။ ခရီးတိုများကို တတ်နိုင်သလောက် ရှောင်ပါ။
ခရီးတိုနှင့် ခရီးရှည် မောင်းနှင်မှုများတွင် အင်ဂျင်အပေါ် သက်ရောက်မှုက ကွဲလွဲမှု ကြီးကြီးမားမား ရှိပါသည်။
ခရီးတိုများတွင် ကား၏ အင်ဂျင်သည် ဖြစ်သင့်သော စံနှုန်းအပူချိန်ကို ဘယ်တော့မှ ရောက်မလာဘူးဆိုလျှင် ပြဿနာရှိပါသည်။
ရေသည် အင်ဂျင်၏ ပေါက်ကွဲ အလုပ်လုပ်မှုမှာ ဘေးထွက်ပစ္စည်း ဖြစ်သဖြင့် သင့်တော်သော အပူချိန်မှာ အင်ဂျင်ဟာ ပူနွေးလာပြီး ရေက အငွေ့ပြန် သွားပါသည်။
ရေငွေ့များကို အင် ဂျင်အပြင်ဘက် စွန့်ထုတ်သော်လည်း ခရီးတိုများတွင် သင့်တော်သော အင်ဂျင်အပူချိန် မရှိခြင်းကြောင့် ရေက အင်ဂျင်ထဲမှာ ကျန်နေသည်။
အပူစွန့်ထုတ်စနစ်မှာလည်း ရေရှည်ထိခိုက်မှုများ ဖြစ်လာတတ်သဖြင့် ခရီးတိုများများသွားလေလေ အင်ဂျင်နှိုးရခက်ရန် ဖြစ်နိုင်ခြေဆီ ပိုပြီး ဦးတည်လာလေလေ ဆိုသည်ကို သိသင့်ပါသည်။
အင်ဂျင်တွင် သင့်တော်သော အပူချိန်မရှိဘူးဆိုလျှင် အင်ဂျင်ဝိုင်ကလည်း လွတ်လွတ် လပ်လပ် စီးဆင်းရွေ့လျားနိုင်မှု မရှိတော့ပေ။
၂။ သင့်တော်သော စက်ပြင်ဆရာကို ရှာထားပါ။
မိမိကားနှင့်ပတ်သက်လျှင် အကောင်းဆုံး ကိုင်တွယ်နိုင်သည်ဟု မိမိကိုယ်တိုင် ယုံကြည်သော စက်ပြင်ဆရာတစ်ယောက်ကို ရှာဖွေထား သင့်ပါသည်။
မိုင်ပေါင်းနှစ်သိန်းထိ မောင်းနှင် နိုင်လောက် အောင် ကြံ့ကြံ့ခံဖို့ဆိုခြင်းက အင်မတန် တောင်းဆိုမှုကြီးမားသော ရည်မှန်းချက်ဖြစ်ပါသည်။
မိမိကားနှင့်ပတ်သက်ပြီး ထဲထဲဝင်ဝင် ဂဃနဏ နားလည်ထားသော စက်ပြင်ဆရာ တစ်ယောက်သည် ကားကြံ့ခိုင်ရေးကို အကောင်းဆုံးပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။
လက်တွေ့တွင် ကားစက်ပြင်ဆရာများသည် သူတို့၏ စွမ်းရည်အလိုက် ကား၏ ကျန်းမာရေးကလည်း ကောင်းမွန်နေနိုင်သောကြောင့် မိမိသဘောကျပြီး ယုံကြည်ရသော စက်ပြင်ဆရာ တစ်ယောက်နှင့် အသေအချာမိတ်ဖွဲ့ထားသင့်ပါသည်။
၃။ ကားနှင့် ပတ်သက်သော လမ်းညွှန်ချက်များကို သေချာဖတ်ထားပါ။
