ယာဉ်မောင်းလိုင်စင် အမျိုးအစားအလိုက် အသစ်ရယူရန် အောက်ပါအချက်များလိုအပ်ပါသည်


(က) “သ” ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၆)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ ၎င်းအား ယာဉ်မောင်းသင်ကြားပေးနိုင်သူ ရှိရမည်။

 

(ခ) “က-၁” ယာဉ်မောင်းလိုင်စင် (စက်စွမ်းအား ၁၁၀ စီစီနှင့်အောက် မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်) ရယူလိုသူသည် အသက်(၁၆)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ “သ”ယာဉ်မောင်းလိုင်စင်ရှိရမည်ဖြစ်ပြီး သတ်မှတ်ယာဉ်မောင်းသင်တန်း တက်ရောက် အောင်မြင်ပြီးသူဖြစ်ရမည်။ သတ်မှတ်စစ်ဆေးမှုများ အောင်မြင်ရမည်။

 

(ဂ) “က”ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ “သ” ယာဉ်မောင်းလိုင်စင် ရှိရမည်ဖြစ်ပြီး သတ်မှတ်ယာဉ်မောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်။ သတ်မှတ်သည့်စစ်ဆေးမှုများ အောင်မြင် ရမည်။ “က-၁” ယာဉ်မောင်းလိုင်စင်ရရှိပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူမှ “က” ယာဉ်မောင်းလိုင်စင်လျှောက်ထား လာပါက လဲလှယ်ထုတ်ပေးမည်ဖြစ်ပါသည်။

 

(ဃ) “ခ” ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ "သ" ယာဉ်မောင်းလိုင်စင် သက်တမ်း (၃)လပြည့်ပြီး သတ်မှတ်ယာဉ်မောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်။ "က" ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)လပြည့်ပြီးပါကလည်း "ခ"ယာဉ်မောင်းလိုင်စင်သို့ လျှောက်ထားနိုင်သည်။ သတ်မှတ်သည့်စစ်ဆေးမှုများ အောင်မြင်ရမည်။

 

(င) “ဂ” ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။“သ” ယာဉ်မောင်းလိုင်စင် တင်ပြနိုင် ရမည့်အပြင် ပြည်တွင်းပြည်ပ(သို့မဟုတ်)တရားဝင်ဖွင့်လှစ်ထားသော စက်ယန္တရားကြီးများ မောင်းနှင်ခြင်းသင်တန်းအား တက်ရောက်အောင်မြင်ပြီးကြောင်း လက်မှတ်တင်ပြနိုင်ရမည်။ သတ်မှတ်သည့်စစ်ဆေးမှုများ အောင်မြင်ရမည်။

 

(စ) “ဃ”ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် “ခ” ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)နှစ်ပြည့်ပြီး အသက်(၂၁)နှစ်ပြည့်ပြီး သူဖြစ်ရမည်။ သတ်မှတ်သည့်စစ်ဆေးမှုများ အောင်မြင်ရမည်။ ၎င်းလိုင်စင်ဖြင့် တက္ကစီမောင်းလိုပါက ပြည်ထောင်စု မြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။

 

(ဆ) "င" ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၂၃)နှစ်ပြည့်ပြီး "ဃ" ယာဉ်မောင်းလိုင်စင် သက်တမ်း(၂)နှစ်ပြည့်ပြီးသူ (သို့မဟုတ်) တဆက်တည်းသက်တမ်းရှိ "ခ" ယာဉ်မောင်းလိုင်စင် (၅)နှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် ပြည်ထောင်စု မြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။ သတ်မှတ်သည့်စစ်ဆေးမှုများကို အောင်မြင်ရမည်။

 

(ဇ) ယာဉ်အကူလက်မှတ်ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသော ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။ သတ်မှတ်သည့် စစ်ဆေးမှုများကိုပါ အောင်မြင်ရမည်။

 

(ဈ) "ဟ" ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည့်အပြင် "သ"ယာဉ်မောင်း လိုင်စင်ရယူပြီးသူဖြစ် ရမည်။ သုံးဘီးမော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်နိုင်သူဖြစ်ရမည်။ သတ်မှတ်သည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။

 

