ဓါတ်ဆီအင်ဂျင်တွင် ပလပ်အမျိုးအစား ရွေးချယ်သုံးခြင်း


လောင်စာဆီအရည်အသွေး မမှန်ကန်မှုများကြောင့် ဓာတ်ဆီကား ပိုင်ရှင်များ မကြာခဏ ပလပ်လဲနေရသည်။ ပလပ်မကောင်း၍ ကားစက်သံ မမှန်၊ အင်ဂျင်ဆွဲအားကျသော ပြဿနာများ ဖြစ်နေကြသည်။ လောင်စာဆီ ကုန်ပြီး ခရီးမရောက် ဖြစ်နေသည်။

ကာပရိုက်တာ စနစ်သုံး ရှေးရိုး အင်ဂျင်ဖြစ်စေ၊ ကွန်ပျူတာထိန်းချုပ် စနစ်သုံး ခေတ်ပေါ် EFI အင်ဂျင်ဖြစ်စေ အင်ဂျင် လုပ်ဆောင်ချက် (Performance) မှန်ကန် ကောင်းမွန်ရန် အဓိက အခြေခံ အချက်သုံးချက်ဖြင့် ပြည့်စုံနေရပါမည်။

ထိုအခြေခံကျသော အချက်သုံးချက်မှာ -လေနှင့်လောင်စာဆီ အရောအနှော (Air – fuel Mixture) သည် မှန်ကန်သော အချိုးအစား ဖြစ်ရမည်။ အကောင်းဆုံးလေနှင့် လောင်စာဆီ အချိုးအစားမှာ14.7:1 ဖြစ်သည်။

ထိုအချိုးအစားကို ရရှိရန် Fuel System သည် ကောင်းမွန် မှန်ကန်နေရမည်။

အင်ဂျင် Compression ဖိသိပ်အား ကောင်းရမည်။ အင်ဂျင် Compression ကောင်းရန် အင်ဂျင်လုံရမည်။ ပစ္စတင်ရိန်းနှင့် ဆလင်ဒါစလစ် လုံရမည်။ ဗား (Valves) များ လုံရမည်။ ဂက်စ်ကတ် လုံရမည်။

အင်ဂျင် ဆလင်ဒါတစ်လုံးတွင် ရှိသင့်သော Compression ဖိအားသည် (120 psi – 170 psi) အတွင်းရှိရမည်။

မီးတိုင်မင် (Firing Timing) မှန်ကန်ပြီး အားကောင်းသော ပလပ်မီး ပွား (Sparks) များ ထွက်ရမည်။ အင်ဂျင်အတွင်း၌ လောင်စာဆီများ အပြည့်အဝ မီးလောင်ပေါက်ကွဲခြင်း (Complete Combustion) ဖြစ်စေရန် မီးပေးစနစ် (Ignition System) ကောင်းရမည်။ မီးပေးစနစ်တစ်ခု လုံးတွင် နောက်ဆုံး အရေးအကြီးဆုံး အစိတ်အပိုင်းမှာ Spark Plug ဖြစ်သည်။

မီးပေးစနစ် တွင် ပါဝင်သော အစိတ်အပိုင်း အားလုံး ကောင်းပြီး လုပ်ဆောင်ချက် မှန်ကန်နေသော်လည်း နောက်ဆုံးအဆင့် ပလပ်(Plug) မကောင်း ၊ မီးပွား (Sparks) မပွင့်ပါက အရာအားလုံး အချည်းအနှီး ဖြစ်သွားသည်။

အင်ဂျင် Misfire ဖြစ်သော အကြောင်းရင်းများတွင် ပလပ် (Plug) မီးပွား မကောင်းသော အချက်သည် အဖြစ်များသော ချို့ယွင်းမှု ပြစ်ချက်ဖြစ်သည်။

ပလပ်အသစ်လဲထားသည်မှာ မကြာသေး၊ သုံးလမျှသာ ရှိသေးသည်။ ပလပ်မကောင်း၍ နောက်ထပ် လဲရပြန်သည်။ ဤဖြစ်ရပ်မျိုး ကားပိုင် ရှင်များ မကြာခဏ တွေ့ကြုံနေရသည်။

ပလပ်မကောင်းသဖြင့် ကားစက် အနှိုးရ ထိုင်းသည်။ အင်ဂျင်ရုန်အား ဆွဲအားကျသည်။ အင်ဂျင်စက်သံ မမှန်သောပြဿနာသည် မီးပေးစနစ် ကြောင့် လား၊ လောင်စာဆီပို့စနစ် (Fuel System) တွင် ချို့ယွင်းချက်ရှိနေခြင်းကြောင့် လား ရောထွေး နေတတ်သည်။ မီးအပြစ်လား၊ ဆီအပြစ်လား၊ နှစ်မျိုးစလုံး ကြောင့်လား။ ရောဂါကို တိတိကျကျရှာရသည်မှာ တစ်ခါတစ်ရံ ခေါင်းစားသည်။ ကွန်ပျူတာထိန်းချုပ် စနစ်သုံး ကားများတွင် ပိုမိုရှုပ်ထွေးခက်ခဲ သဖြင့် ပြဿနာ ဖြစ်နေသော နေရာ အတိအကျကို ရှာဖွေရသည်မှာ မလွယ်ကူပါ။

