ဗီယက်နမ်နိုင်ငံ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှု၀န်ကြီးဌာန (Ministry of Planning and Investment-MPI) သည် Covid-19 လွန်ကာလတွင် မော်တော်ယာဉ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြေရှင်းနည်းနည်းလမ်းသစ်များနှင့် အတူ စီမံကိန်းကို ရေးဆွဲနေသည်။
စုံးစုံးမြှုပ်သွားသည့် ပြည်တွင်း ကားထုတ်လုပ်မှုလုပ်ငန်း
Bui Ngoc Huyen သည် သူ၏ '' ဗီယက်နမ်မှာ ပြုလုပ်ထားသော ကားများ '' အိပ်မက်ကို မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် မည်သူကမျှ ရင်းနှီးမြှုပ်နှံသူများသည်မော်တော်ကား ထုတ်လုပ်မှုစီမံကိန်းများအတွက် ငွေများ သွန်ထည့်ဝံ့မည်မဟုတ်ဟု ယူဆထားကြသည်။
Huyen ၏ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Vinaxuki သည် လွန်ခဲ့သော ခုနစ်နှစ်က လုပ္ငန္းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဗီယက်နမ်နိုင်ငံသုံးငွေ ဒေါင် ၁.၆၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၁ သန်း) ဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
စက်ရုံသည် ပျက်စီးနေပြီးဖြစ်ပြီး စက်ပစ္စည်းကိရိယာများလည်း ယိုယွင်းနေပြီ ဖြစ်သည်။ VInaxuki ၏ကြွေးရှင်ဘဏ်များသည်အကြွေးများအတွက် ငွေဖော်ရန်အတွက် စက်ရုံကိုရောင်းရန် ကြိုးစားသော်လည်းဝယ်သူများကို ရှာမရသေးပါ။အချို့ရင်းနှီးမြှုပ်နှံသူများသည် Vinaxuki ၏ပိုင်ဆိုင်မှုများကို ဝယ်ယူရန် ဖြစ်သော်လည်း အကြွင်းအကျန်တို့ကို သံရည်ကြိုရန်အတွက်သာ ရည်ရွယ်သည်။
ပြည်တွင်းမှာ မော်တော်ယာဉ် ထုတ်လုပ်ရေးကို စိတ်မပါ ဖြစ်နေကြရာမှ လမ်းများပေါ်တွင် Vinfast အမှတ်တံဆိပ် ကားများ စီးနေကြသည်ကို မြင်သောအခါ သူတို့ စိတ်ပြောင်းသွားကြသည်။ Vinfast ၏ ၁၀၀ ရာခိုင်နှုန်းပြည့် ဗီယက်နမ်မှာ ထုတ်လုပ်သော မော်တော်ယာဉ်များ ဖြစ်ပြီး Vinfastအမှတ်တံဆိပ်၏ အောင်မြင်မှုသည် ဗီယက်နမ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းအတွက် မျှော်လင့်ချက်အသစ်ကို ပြန်လည်ရှင်သန်စေခဲ့သည်။
အစီအစဉ်အသစ်
ကုန်ထုတ်လုပ်မှုနှင့်ကုန်သွယ်ရေး၀န်ကြီးဌာန ( Ministry of Industry and Trade -MOIT) သည် နှစ်အတန်ကြာ မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် မဟာဗျူဟာများ ရှိခဲ့သော်လည်း အောင်မြင်မှု အတန်အသင့်သာ ရရှိသည့် ရလဒ်များသာ ထွက်ပေါ်ခဲ့သည်။
MPI သည် မကြာသေးမီက Covid-19 ထိန်းချုပ်ထားနိုင်မည့် အချိန်ကာလအသစ်တွင် ဖော်ဆောင်ရန် မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းအတွက် အစီအစဉ်သစ်တစ်ခုကို ရေးဆွဲခဲ့သည်။
