မိမိကားအင်ဂျင်ကြာရှည်အသုံးပြုနိုင်အောင် ပြုလုပ်သင့်သည့် အချက်များ အပိုင်း(၂)


မော်တော်ကားတစ်စီးတွင် အရေးကြီးဆုံးသော အဓိကအစိတ်အပိုင်းမှာ ကားအင်ဂျင်ဖြစ်ပါသည်။

အင်ဂျင်သက်တမ်းရှည်ရန်နှင့် အင်ဂျင်စွမ်းဆောင်ချက်များ အမြဲကောင်းနေစေရန် ဂရုစိုက် ထိန်းသိမ်းပေးရပါသည်။

ကားအင်ဂျင်တစ်လုံးသည် စနစ် (System) များစွာဖြင့် ဖွဲ့စည်းထားပြီး အမြဲလှုပ်ရှားလည်ပတ်နေရသဖြင့် ပုံမှန်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။

ကားတစ်စီး၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အခြေခံသဘောတရားများကို နားလည်သိရှိထားခြင်း မရှိသော၊ ကားအကြောင်း ရင်းနှီးကျွမ်းဝင်မှုမရှိသော၊ အတွေ့အကြုံမရှိသေးသော ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ၏ ကားထိန်းသိမ်းပုံ လိုအပ်ချက်များကြောင့် ကားအင်ဂျင်တစ်လုံးသည် သက်တမ်းစေ့မသုံးရဘဲ အကြီးစား ပြန်လည်ပြုပြင်ပေးရတက်ပါသည်။

ယခုတစ်ပတ်တွင် ကားအင်ဂျင်သက်တမ်းရှည်ရန် ထိန်းသိမ်း ဆောင်ရွက်သင့်သော နည်းလမ်းများကို ဖော်ပြသွားပါမည်။

၁။ Timing Belt နှင့် ပန်ကာကြိုးများ ထိန်းသိမ်းခြင်း

အင်ဂျင် Timing Belt ကြိုးပြတ်ထွက်သွားလျှင် အင်ဂျင်ပျက်စီးသွားမည်ဖြစ်ပြီး ကီလိုမီတာရှစ်သောင်းခန့်သုံးပြီးပါက Timing Belt ကြိုးအသစ်လဲသင့်ပါသည်။

ထို့အပြင် ပါဝါပန့်ကြိုး၊ ပန်ကာကြိုးအဖြစ်သုံးသော Belt ကြိုးများစစ်ဆေး၍ ကြိုးတင်းအား လျှော့ကျခြင်းမရှိစေရန် ထိန်းသိမ်းဂရုစိုက်သင့်သည်။

ပန်ကာကြိုးလျော့လျှင် ဒို်င်နမိုလည်အား ကျဆင်းပြီး ရေတိုင်ကီ လေဆွဲအားလည်း ကျဆင်းသွားမည်ဖြစ်ပါသည်။

၂။ ကားဒက်ရှ်ဘုတ်မှ သတိပေးမီးလင်းလာလျှင် ဂရုစိုက်ပါ။

အင်ဂျင်တစ်လုံး၏ အခြေအနေများသိရန် ကားဒက်ရှ်ဘုတ်တွင် သတိပေးမီးများက ယာဉ်မောင်းသူကို အမှားမလုပ်မိစေရန် သတိပေးဖော်ပြထားသည်။

ထို Warning Lamp များ၏ အဓိပ္ပါယ်နှင့် မီးလင်းလာပါက မည်ကဲ့သို့ လုပ်ဆောင်ရမည့်ကို သိရှိထားသင့်ပါသည်။

ဘက်ထရီမီးလင်းလာလျှင် ဒိုင်နမိုမှ ဘက်ထရီသို့ Charging မဝင်သောအခြေအနေကို သတိပေးနေပါသည်။

ပန်ကာကြိုးပြတ်နေခြင်း၊ ဒိုင်နမိုချွတ်ယွင်းနေမှုကြောင့် Charging မဝင်ခြင်း၊ ဒိုင်နမိုမိန်းကြိုးလောင်၍ ပြုတ်ကျနေခြင်း၊ ဘက်ထရီခေါင်းချောင်နေခြင်းများ စသည်တို့ကို စစ်ဆေးရန်လိုအပ်ပါသည်။

ထို့နည်းတူ အင်ဂျင်ဝိုင်မီးလင်းလာခြင်း သို့မဟုတ် မီးလင်းလိုက်/ ပျောက်လိုက်ဖြစ်ပေါ်နေခြင်းသည် အန္တရာယ်ရှိကြောင်း သတိပေးခြင်း ဖြစ်ပါသည်။

အင်ဂျင် Pressure ကျ၍ပြီးလင်းလာခြင်းဖြစ်သောကြောင့် အင်ဂျင်ဝို်င် Level ကျလွန်းနေခြင်း သို့မဟုတ် အင်ဂျင်ဝိုင်ယိုကျနေခြင်းများကို စစ်ဆေးသင့်ပါသည်။

အင်ဂျင် Check မီးလင်းလာလျှင် အင်ဂျင်တွင် အမှားတစ်ခုခု၊ ပြဿနာတစ်ခုခုရှိနေသောကြောင့် ဖော်ပြခြင်းဖြစ်သည့်အတွက် သတိပေးမိးများကို ဂရုစိုက်၍ အပြစ်အားနည်းချက်များကို ရှာဖွေဖော်ထုတ်၍ ချွတ်ယွင်းချက်များကို သက်ဆိုင်ရာကားဝပ်ရှော့ပ်များတွင် ပြသ၍ ပြုပြင်ရပါမည်။