မီးပေးစနစ်တွင် Plug တစ်လုံးမှ မီးပွား Spark ပွင့်ရန် Ignition Coil မှ High Voltage ထောက်ပံ့ ပေးရတတ်သည်။

ပလပ်ထိပ်ဖျားတွင် Centre Electrode နှင့် Ground Electrode (ခေါ်) Earth Electrode ကြား၌ Gap ရှိသည်။ ပလပ်ငုတ် (Electrode) နှစ်ခုအကြား အကွာအဝေးကို Plug Gap ဟုခေါ်သည်။ ထိုအကွာအဝေး Gap ကျယ်လွန်းလျှင် မီးခုန်ကူးရန် ခက်ခဲသည်။ ပလပ်ငုတ်နှစ်ခုကြားတွင် မီးခုန်ကူးရန်ဗို့အား သည် (၁၀,၀၀၀) မှ (၃၀,၀၀၀) အထိရှိသော High Voltage ဖြစ်သည်။

ဗို့အားပမာဏ နည်းလျှင် မီးပွား (Sapark) အား မကောင်းပါ။ မီးပွင့် အားကောင်းမှ လေနှင့် လောင်စာ အရောအနှောများ မီးလောင်ပေါက်ကွဲ ပါမည်။

4 Store Engine များတွင် ပလပ်မှ မီးပွား ပွင့်သောအချိန်သည် Power Stroke မရောက်မီ (ပစ္စတင် TDC မရောက်မီ) ဒီဂရီ အနည်းငယ် အလိုတွင် ဖြစ်သည်။

မီးတိုင်မင် (Fire Timing) သည် အင်ဂျင် လည်ပတ်နှုန်း (r.p.m) အနှေးအမြန်ပေါ်တွင် မူတည် ပြောင်းလဲဖြစ်ပါ်သည်။

ခေတ်ဟောင်း အင်ဂျင်များတွင် ဒစ်စတြီဗျူတာက မီးတိုင်မင်ကို ထိန်းချုပ်သည်။ ခေတ်သစ် EFI အင်ဂျင်များတွင် မီးတိုင်မင်ကို ကွန်ပျူတာစနစ်က ထိန်းကျောင်းသည်။

အရည်အသွေးညံ့သော ဓာတ်ဆီများနှင့် အင်ဂျင်ဝိုင် ကာဗွန်ချိုးများသည် ပလပ်ငုတ် (Electrode) ကိုညစ်ညမ်းစေပြီး မီးပွား ခုန်ကူးခြင်းကို အဟန့်အတား ဖြစ်စေသည်။

အရည်အသွေးညံ့သော အမျိုးအစား မကောင်းသော ပလပ်များတွင် ပလပ်ငုတ်များသည် မီးစားသွားပြီး Plug Gap အကွာအဝေး ကျယ်လာတတ်သည်။ Gap အကွာအဝေး များသော ပလပ်များ မီးပွားပွင့်ရန် ခက်ခဲနေတတ်သည်။

လေနှင့် လောင်စာဆီ ရောစပ်မှုအချိုးအစား မှန် ပြီး ပုံမှန်မီးပွား ပွင့်ကာ အလုပ်လုပ်နေသော ပလပ်တစ်လုံးသည် အမြဲသန့်ရှင်း နေတတ်သည်။

အပြည့်အ၀ မီးလောင်ကျွမ်း၍ Self –cleaning ဖြစ်ကာ ပလပ်ငုတ်များ သန့်ရှင်းနေခြင်း ဖြစ်သည်။ ရိန်း နှင့် ဗားများချောင်နေသော အင်ဂျင် တစ်လုံးတွင် Compression ဖိအားလည်း ကျသည်။ အင်ဂျင်ဝိုင် များလည်း မလုံတော့၍ ပလပ်ငုတ်ထိပ်များကို ဆီရိုက်သည်။