အဓိကအယူအဆမှာ ကူးစက်ရောဂါဖြစ်ပွားပြီးနောက် တရုတ်ပြည်မှ ထုတ်လုပ်မှုအခြေစိုက်စခန်းများအား အခြားနိုင်ငံများတွင် ပြန်လည်နေရာချထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား အပြည့်အဝအားသာချက်များ ပေးအပ်ပြီး ဗီယက်နမ်တွင် လာရောက်လုပ်ကိုင်စေကြရန် ဖြစ်သည်။ မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် အထောက်အကူပြုစက်မှုလုပ်ငန်းများဖွံ့ဖြိုးရန်နှင့် မော်တော်ယာဉ်လုပ်ငန်းအတွက် ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရန် အစီအစဉ်သစ်ဖြစ်သည်။
MOIT ကဲ့သို့ပင် MPI က တင်ပြသည်မှာ ဗီယက်နမ်သည်အဆင့်လေးဆင့်ကိုသာ စူးစိုက်ပြီး မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းကို လုပ်ကိုင်ရမည်။ ၎င်းအဆင့်လေးဆင့်မှာ လိုအပ်သည့် အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ ဆေးမှုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းတို့ ဖြစ်သည်။
ဗီယက်နမ်ရှိကားစျေးနှုန်းများသည် အခြားနိုင်ငံများထက် စျေးကြီးနေသည်။ သို့သော် ဗီယက်နမ်နိုင်ငံတွင် လူတစ်ဦးချင်း ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၃,၀၀၀ ကျော်သို့ ကြီးထွားလာမည်ဟု မျှော်မှန်းထားပြီး ကားဝယ်စီးသည့် ပျမ်းမျှနှုန်းထားသည် လူ ၁၀၀၀ လျှင် ကားအရေအတွက် ၅၀ စီးသို့ ရောက်လာမည်ဖြစ်ပြီး ကားဝယ်ယူမှု လျင်မြန်စွာ ကြီးထွားလာမည်ဟု မျှော်လင့်ရသည်။
MPI က ဗီယက်နမ်ကားစျေးကွက်သည် အာဆီယံအတွင်းရှိ နိုင်ငံငါးခုတွင်အသေးငယ်ဆုံးဖြစ်နေသည့်အချက်ကို ထောက်ပြခဲ့သည်။ ၎င်းသည် ထိုင်းစျေးကွက်၏သုံးပုံတစ်ပုံနှင့် အင်ဒိုနီးရှား၏လေးပုံတစ်ပုံသာ ရှိသည်။ လူအများစု ကားများပိုင်ဆိုင်ရန်နှင့် ပြည်တွင်းမော်တော်ယာဉ်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် လူတစ်ဦးချင်းစီ၏ ဂျီဒီပီသည် လုံလောက်အောင် မြင့်မားခြင်း မရှိသေးချေ။
အရေးပါသည့် မော်တော်ယာဉ်ဂေဟစနစ်
မော်တော်ယာဉ်ဂေဟစနစ်၏ အဓိကအစိတ်အပိုင်းများကို ကြည့်လျှင်--- ပြည်တွင်းထုတ်လုပ်မှုသည် အနည်းဆုံးတစ်နှစ်လျှင် ထုတ်လုပ်မှု စီးရေ ၁ သန်းအထိ ရောက်ရှိရန် လိုအပ်သည်။ ပြည်တွင်းစျေးကွက်အရွယ်အစား)အရ ကားအသစ်အရေအတွက် တစ်နှစ်လျှင် ထုတ်လုပ်မှု စီးရေ ၉၀၀,၀၀၀ လိုအပ်သည်။ တစ်နည်းဆိုသော် ပျမ်းမျှအားဖြင့် လူ ၁,၀၀၀ လျှင်ကား ၅၀ စီး လိုအပ်သည်။
ကား အပိုပစ္စည်းများနှင့် အစိတ်အပိုင်း ရောင်းချသူ အနည်းဆုံး ၁၀၀၀ ရှိသင့်သည်။ လူ ၁၀၀၀ လျှင် ပျမ်းမျှအားဖြင့် အဝေးပြေးလမ်းမကြီး အလျား ၀.၀၄၅ ကီလိုမီတာ ရှိသင့်သည်။
အာဆီယံတွင်း ပြိုင်ဆိုင်မှု
အာဆီယံသည် ကမ္ဘာပေါ်တွင် မော်တော်ယာဉ်ထုတ်လုပ်မှု အကြီးဆုံးနှင့် ဝယ်ယူသုံးစွဲမှု အကြီးဆုံး ဒေသတစ်ခု ဖြစ်လာပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်ဗီယက်နမ် ငါးနိုင်ငံတို့တွင် ကားများထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းကို လုပ်ကိုင်လျက် ရှိသည်။
