ကားတစ်စီးကို မောင်းနှင်သည့်သူများသည် မိမိမောင်းနှင်သည့် ယာဉ်မှာ ကြံ့ခိုင်မှုရှိ မရှိကို အနံ့များဖြင့်လည်း သိရှိနိုင်ပါသည်။
ထို့ကြောင့် ကားထဲတွင် တစ်ခုခုသော ထူးခြားသည့်အနံ့ရခဲ့လျှင် သတိတရဖြင့် ကားကို စစ်ဆေးသင့်ပါသည်။
၁။ ကြက်ဥပုပ်နံ့
ထိုအနံ့မှာ အိတ်ဇောစနစ် ပုံမှန်အလုပ်မလုပ်ကြောင်းပြဆိုသော အနံ့ဆိုးတစ်ခု ဖြစ်ပါသည်။
Catalytic Converter က ပုံမှန်လုပ်ငန်းတာဝန်ဖြစ်သည့် ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်ကို ဆာလ်ဖာ ဒိုင်အောက်ဆိုက်အဖြစ် ဓာတ်ပြောင်းပေးမှုကို ပုံမှန်မစွမ်းဆောင်နိုင်သည့်အခါ ထိုကဲ့သို့ ကြက်ဥ ပုပ်နံ့ကြီး ထွက်လာတတ်ပါသည်။
ယခုလိုဖြစ်ခြင်းသည် အင်ဂျင်ကို ကိုင်တွယ်ထိန်းသိမ်းပုံ ညံ့ဖျင်းကြောင်း သတိပေးနေသည်ဟု ဆိုပါသည်။
အင်ဂျင်ပိုင်း အားနည်း ချက်များရှိနေလျှင် Catalytic Converter အတွက် ဝန်နှင့်အား မမျှသလိုဖြစ်စေပြီး ပျက်စီးထိခိုက်နိုင်ခြေ မြင့်တက်လာတတ်ပါသည်။
၂။ ကော်ဇောမီးလောင်သကဲ့သို့ ညှော်နံ့
ထိုအနံ့ ရပြီဆိုလျှင် ကား၏ ဘရိတ်စနစ်တွင် ပြဿနာရှိနေသည်မှာ သေချာသလောက်ဖြစ်ပါသည်။
အထူးသဖြင့် ပုံမှန်သွားလာနေကျ ခရီးစဉ်မျိုးများတွင်တောင် ထိုအနံ့ ထွက်လာပြီဆိုလျှင် ဘရိတ် စနစ်ကို အမြန်ဆုံးစစ်ဆေးရန် လိုအပ်သွားပါသည်။
အရေးအကြောင်းမှာ ဘရိတ်မမိလျှင် အလွန့်အလွန်အန္တရာယ်များသည်ဆိုခြင်းကို အလေးအနက်သတိပြုရန် လိုပါသည်။
၃။ သကာရည်အနံ့
သကာရည်ကဲ့သို့ ချိုအီအီအနံ့ ကြီး ထွက်နေပြီဆိုလျှင် ကား၏ အင်ဂျင်အအေးပေး Coolant စနစ်မှာ အရည်ယိုစိမ့်မှုရှိနေပြီဆိုသော အချက်ပေးသံ သို့မဟုတ် Coolant နှင့် ဆက်စပ်သော အအေးပေးစနစ်များတွင်ပါ ချွတ်ယွင်းချက် ရှိနေနိုင်ပါသည်။
သတိပြုရန်က Radiator အဖုံး ပူနေချိန်တွင် သွားမဖွင့်မိစေရန်ဖြစ်ပါသည်။
၄။ ရော်ဘာညှော်နံ့
ထိုအနံ့က စက်သီးကြိုးများ (သို့မဟုတ်) ရေပိုက်လိုင်းများ ချောင်နေလျှင် (သို့မဟုတ်) အထားအသို နေရာလွဲနေကြောင်း ညွှန်ကိန်းတစ်ခု ဖြစ်နိုင်ပါသည်။