(ည) “ဌ”ယာဉ်မောင်းလိုင်စင် ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် “သ” ယာဉ်မောင်းလိုင်စင်ရယူ ပြီးသူဖြစ်ရမည်။ ထရော်လာဂျီ၊ ထရက်တာယာဉ်များမောင်းနှင်နိုင်သူ ဖြစ်ရမည်။ သတ်မှတ်သည့်စစ်ဆေးမှုများကိုပါ အောင်မြင်ရမည်။

 

(ဋ) တပ်မတော်(ကြည်း/ရေ/လေ)၏ ယာဉ်မောင်းလိုင်စင်ကို အနည်းဆုံး(၁)နှစ်ရရှိထားပြီးသူသည် ၁၉၈၉ ခုနှစ်၊ မော်တော် ယာဉ်နည်းဥပဒေအခန်း(၄)၊ ပုဒ်မ-၆၂ အရ သင့်လျော်သော ယာဉ်မောင်းလိုင်စင်တစ်ခုခုကို လျှောက်ထားရယူနိုင်သည်။ “သ”ယာဉ်မောင်းလိုင်စင်ရယူရန် မလိုပါ။ တပ်မတော်ယာဉ်မောင်းလိုင်စင်သက်တမ်းနှင့်အညီ အောက်ပါယာဉ်မောင်း လိုင်စင် အမျိုးအစား များကို လျှောက်ထားရယူနိုင်သည်-

 

  • (၁) တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး(၁)နှစ်ရှိသူသည် "ခ" ယာဉ်မောင်းလိုင်စင်ကို လျှောက်ထား ရယူနိုင်သည်။
  • (၂) တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး(၃)နှစ်ရှိသူသည် တက္ကစီယာဉ်မောင်းနှင်ရန်မှအပ "ဃ" ယာဉ်မောင်းလိုင်စင်ကို လျှောက်ထားရယူနိုင်သည်။
  • (၃) တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး(၅)နှစ်ရှိ၍ စစ်မှုထမ်းခြင်းမှ နှုတ်ထွက်ပြီးသူသည် "င" ယာဉ်မောင်းလိုင်စင်ကို လျှောက်ထားရယူနိုင်သည်။
  • (၄) တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်း(၁)နှစ်မပြည့်သူသည် ယာဉ်မောင်းလိုင်စင်ရယူလိုလျှင် "သ" ယာဉ်မောင်း လိုင်စင်ရယူရမည်။

 

(ဌ) ၁၉၉၇ ခုနှစ်တွင် အာဆီယံနိုင်ငံများအကြား လက်မှတ်ရေးထိုးခဲ့သည့် “အာဆီယံနိုင်ငံများမှ ထုတ်ပေးသည့် ပြည်တွင်း ယာဉ်မောင်းလိုင်စင်များအား အပြန်အလှန်အသိအမှတ်ပြုရေး သဘောတူစာချုပ် (Agreement on the mutual recognition of Domestic Driving Licences issued by Asean Countries)”အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ သွားရောက် မည့်ပုဂ္ဂိုလ်များသည် ပြည်တွင်းမှ ထုတ်ပေးသည့် Chip ပါသော smart card ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်၍ မောင်းနှင်နိုင်ပါသည်။

 

(ဍ) အပြည်ပြည်ဆိုင်ရာယာဉ်မောင်းခွင့်လက်မှတ် International Driving Permit (IDP) ရယူ ရန်လိုအပ်ချက်များ-

  • (၁) သက်တမ်းရှိ ပြည်တွင်းယာဉ်မောင်းလိုင်စင်မူရင်းနှင့်မိတ္တူ။
  • (၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ (လျှောက်ထားသူသည် နိုင်ငံခြားသို့ ရောက်ရှိနေပါက နိုင်ငံကူး လက်မှတ်မိတ္တူဖြင့် လျှောက်ထားနိုင်ပါသည်။)
  • (၃) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ။
  • (၄) လျှောက်ထားသူ၏ Passport အရွယ်ဓါတ်ပုံ(၃)ပုံ။
  • (၅) အပြည်ပြည်ဆိုင်ရာယာဉ်မောင်းခွင့်လက်မှတ်အတွက် ကျသင့်ငွေ၊ မြန်မာကျပ်ငွေ (၁၅၀၀၀ဝိ/-)

 