ဗီယက်နမ်မှအပ ကျန် လေးနိုင်ငံတို့တွင် ကားထုတ်လုပ်မှု လုပ်ငန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း သုံးလေးဆယ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့ကြခြင်း ဖြစ်သည်။ ဗီယက်နမ်သည် ကားထုတ်လုပ်မှု လုပ်ငန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ခဲ့သည်မှာ တစ်ဆယ်နှစ် ရှိပြီ ဖြစ်သည်။
ကြီးမားသော ကားထုတ်လုပ်ငန်းများအဖို့ ထိုင်းနှင့် အင်ဒိုနီးရှားတို့သည် ဆွဲဆောင်မှု ကောင်းသည့်နိုင်ငံများ ဖြစ်သည်။ ထိုနှစ်နိုင်ငံကို ယှဉ်ပြိုင်ပြီး ဗီယက်နမ်က ပြည်ပရင်းနှီးမြှုပ်နှံမှုကို ရရှိအောင် ဆွဲငင်နိုင်ဖို့လိုသည်။ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့သည် ၎င်းတို့၏မော်တော်ယာဉ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဦးဆုံးခြေလှမ်းများ လှမ်းခဲ့သည်။ ဆိုလိုသည်မှာ ဒေသတွင်း နိုင်ငံများအကြားပြိုင်ဆိုင်မှုသည် ပိုမိုပြင်းထန်လာလိမ့်မည်။
MPI ၏အဆိုအရ မော်တော်ယာဉ်ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရန် ဗီယက်နမ်သည် အထူးသဖြင့် ဟနွိုင်းနှင့် ဟိုချီးမင်း စီးတီးရှိ လူများကို ကားများအသုံးပြုရန်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အခြေခံအဆောက်အအုံစနစ်တစ်ခုကို ဖန်တီးပေးရန် လိုအပ်သည်။ ထို့အပြင် စျေးကွက်၊ မော်တော်ယာဉ်ကုန်အမှတ်တံဆိပ်များနှင့် ကားသုံးသူများ၏ ရေရှည်အကျိုးကျေးဇူးများကို ကာကွယ်ရန်၊ တင်သွင်းမှုကို တင်းကျပ်စွာ ထိန်းချုပ်ရန် လိုအပ်သည်။
MPI ရှုမြင်သည်မှာ ဗီယက်နမ်သည် ထုတ်လုပ်မှုကြီးမားသော မော်တော်ကားထုတ်လုပ်သူများ၊ တစ်နှစ်လျှင် ကားစီးရေ ၅၀,၀၀၀ ကျော်ထုတ်လုပ်နိုင်သည့်လုပ်ငန်းများနှင့် အင်ဂျင်များ၊ ဂီယာအုံများကို ထုတ်လုပ်ရန် စီမံကိန်းအတွက် အာရုံစိုက်သင့်သည်။
MPI သည် MOIT မှ လွန်ခဲ့သောနှစ်ပေါင်းများစွာကတင်ပြခဲ့သော်လည်း အကောင်အထည်ဖော်ခြင်း မရှိသေးသည့် ဖြေရှင်းချက်တစ်ခုကို ဖော်ပြခဲ့သည်။ မော်တော်ကားထုတ်လုပ်သူများကိုထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်ရန်နှင့် ပြည်တွင်းထုတ်လုပ်သော အစိတ်အပိုင်းများ ပါဝင်သည့် အချိုးအစားမြင့်မားသော ကားများအပေါ်တွင် ဇိမ်ခံအခွန်နှုန်းထားများ မကောက်ခံခြင်း ဖြစ်သည်။ ဗီယက်နမ်ထုတ် ယာဉ်အစိတ်ပိုင်းများ ပိုမိုသုံးစွဲသည့်အတွက် ယင်းအခွန်ကို လျော့ပေါ့ပေးခြင်း ဖြစ်သည်။
"ဤတစ်ကြိမ်သည် နောက်ဆုံး ဖြစ်လိမ့်မည်။ နောက်ဆုံးအခွင့်အရေးကို လက်လွှတ်လိုက်ရင်အနာဂတ်မှာ ဗီယက်နမ်သည် ပြည်ပမှ ကားတင်သွင်းရောင်းချသော ဈေးကွက်ဖြစ်သွားလိမ့်မယ်" ဟု MPI ကပြောကြားခဲ့သည်။
Myanmar Automobile Guide