ထိုကြိုးနှင့် ရေပိုက်များက ကားမောင်းနေချိန် လည်ပတ်နေသော စက်သွားများနှင့် ထိခိုက်ပြီး ညှော်နံ့ထွက်လာ နိုင်ပါသည်။
သတိပြုသင့်သည့်အချက်တစ်ချက်က ထိုကဲ့သို့ ညှော်နံ့ရပြီဆိုလျှင် အင်ဂျင်အေးသွားသည်အထိ စောင့်ပြီးမှ စစ်ဆေးသင့်ပါသည်။
၅။ ဆီပူညှော်နံ့
ဆီညှော်နံ့ရပြီဆိုလျှင် ကားမှာ ဆီယိုစိမ့်မှု ရှိနေပြီဆိုသော လက္ခဏာဖြစ်ပြီး အိတ်ဇောစနစ်ပေါ် ဆီယိုစိမ့်ကျလျှင်လည်း ထိုအနံ့ထွက်လာတတ်ပါသည်။
ဆီယိုစိမ့်မှု ရှိ၊ မရှိ ကို ကားအောက် ကြမ်းပြင်တွင်ဖြစ်စေ၊ အင်ဂျင်တစ်ဝိုက်က မီးခိုး ထွက်ပေါ်မှုကိုဖြစ်စေ စောင့်ကြည့်ပြီး စစ်ဆေးနိုင်ပါသည်။
ထိုကဲ့သို့ မစစ်ဆေးခင် အင်ဂျင်ကို စက်သတ်ရပ်နားထားရန် လိုအပ်ပါသည်။
၆။ ဓာတ်ဆီနံ့
မိမိကားတွင် ဓာတ်ဆီနံ့ ပြင်းပြင်းထန်ထန်ရနေပြီဆိုလျှင်လည်း ဆီယိုစိမ့်မှုသင်္ကေတတစ်ရပ်ဟု ယေဘုယျ ယူဆနိုင်ပါသည်။
ဓာတ်ဆီအနံ့ရပြီးဆိုလျှင် မီးဘေးအန္တရာယ်ကြုံနိုင်သောကြောင့် မည်သည့်နေရာက ဆီစိမ့်နေသလဲဆိုသည်ကို ဆန်းစစ်ကြည့်သင့်ပြီး အဓိကအားဖြင့် ဆီတိုင်ကီနှင့် ဆီသွယ်ပိုက်လိုင်းများတွင်လည်း ဖြစ်နိုင်ခြေများပါသည်။
ထိုကြောင့် ထိုကဲ့သို့အနံ့မျိုးရနေပြီဆိုသည်နှင့် အမြန်ဆုံးသတိပြုစစ်ဆေးမှုများလုပ်သင့်ပါသည်။
၇။ အားကစားရုံ၊ ဂျင်က စိုထိုင်းထိုင်းအနံ့
အန္တရာယ်ရှိသော အနံ့မဟုတ်သော်လည်း စိတ်တိုစရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပါသည်။
ကျွမ်းကျင်မက္ကင်းနစ်များ အဆိုရ လေအေးပေးစက် (သို့မဟုတ်) အပူပေးစက်မဖွင့်ခင် ထိုစိုထိုင်းသောအနံ့ရလျှင် အဓိက တရားခံမှာ ကား၏ A / C ကို ရေငွေ့ပျံ စေသော အတွင်း၌ မှိုများပေါက်ပြီးအစိုဓာတ်ကို ကြီးထွားနေသကဲ့သို့ ဖြစ်နေသောကြောင့်ဖြစ်သည်။
အိမ်မှ တစ်မိုင်ခရီးကို A/C ပိတ်ထားပြီး ပန်ကာကို အဆုံးဖွင့်ထား၍ အခြောက်ခံလိုက်ပါက အဆင်ပြေချောမွေ့သွားစေမည်ဖြစ်ပါသ်ည။