ကားတစ်စီးနှင့်တစ်စီး ပါဝင်သော အစိတ်အပိုင်းများ၊ ပစ္စည်းများ မတူညီနိုင်သဖြင့် မိမိက ကားများနှင့်အကျွမ်းတဝင်ဖြစ်နေလျှင်တောင်မှ မိမိဝယ်ယူထားသော ကား၏ စွမ်းဆောင်မှု၊ အားသာချက်၊
အားနည်းချက်များကို သေချာပေါက် သိနေမည်ဟု မယူဆနိုင်ပေ။
ကားပိုင်ရှင်အတွက် လမ်းညွှန်စာအုပ်မှာ အင်မတန်အရေးကြီးတဲ့ ဖော်ပြချက်တွေ ပါရှိနေသဖြင့် သေသေချာချာဖတ်ရှုလေ့လာထားပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို မှတ်သားထားပါ။
ဘယ်အစိတ်အပိုင်းကို ဘယ်အခြေအနေမှာ ပြန်စစ်သင့်ပြီ၊ ဘယ်အချိန်မျိုးမှာ လဲလှယ်သင့်ပြီဆိုခြင်းများကို သိရှိထားရန် အထောက် အကူ ဖြစ်စေပါလိမ့်မည်။
ထို့အပြင် ဘယ်လို စက်ဆီ၊ ချောဆီ အမျိုးအစားကို ရွေးချယ်သင့်သလဲဆိုခြင်းများကို နားလည်ထားသည့်အခါ ကား၏ကြံ့ခိုင်မှုကို ရေရှည်ထိန်းသိမ်းရာ ရောက်လာ ပါလိမ့်မည်။
၄။ ကားကြံ့ခိုင်မှုအတွက် သတ်မှတ်အချိန်ဇယား အတိုင်း စစ်ဆေးပါ။
ပြုပြင်ထိန်းသိမ်းမှုမရှိသည့်အခါ ကားတစ်စီး၏ သက်တမ်းက ပိုပြီး တိုတောင်းသွားပါသဖြင့် ဘယ်အချိန်မှာ ဘယ်အပိုင်းကို ပြန်စစ်မလဲဆိုခြင်းကို အသင့်တော်ဆုံး အချိန်ဇယားတစ်ခု ရေးဆွဲသတ်မှတ် ထားသင့် ပါသည်။
ကား၏ ကိုယ်ထည်ပိုင်းအပြင် စွမ်းဆောင်ရည်ပိုင်းအတွက် ပြုပြင်ထိန်းသိမ်းမှုများကိုပါ ဂရုတစိုက်လုပ်ဆောင်သင့်သည့်အပြင် ကား၏ ကူးလန့်၊ဘရိတ်၊ ပါဝါစတီယာရင်၊ ချောဆီ၊ ဆီသန့်စနစ်၊ နောက်ကြည့်မှန်များကိုလည်း မှန်မှန်စစ်ဆေးဖို့ လိုပါသည်။
အထက်မှာ ပြောထားတဲ့ ယုံကြည်ရတဲ့ စက်ပြင်ဆရာ တစ်ယောက် ပိုင်ဆိုင်ထားမှုသည် ထိုလုပ်ဆောင်မှုများကို အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မည်။
၅။ ကား၏ အပြောင်းအလဲကို အမြဲဆန်းစစ်ပါ။
မိမိကားကို တယုတယနှင့် တသသ လုပ်မနေနိုင်ဘူးဆိုလျှင်တောင် ညှော်နံ့ထွက်နေသလား၊ ကား၏ စက်သံ ပြောင်းလာသလား၊ သို့မဟုတ် ကားစီးရသည့် ခံစားချက်က အရင်လိုမဟုတ် တော့ဘူးလား
ဆိုသည်များကို အာရုံခံသိရှိနေရန် လိုပါသည်။
မိမိကားမှာ ပုံမှန်မဟုတ်ဘဲ တစ်ခုခုပြောင်းလဲနေပြီဆိုသည်နှင့် လိုအပ်သော စစ်ဆေးမှုများ လုပ်သင့်ပါသည်။