(ဎ) နိုင်ငံခြားယာဉ်မောင်းလိုင်စင်မှ မြန်မာနိုင်ငံယာဉ်မောင်းလိုင်စင်သို့ ကူးပြောင်းလိုလျှင် လိုအပ်ချက်များ-

(၁) သက်တမ်းရှိနိုင်ငံခြားယာဉ်မောင်းလိုင်စင်မူရင်းနှင့်မိတ္တူ။

 

His/Her Driving License (original and copy)

 

(၂) သက်တမ်းရှိနိုင်ငံကူးလတ်မှတ်နှင့် ဗီဇာမူရင်းနှင့်မိတ္တူ။

Passport/Visa (original and copy)

(၃) ဓါတ်ပုံ(၂)ပုံ။

(2) photos

(၄) နိုင်ငံခြားသား၏ သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင် မှန်ကန်ကြောင်း ထောက်ခံချက်။

(၅) သက်တမ်း(၅)နှစ်အတွက် လိုင်စင်ခ မြန်မာကျပ်ငွေ (၁၅၀၀၀ဝိ/-) ကျပ်၊ စစ်ဆေးခ တစ်ကြိမ်လျှင် (၁၅၀၀ဝိ/-)ကျပ်။

(၆) နိုင်ငံခြားသား၏ လိုင်စင်တွင် ဖော်ပြချက်များ အင်္ဂလိပ်ဘာသာမဟုတ်ပါက အင်္ဂလိပ် ဘာသာ/မြန်မာဘာသာ ပြန်ဆိုချက်၊ တာဝန်ရှိသူ၏ ထောက်ခံချက်ပါရှိရမည်။

(၇) အမြင်အာရုံစစ်ဆေးခြင်း၊ ကိုယ်လက်အင်္ဂါသန်စွမ်းမှုစစ်ဆေးခြင်း။

(၈) စာတွေ့စစ်ဆေးခြင်း (စိတ်အခြေအနေ/အရက်သောက်တတ်မှုစစ်ဆေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရေးဖြေ စစ်ဆေးခြင်း)

(၉) လက်တွေ့စစ်ဆေးခြင်း (ဝန်ပေါ့မော်တော်ယာဉ်ဖြင့် ပတ်မောင်းနှင့် ဆိုက်ကပ်စစ်ဆေး ခြင်း)

(၁၀) စစ်ဆေးမှုများအောင်မြင်ပြီးပါက သူတစ်ပါးထိခိုက်မှုအာမခံကြေး ပေးဆောင်ပြီးကြောင်း အထောက်အထား

 

မှတ်ချက်။ နိုင်ငံခြားသံတမန်များ UN အဖွဲ့အစည်းဝန်ထမ်းများနှင့် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့်လက်မှတ် (IDP) ကိုင်ဆောင်သူများ စာတွေ့၊ လက်တွေ့ စစ်ဆေးခြင်း ကင်းလွတ်ခွင့်ပြုသည်။

(ဏ) သံရုံးများမှ သံတမန်များနှင့် သံတမန်အခွင့်အရေးရသူများအတွက် မြန်မာနိုင်ငံယာဉ်မောင်း လိုင်စင်လျှောက်ထားလိုလျှင် လိုအပ်ချက်များ-

(၁) သက်ဆိုင်ရာသံရုံးမှလျှောက်လွှာ။

(၂) နိုင်ငံခြားရေးဝန်ကြီးဌာန(သို့မဟုတ်)သံတမန်ရေးရာဦးစီးဌာနမှ ထောက်ခံချက်။

(၃) သံတမန်Passport မိတ္တူ။

(၄) သံတမန်စိစစ်ရေးကတ်မိတ္တူ။

(၅) သက်ဆိုင်ရာနိုင်ငံမှ လိုင်စင်မိတ္တူ။

(၆) ဓါတ်ပုံ(၂)ပုံ။

 

(တ) မော်တော်ယာဉ်မောင်းသူအတတ်သင်ကျောင်းမှတ်ပုံတင်ကြေးသတ်မှတ်ခြင်း−

(၁) ယာဉ်မောင်းသင်တန်းကျောင်းမှတ်ပုံတင်ကြေးမှာ − ၅၀၀၀၀ဝိ/−

Read 12266 times