ဓာတ်ဆီကား ထုတ်လုပ်ခဲ့သော ပထမဦးဆုံး အမေရိကန်ကားကုမ္ပဏီအကြောင်း မှတ်သားစရာ


ဓာတ်ဆီစွမ်းအင်အသုံးပြုသော မော်တော်ကားများကို ပထမဆုံး ထုတ်လုပ်ခဲ့သော မော်တော်ကားများကို ပထမဦးဆုံးထုတ်လုပ်ခဲ့သော အမေရိကန်ကားထုတ်လုပ်ရေး ကုမ္ပဏီမှာ ၁၈၉၅ ခုနှစ်က အမေရိကန် ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ စပရင်းဖီးမြို့တွင် စတင်တည်ထောင်ခဲ့သော Duryea Motor Wagon ကုမ္ပဏီဖြစ်ပါသည်။

Charles Duryea နှင့် ထိုသူ၏အကို Frank တို့၏ Duryea Motor Wagon ကုမ္ပဏီမှ မြင်းကောင်ရေ လေးကောင်အား ဆလင်ဒါ တစ်လုံးထိုးအင်ဂျင် တပ်ဆင်ထားသော Duryea Motor Wagon ကားအမျိုးအစားကို ပထမဆုံး စတင်ထုတ်လုပ်ခဲ့ပါသည်။

ထိုကားအမျိုးအစားကို ၁၈၉၄ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်က စပရင်းဖီးမြို့တွင် စတင်မိတ်ဆက်ပြသခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် အောင်အောင်မြင်မြင် ထုတ်လုပ်ခဲ့သော ပထမဦးဆုံး ဓာတ်ဆီအင်ဂျင် တပ်မတော်ကားဟု ဆိုနိုင်ပါသည်။

Frank သည် ၁၈၉၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော ဒုတိယမြောက် ဓာတ်ဆီစွမ်းအင်သုံး Duryea ကားအမျိုးအစားနှင့် ရှီကာဂိုမြို့တွင် ကျင်းပခဲ့သော အမေရိကန်ပြည်ထောင်စု၏ ပထမဦးဆုံးမော်တော်ကားပြိုင်ပွဲ Chicago Times Herald တွင် အနိုင်ရဗိုလ်စွဲခဲ့ပါသည်။

ထိုပြိုင်ပွဲတွင် Frank သည် တစ်နာရီကို ရ ဒသမ ၅ မိုင်နှုန်းဖြင့် ခရီးမိုင်စုစုပေါင်း ၅၄ မိုင် (၈၇ ကီလိုမီတာ) မောင်းနှင်ခဲ့ပါသည်။

၁၈၉၅ ခုနှစ်တွင် Frank တို့ညီအစ်ကိုနှစ်ဦးသည် ဓာတ်ဆီစွားအင်သုံးကားများကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချခဲ့ပြီး ၁၈၉၆ ခုနှစ်ကုန်ပိုင်းတွင် အစီးရေ ၁၃ စီးအထိ ရောင်းချနိုင်ခဲ့ပါသည်။

နောက်ပိုင်းတွင် Frank တို့ ညီအစ်ကိုနှစ်ဦးသည် ဘဏ္ဍာရေးအငြင်းပွားမှုကြောင့် သီးခြားစီရှေ့ဆက်ခဲ့ကြပြီး ၁၉၇၂ ခုနှစ်အထိ Frank က လက်နက်ခဲယမ်းများထုတ်လုပ်သော Stevens ကုမ္ပဏီနှင့် ပူးပေါင်းပြီး Stevens-Duryea ကားအမျိုးအစားများ ထုတ်လုပ်ခဲ့ပါသည်။

Charles သည် ၁၉၁၇ ခုနှစ်လောက်အထိ Duryea ကားများကို ဆက်လက်ထုတ်လုပ်ခဲ့ပါသည်။

Duryea သည် ၁၉၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အင်္ဂလန်နိုင်ငံ၊ ရိဒင်းမြို့ကို ပြောင်းရွှေ့အခြေချပြီးနောက်ပိုင်း Sternbergh ဆိုသူနှင့် ပူးပေါင်းပြီး မော်တော်ကားများ ထုတ်လုပ်ခဲ့ပါသည်။

၁၉၀၂ ခုနှစ်တွင် တစ်နာရီကို မိုင်နှစ်ဆယ်ခန့်အထိ မောင်းနိုင်သော သုံးဘီးတပ်၊ ဆလင်ဒါသုံးလုံးထိုး ဓာတ်ဆီစွမ်းအင်သုံး Duryea ကားများကို တစ်ပတ်တစ်စီးထုတ်လုပ်ခဲ့ပါသည်။

၁၉၀၅ ခုနှစ်တွင် တစ်နှစ်ကို ကားအစီးခြောက်ဆယ်ခန့် ထုတ်လုပ်နိုင်ခဲ့သော်လည်း ရှယ်ယာရှင်များအကြား မပြေလည်မှုကြောင့် ၁၉၀၇ ခုနှစ်တွင် လုပ်ငန်းပြိုလဲခဲ့ရပါသည်။

၁၉၁၆ ခုနှစ်တွင် Charles က မော်တော်ကားမကျ မော်တော်ဆိုင်ကယ်မကျ Duryea GEM ယာဉ်အမျိုးအစားသစ်ကို ထုတ်လုပ်ခဲ့ပါသည်။

မော်တော်ကားကဲ့သို့ ငြိမ့်ညောင်းတည်ငြိမ်ပြီး မော်တော်ဆိုင်ကယ်ကဲ့သို့ ထိန်းချုပ်ရသောစနစ်က ရိုးရှင်းလွယ်ကူသော Duryea GEM ကို ထုတ်လုပ်ဖန်တီးရန် ဒေါ်လာ ၂၅၀ သာ ကုန်ကျခဲ့ပါသည်။

ထုတ်လုပ်မှုစရိတ်သက်သာသော်လည်း ဓာတ်ဆီတစ်ဂါလန်ကို ခရီးမိုင် ၆၅ မိုင်အထိ မောင်းနှင်သွားလာနိုင်ပါသည်။

သို့သော်ရင်းနှီးငွေမလုံလောက်ခဲ့သည့်အတွက် Duryea GEM ကို အစီးရေ ခြောက်စီးသာ ထုတ်လုပ်နိုင်ခဲ့သလို Duryea GEM သည် Charles Duryea ထုတ်လုပ်ခဲ့သော နောက်ဆုံးမော်ဒယ်ကားအမျိုးအစားလည်း ဖြစ်ခဲ့ပါသည်။

 

Read 782 times