ကားအင်ဂျင်အပူချိန်မြင့်တက်စေသော အကြောင်းတရားများ


ပတ်ဝန်းကျင် ပြင်ပအပူချိန်မြင့်မားသဖြင့် အင်ဂျင်ရေဆူသောပြဿနာ အဖြစ်များပါသည်။

အင်ဂျင်အပူချိန် မြင့်တက်၍ ရေဆူခြင်းသည် အင်ဂျင်ပျက်စီးစေနိုင်သော အကြောင်းတရားတစ်ခုဖြစ်ပါသည်။

(၁) ရေတိုင်ကီ လေပေါက်များ ပိတ်နေခြင်း

ရေတိုင်ကီသည် လေအေးများများဖြတ်သန်းမှ အအေးခံနိုင်စွမ်းအား ပို၍ ကောင်းသော်လည်း ရေတိုင်ကီ လေဝင်ပေါက်ကလေးများတွင် ဖုန်မှုန့်များ၊ အမှိုက်များ၊ အင်းဆက်ပိုးကောင်ကလေးများ စသည်ဖြင့် ပိတ်ဆို့နေတက်ပါသည်။

လေဝင်ပေါက် ပိတ်ဆို့နေခြင်းသည် ရေတိုင်ကီ၏ အအေးခံနိုင်မှုစွမ်းရည်ကို ကျဆင်းစေနိုင်ပါသည်။

(၂) ရေတိုင်ကီအတွင်းပိုင်း ရေလိုင်းများ ပိတ်ဆို့နေခြင်း

ရေတိုင်ကီတွင် လောင်းထည့်သော ရေသည် မသန့်ရှင်းပါက (ရေစေးဖြစ်ပါက) ကြာလျှင် ရေချိုးများတက်ပြီး ရေတွင်ပါဝင်သော အနယ်အနှစ်များနှင့် ပိတ်ဆို့နေတက်ပါသည်။

ရေတိုင်ကီအတွင်းပိုင်းပိတ်ဆို့နေခြင်းသည် ရေလည်ပတ်မှုစွမ်းရည်ကိုပါ ကျဆင်းစေရုံသာမက ရေတိုင်ကီမှ အပူစွန့်ထုတ်နိုင်စွမ်းကိုလည်းကျဆင်းစေပါသည်။

ရေတိုင်ကီအတွင်းပိုင်း ညစ်ပတ်နေပါက ရေတိုင်ကီဆားဗစ်ဆိုင်တွင် ဖြုတ်၍ ပြုပြင်သင့်သည်။

ရေတိုင်ကီတွင် ရေချိုးများ မပိတ်စေရန် Anti-freeze Coolant ကို အသုံးပြုရပါမည်။

(၃) သာမိုစတက် ချွတ်ယွင်းပျက်စီးခြင်း

ချွတ်ယွင်းအားနည်းချက်ရှိသော သာမိုစတက်သည် ဖွင့်ချိန်၊ ပိတ်ချိန် မမှန်ကန်ခြင်းကြောင့် Cooling System မှ ရေများကို အပူချိန်မြင့်တက်စေသောကြောင့် သာမိုစတက်မကောင်းပါက စမ်းသပ်စစ်ဆေးပြီး အသစ်လဲလှယ်ရမည်ဖြစ်ပါသည်။

(၄) အအေးခံပန်ကာ ချွတ်ယွင်းခြင်း

ရှေ့ဆွဲအင်ဂျင်များတွင် အအေးခံပန်ကာကို လျှပ်စစ်မိုတာနှင့် မောင်းနှင်ပါသည်။

လျှပ်စစ်အားဖြင့် လည်ပတ်သော Cooling Fan များသည် အပူချိန်ထိန်းချုပ်စနစ်တစ်ခုက အဖွင့်/အပိတ်ကို စီမံပေးပါသည်။

ထိုစနစ်ချွတ်ယွင်းပါက လျှပ်စစ်ပန်ကာလည်ပတ်မှုမမှန်ဘဲ အပူချိန်တက်လာမည်။

(၅) ရေတိုင်ကီအဖုံး

ရေတိုင်ကီ Cap ဖုံးသည် အဖွင့်/အပိတ်ဘားပါသော အဖုံးတစ်ခုဖြစ်ပြီး ရေတိုင်ကီ၏ ဖိအားကို ထိန်းပေးပါသည်။

ရေဆူအမှတ်သည် ဖိအားနှင့် တိုက်ရိုက်အချိုးကျပြီး ဖိအားမြင့်မှ ရေဆူအမှတ်မြင့်မည်ဖြစ်ပါသည်။