အင်ဂျင်ဝိုင် များ ကြောင့် ပလပ်ငုတ်ညစ်ပေပြီး မီးပွားခုန်ကူးမှု အားနည်းကာ Misfire ဖြစ်လာရသည်။ ပလပ်ကိုညစ်ညမ်းစေသော အကြောင်း တစ်ခုမှာ လေနှင့် ဆီရောစပ်မှု အချိုး မမှန်ခြင်း ဖြစ်သည်။ ဆီများသော (Rich Fuel Mixture) အချိုးအစားသည် အပြည့်အ၀ မီးလောင် ကျွမ်းမှု မဖြစ်ပေါ် နိုင်ပါ။ လေ (အောက်ဆီဂျင်) နည်းနေ၍ ဖြစ်သည်။ လောင်စာဆီ အကုန်မလောင်သဖြင့် ပလပ်ငုတ်ထိပ်တွင် ဆီချိုးများ တွယ်ကပ်သည်။

ညစ်ပတ်နေသောပလပ်၊ ဆီချိုးကပ်နေသော ပလပ်များကို ဆေးကြော သန့်ရှင်းပြီး ပြန်သုံး နိုင်သည်။ အင်ဂျင်ကို အအေးခံ၍ ပလပ်ကြိုး (Plug Wire) များကို နံပါတ်မှတ်သားပြီး ဖြုတ်ပါ။ ထို့နောက်ပလပ်တပ်ဆင် ထားသော နေရာ ပတ်လည်ကို သန့်ရှင်းအောင် Brush တိုက်ပြီး အဝတ်စုတ်ဖြင့် ပြောင်စင်အောင် သုတ်ပါ။ Plug Socket ကိုသုံး၍ ပလပ်များကို လှည့်ချွတ်ပါ။ ပလပ်အရစ်များ တင်းကျပ်လွန်းလျှင် ဘရိတ်ဆီ (သို့မဟုတ်) ရေနံဆီဆွတ်၍ ချွတ်ပါ။ ပလပ်အရစ် လှည့်၍ ဖြုတ်ပါက အင်ဂျင် Head မှ ပလပ်အပေါက်ရှိ အရစ်များကို အဝတ်စုတ်ဖြင့် သန့်ရှင်းပေးပါ။

အလွန်ညစ်ပေနေသော ပလပ်များကို ချေးချွတ် ဆေးရည်ဖြင့် စိမ်ထားပြီး သန့်ရှင်းဆေးကြောပါ။ အရစ်ကြားမှ အညစ်အကြေးများ ကိုလည်း ဘရတ် တိုက်၍ သန့်ရှင်းပေးပါ။ Air Compressor နှင့် လေမှုတ် သန့်ရှင်း ပါ။ ပလပ်ငုတ်နှစ်ခု အကွာအဝေး Gap ကို ပြန်လည် ချိန်ညှိပေးပါ။

ပလပ်နှင့် ပလပ်အပေါက် အတွင်း အရစ်များကို သန့်ရှင်းပြီးပါက ပလပ်များ ကို ပြန်လည် တပ်ဆင်နိုင်သည်။ ပလပ်အရစ် များကို တင်းကြပ်ရာတွင် များလွန်းလျှင်လည်း မကောင်း ပါ။ တင်းအား လျော့နည်းလျှင်လည်း လေ မလုံပါ။ မှန်ကန်သော တင်းအား (Torque) ဖြင့် ကြပ်နိုင်ရန် Torque- Wrench ကိုသုံးပြုပါ။

အင်ဂျင် Head ကို အလူမီနီယမ် (သို့မဟုတ်) သံကြွပ် သတ္တု များဖြင့် ပြုလုပ်ထား၍ ပလပ် တပ်ဆင်ရာတွင် အရစ်မနာအောင် သတိထား ဆောင်ရွက်ရန် လိုပါသည်။ သန့်ရှင်း ဆေးကြော၍ Plug Gap ချိန်ညှိပြီးသော ပလပ်ကိုမီးပွား (Spark) ကောင်း/မကောင်း မီးကွိုင်တစ်လုံးဖြင့် စမ်းသပ်ကြည့်ပါ။ သေချာမှ အင်ဂျင်တွင် ပြန်သုံး ပါ။

12 mm ပလပ်ကို တင်းကြပ်ရန် လိမ်အား (Torque) ပမာဏမှာ 15 ft-lb ဖြစ်ပြီး 14mm အလူမီနီယမ် Head ဖြစ်လျှင် 22 ft-lb သာ ထား၍ ကြပ်သင့်သည်။ သံကြွပ် Head ဆိုလျှင် 30 ft-lb အထိ တင်းကျပ်ပါ။

18 mm ပလပ်ဆိုလျှင် 36ft-lb တင်းအားတွင် ကြပ်ပြီး အလူမီနီယမ် Head ဖြစ်ပါက 23-30 ft-lb ခန့်သာ တင်းကျပ် သင့်သည်။