၃။ Injector များနှင့် Fuel System ကို ထိန်းသိမ်းပါ။

Injector များမကောင်းလျှင် ဆီဖျန်ပေးသော ပုံစံမမှန်၍ အင်ဂျင်လုပ်ဆောင်ချက် ကျဆင်းပြီး အင်ဂျင်ဆွဲအားလည်း ကျဆင်းတက်ပါသည်။

ဆီတိုင်ကီမှ Fuel Pump နှင့် Filter များကို လိုအပ်ချိန်တွင် စစ်ဆေး၍ လဲလှယ်ပေးသင့်ပါသည်။

Common Rail ဆီလိုင်းထဲတွင် သတ်မှတ်ထားသော ဆီ Pressure ရှိရမည်ဖြစ်ပြီး Injector များကို ပုံမှန်စစ်ဆေး၍ Injector Cleaner နှင့် ဆေးကြောသန့်ရှင်းပေးရပါမည်။

၄။Spark Plug နှင့် ပလပ်ဝါယာကြိုးများ ပုံမှန်လဲပေးပါ။

ဓာတ်ဆီအင်ဂျင်တစ်လုံး ပါဝါစွမ်းအား အပြည့်အလုပ်လုပ်နိုင်ရန် ဆီစနစ်၊ မီးစနစ် ကောင်းရမည်။

မီးပေးစနစ် (Ignition System) တွင် Spark Plug များ၊ ပလပ်ကြိုးများကောင်းမှသာလျှင် မီးမှန်မည်ဖြစ်ပြီး မီးမမှန်သောကားများ အင်ဂျင်စွမ်းအားကျဆင်းပြီး မောင်း၍မကောင်းနိုင်ဖြစ်သဲ့သို့ ပလပ်သက်တမ်းကြာရှည်မခံ ခြင်းသည် ဓာတ်ဆီညံ့၍ဖြစ်သောကြောင့် အရည်အသွေးမှန်သော အောက်တိန်းဆီသာ သုံးသင့်ပါသည်။

ပလပ်ကောင်းသော်လည်း ပလပ်ဝါယာကြိုးများ မကောင်းပါကလည်း မီးမမှန်ဖြစ်တက်ပါသည်။

၅။ အင်ဂျင်ကျူးနင်း လုပ်ပေးပါ။

ခရီးမိုင်ခြောက်သောင်းကျော်၊ ကီလို ကိုးသောင်းကျော် သုံးပြီးပါက သင့်ကား အင်ဂျင် Performance ပိုကောင်းလာစေရန် အင်ဂျင်ကျူးနင်းလုပ်ပေးရန် လိုပါသည်။

ကျွမ်းကျင်သော ကားဝပ်ရှော့၊ ပစ္စည်းကိရိယာစုံလင်သော ကားဝပ်ရှော့တွင် အင်ဂျင်ကျူင်းနင်း ပုံမှန်လုပ်ပေးသင့်ပါသည်။

၆။ ဘက်ထရီနှင့် စက်နှိုးမိုတာကို ထိန်းသိမ်းပါ။

ဘက်ထရီမထိန်းသိမ်းဘဲ ပစ်ထားပါက သင့်ကားဘက်ထရီသည် သုံးမရသော Dead Battery ဖြစ်သွားပါမည်။

ဘက်ထရီငုတ်များ သန့်ရှင်းပေးခြင်း၊ ဘက်ထရီ မိုးရေ၊ အက်ဆစ် ပုံမှန်စစ်ဆေးတိုင်းတာခြင်း၊ လိုအပ်သလို ထပ်မံဖြည့်ပေးခြင်း၊ ဘက်ထရီခေါင်း၊ ဘက်ထရီ ကေဘယ်လ်ကြိုးများ အဆက်သေချာစေခြင်းများကို ပုံမှန်စစ်ဆေးလုပ်ဆောင်ပေးခြင်းသည် ဘက်ထရီထိန်းသိမ်းခြင်း ဖြစ်ပါသည်။

ဘက်ထရီ Overcharging မဖြစ်စေရန် ဂရုစိုက်သင့်ပြီး ဘက်ထရီမီးလင်းလာလျှင် Charging မဝင်သောကြောင့် AC/DC ဒိုင်နမိုနှင့် Charging စနစ်ကို စစ်ဆေးရန်လိုအပ်ပါသည်။

ကားတစ်စီးကို ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းရာတွင် ပုံမှန်အချိန်ပစ္စည်းလဲလှယ်ပေးခြင်းအပြင် ကားအင်ဂျင်၏ ထူးခြားဖြစ်စဉ်အရ ဖြစ်ပေါ်လာသော မူမမှန်သည့်အသံများ၊ တုန်ခါမှုများ၊ အင်ဂျင်စွမ်းဆောင်ရည်ကျဆင်း လာသော အခြေအနေများအပေါ်မူတည်၍ လိုအပ်သလို ထိန်းသိမ်းပြုပြင်ပေးရန် ဖြစ်ပါသည်။

ဂရုစိုက်ထိန်းသိမ်းမှုများ ပုံမှန်ဆောင်ရွက်ပေးမှသာ ကားအင်ဂျင်သက်တမ်းကြာရှည်ပြီး ယုံကြည်စိတ်ချစွာ ခိုင်းနိုင်ပါသည်။

 

Read 1518 times