ကားအောက်ပိုင်းတွင် ဆီယိုခြင်းမျိုးများမှအစ ပေါ့ပေါ့ဆဆ မရှိသင့်ပေ။
မိမိကား ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ရန် သတိထားထိန်းသိမ်းခြင်းသည် ဆိုးဆိုးရွားရွား ပြဿနာများ ကြုံမလာအောင် ကြိုတင်ကာကွယ်ရာလည်း ရောက်ပါသည်။
စက်ပြင်ဆရာဆီ စောစောပို့ပေးနိုင်ခဲ့မည်ဆိုလျှင် အပ်နှင့်ထွင်းရမည့်ကိစ္စ ပုဆိန်နှင့် ပေါက်ရသလို မဖြစ်စေရန် တားဆီးနိုင်ပါ လိမ့်မည်။
၆။ ကားကုမ္ပဏီ၏အသံကို နားစွင့်ပါ။
မိမိကားကို ထုတ်လုပ်သည့်ကုမ္ပဏီဆီက ဘယ်လိုကြေညာချက်များ ထုတ်မလဲဆိုသည်ကို ဂရုတစိုက် စောင့်နားထောင်သင့် ပါသည်။
ကားကုမ္ပဏီများက သူတို့ ထုတ်လုပ်ထားသော ကားမော်ဒယ်တချို့မှာ ချို့ယွင်းချက်၊ အားနည်းချက်များ ရှိနေသည့်အခါ ပြန်လည်သိမ်းယူပြီး ပြင်ဆင်ပေးခြင်းမျိုးများ လုပ်လေ့ရှိသည်။
ထိုအခါမျိုးတွင် မိမိကား၏ မော်ဒယ်အကြောင်း သတင်းတွေများပါလာမလားဆိုသည်ကို သတိထားပြီး နားစွင့်နေသင့်ပါသည်။
အထူးသဖြင့် ကား၏ စွမ်းဆောင်ရည်ပိုင်း၊ လုံခြုံရေးပိုင်းနှင့်ပတ်သက်ပြီး အားနည်းချက်များကို ပြင်ဆင်ပေးရန်ကြေညာလျှင် အရေးတကြီး တုံ့ပြန်ဆက်သွယ်သင့်ပါသည်။
၇။ ကားကို သန့်သန့်ရှင်းရှင်း ထားပါ။
ကားအတွင်းပိုင်းရော အပြင်ပိုင်းပါ သန့်ရှင်းတောက်ပြောင်နေခြင်းသည် ကိုယ်တိုင် ကားမောင်းရ ချိန်မှာ စိတ်ကြည်လင်ကျေနပ်စေ ရုံမကဘဲ ကားကို ရေရှည်အသုံးခံဖို့ပါ အထောက်အကူ ဖြစ်စေပါသည်။
ကားမှာရှိသော ဖုန်များ၊ အညစ်အကြေးများ၊ ပိုးမွှားများ၊ ဓာတုပစ္စည်း အကြွင်းအကျန်များ၊ ဆားဓာတ်များကို ရှင်းလင်းထားသည့်အခါ ကိုယ်ထည် ဆွေးမြည့်မှုကို ကာကွယ်ပြီးသား ဖြစ်စေပါသည်။
ကားအတွင်းပိုင်း အပြင်အဆင်များဖြစ်သော သားရေများ၊ အဝတ်များကိုလည်း သန့်သန့်ရှင်းရှင်း ထားပေးသည့်အခါ ပိုပြီးရေရှည်အသုံးခံ ပါလိမ့်မည်။
ကားထဲတွင် ရှုပ်ပွမနေခြင်း၏ နောက်ထပ်သိသာသော ကောင်းကျိုးတစ်ခုမှာ ကားနှင့် ပတ်သက်သည့် အစိတ်အပိုင်းတစ်ခုခု ပျက်စီးကျိုးပဲ့နေလျှင် (သို့မဟုတ်) ပျောက်ဆုံးနေလျှင် ချက်ချင်း သတိပြုမိနိုင်ခြင်းသာ
ဖြစ်ပါသည်။