ကားတပ်ဆင်ထုတ်လုပ်စဉ်က တပ်ဆင်ထားသော မူလအော်ရီဂျင်နယ် ပစ္စည်း (OEM) ဖြစ်သော ပလပ်အမျိုးအစားသည် သက်ဆိုင်ရာ အင်ဂျင် အတွက် အကောင်းဆုံး ပလပ်ဖြစ်သည်။ ထို့ကြောင့်ပလပ် မကောင်း၍ အစားထိုး လဲလှယ်ရလျှင် မူလ အော်ရီဂျင်နယ် ပလပ် အမျိုးအစား ကိုသာ ရွေးချယ်ဝယ်ယူ သင့်သည်။

ကားပစ္စည်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိသော အိမ်နီးချင်းနိုင်ငံလုပ် ပလပ် (Plug) များသည် ဈေးနှုန်း ချိုသာပြီး အရည်အသွေးမှာ အော်ရီဂျင်နယ် ပစ္စည်း (OEM) ကိုလိုက် မမီပါ။ ကြာရှည်လည်း အသုံးမခံပါ။ လပိုင်းမျှ အချိန်သာ သုံးနိုင်ပါသည်။

မူလ OEM (Original Equipment Manufacture) ကားပစ္စည်းဆိုသည်မှာ ကားထုတ်လုပ်သူများက အရည်အသွေး စိတ်ချယုံကြည်၍ အသုံးပြု တပ်ဆင်ခဲ့သော ပစ္စည်း အစိတ်အပိုင်းများ ဖြစ်ပါသည်။ OEM ပစ္စည်းများ၏ အရည်အသွေးသည် Lifetime Guarantee ရှိ၍ ကြာရှည်အသုံးခံသည်။

ပလပ်များ တည်ဆောက်ပုံနှင့် Heat Range ကိုလိုက်၍ Hot Plug နှင့် Cold Plug နှစ်မျိုး ခွဲခြားသည်။ ပလပ် အပေါ်ပိုင်းကို လျှပ်ကာ ပစ္စည်း ကြွေသားနှင့် ပြုလုပ်ထားသည်။ ထိုကြွေထည်သည် High Voltage 30,000 နှင့် မြင့်မားသော အပူချိန် 1500°F အထိ ခံနိုင်ရည် ရှိသည်။ ပလပ်ကြွေထည် လျှပ်ကာကို Insulator ဟုခေါ်သည်။

Cold Plug များ၏ Insulator သည် Hot Plug များ Insulator ထက်ပို၍ သေးငယ်သည်။ ထို့ကြောင့် Cold Plug များသည် အပူပြန့်လွင်မှု ပို၍ မြန်ဆန်သည်။

Cold Pluge များကို Highway အမြန်လမ်းတွင် မောင်းသော ကားများ၌ ပို၍ သင့်လျော်သည်။

Hot Plug များကိုမူ မြို့တွင်းယာဉ်ကြော ကျပ်သော လမ်းများတွင် သွားလာ မောင်းနှင်ရသော ကားများနှင့် သင့်လျော်သည်။ 

OEM ပစ္စည်းများကိုသာ ထုတ်လုပ်သော USA, Japan, Germany နိုင်ငံလုပ် ပလပ်များကိုသာ ရွေးချယ် သုံးသင့်သည်။ OEM ပလပ်များသည် ခရီးမိုင် (၁၀၀,၀၀၀) အထိ ကြာရှည် သုံးနိုင်သည်။

Platinium Plug, Iridium Plug များသည် သတ္တုအကောင်းစားနှင့် ပြုလုပ်ထား၍ မီးစားသော ဒဏ်၊ အပူဒဏ်များကို ခံနိုင်ရည်ရှိသည်။

Bosch, Champion, NGK စသော အမှတ်တံဆိပ် များသည် နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိပြီး အရည်အသွေး စိတ်ချရသော ပလပ်များ ဖြစ်သည်။ သို့သော်လည်း ကားပစ္စည်း ဈေးကွက်တွင် ဈေးပေါသော ပစ္စည်းအတုများ ရှိတတ်သည်။

Spark Plug များ ရွေးချယ်ဝယ်ယူရာတွင် အရည်အသွေး မြင့်မားသော မူလ OEM Parts များကိုသာ ဝယ်ယူသုံးစွဲ သင့်ပါသည်။

သုံးစွဲသော လောင်စာ ဓာတ်ဆီ အရည်အသွေးနှင့် အောက်တိန်း နံပါတ် မှန်ကန်ရေးသည်လည်း အရေးကြီးသော အချက်ဖြစ်ပါသည်။

အရည်အသွေး အာမခံသော၊ အစစ်ဆေး ခံနိုင်သော၊ နာမည်ပျက်မရှိသော ဆီဆိုင်များမှသာ ဝယ်ယူသုံးစွဲသင့်သည်။

 

Read 10563 times