အဖုံးမရှိပါက ရေတိုင်ကီထဲမှ ရေသည် သာမန်လေဖိအားတွင် 100 ံC အပူချိန်၌ ရေဆူပွက်မည်။

Cap အဖုံးကြောင့် ရေတိုင်ကီဖိအား 15 Psi ပိုများလာပါက ရေဆူအမှတ်သည် 127  ံC အပူချိန်အထိ မြင့်တက်သွားမည်။

ထို့အပြင် Cap ဖုံးသည် ရေတိုင်ကီထဲတွင် အအေးခံရည်များ အမြဲတမ်း အပြည့်ရှိနေစေရန် ဆောင်ရွက်ပေးသည်။

(၆) ပန်ကာကြိုး ပွန်းစား၍ ချောင်နေခြင်း

နောက်ဆွဲအင်ဂျင်များတွင် Cooling Fan ကို ပန်ကာကြိုး (V-Belt) ဖြင့် ဆွဲသည်။

ပန်ကားကြိုးစားနေ၊ ချောင်နေပါက အင်ဂျင်လည်သလောက် ပန်ကာအရွက်လိုက်၍ မလည်တော့ပေ။

ပန်ကာလေဆွဲအား ကျဆင်းနေလျှင် ရေတိုင်ကီအအေးခံနှုန်း ကျဆင်းသည်။

(၇) Fan Clutch ချွတ်ယွင်းနေခြင်း

အင်ဂျင်လည်သလောက်၊ ပန်ကာတိုက်ရိုက်မလည်စေရန် ပန်ကာအုံတွင် Clutch တပ်ဆင်ထားသည်။

အချို့ကားများတွင် Fan Clutch အုံချွတ်ယွင်း၍ ပန်ကာလေဆွဲအား ကျဆင်းတက်ပါသည်။

(၈) ဝါးတားပိုက် မကောင်းခြင်း

အင်ဂျင်ရေတိုင်ကီကို ဝါးတာပိုက်နှင့် ဆက်သွယ်ထားပြီး ဝါးတားပိုက်ဟောင်းလာပါက ရေယိုစိမ့်တက်ပါသည်။

ရေအပူချိန်မြင့်လျှင် ရော်ဘာပိုက်ပျော့သွားပြီး ဝါးတားပန့် အမြန်လည်ပတ်ခြင်းကို ခံနိုင်ရည်မရှိဘဲ ပိုက်ပြားသွားတက်ပါသည်။

ပိုက်ပြားသွားပါက ရေလည်ပတ်နှုန်း ကျဆင်းစေပါသည်။

(၉) Water Pump ရေလည်အုံ မကောင်းခြင်း

ရေလည်အုံဘောလ်၊ အွိုင်းဆီးလ် အင်ပယ်လား ဒလက်များသည် ပျက်စီးတက်သော သဘာဝရှိပါသည်။

ရေလည်အုံအတွင်းပိုင်းတွင် ရေချိုးများအနက် အနှစ်များပိတ်နေပါက ရေလည်ပတ်နှုန်း ကျဆင်းတက်ပါသည်။

(၁၀) မီးတိုင်မင် (Timing) မမှန်ခြင်း

Ignition Firing တိုင်မင်မမှန်ပါက အင်ဂျင်အပူချိန် မြင့်တက်ပါသည်။

(၁၁) ဘရိတ်ငြိခြင်းနှင့် Overload ဖြစ်ခြင်း

ကားဘီးဘရိတ်ရှူးများ မိနေခြင်း နှင့် ဝန်ပိုထမ်းရခြင်း Overload သည်လည်း အင်ဂျင်အပူချိန်ကို မြင့်တက်စေသည်။

(၁၂) အိပ်ဇောပိတ်နေခြင်း

အိပ်ဇောဘူးတွင် ကာဗွန်ချိုးများ၊ အမှုန်များ ပိတ်နေပါက Back Pressure ဖြစ်ပြီး အင်ဂျင်ပူတက်ပါသည်။

(၁၃) အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်း

ရေတိုင်ကီတွင် ရေလျော့နည်းနှုန်း မြန်နေပါက အအေးခံရေလိုင်းစနစ်တွင် ရေယိုစိမ့်မှုတစ်ခုခု ရှိနိုင်ပါသည်။

ရေယိုခြင်းသည် ပိုက်အဆက်ဆက်မှ သို့မဟုတ် ရေတိုင်ကီမှ သို့မဟုတ် ရေလည်အုံးမှ ဆိုသည်ကို သေချာစစ်ဆေးသင့်ပါသည်။

Read 1346 times