မော်တော်ကားတစ်စီးတွင် အရေးကြီးဆုံးသော အဓိကအစိတ်အပိုင်းမှာ ကားအင်ဂျင်ဖြစ်ပါသည်။
အင်ဂျင်သက်တမ်းရှည်ရန်နှင့် အင်ဂျင်စွမ်းဆောင်ချက်များ အမြဲကောင်းနေစေရန် ဂရုစိုက် ထိန်းသိမ်းပေးရပါသည်။
ကားအင်ဂျင်တစ်လုံးသည် စနစ် (System) များစွာဖြင့် ဖွဲ့စည်းထားပြီး အမြဲလှုပ်ရှားလည်ပတ်နေရသဖြင့် ပုံမှန်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။
ကားတစ်စီး၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အခြေခံသဘောတရားများကို နားလည်သိရှိထားခြင်း မရှိသော၊ ကားအကြောင်း ရင်းနှီးကျွမ်းဝင်မှုမရှိသော၊ အတွေ့အကြုံမရှိသေးသော ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ၏ ကားထိန်းသိမ်းပုံ လိုအပ်ချက်များကြောင့် ကားအင်ဂျင်တစ်လုံးသည် သက်တမ်းစေ့မသုံးရဘဲ အကြီးစား ပြန်လည်ပြုပြင်ပေးရတက်ပါသည်။
ယခုတစ်ပတ်တွင် ကားအင်ဂျင်သက်တမ်းရှည်ရန် ထိန်းသိမ်း ဆောင်ရွက်သင့်သော နည်းလမ်းများကို ဖော်ပြသွားပါမည်။
၁။ ယာဉ်ပိုင်ရှင်လက်စွဲစာအုပ်ကို လေ့လာပါ။
ကားထုတ်လုပ်သူမှ ကားအင်ဂျင်ဆိုင်ရာ အချက်အလက်များနှင့် ကားတစ်စီးလုံးအတွက် လိုအပ်သော လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါသည်။
Owner’s Manual လက်စွဲစာအုပ်မရှိသော ကားများအတွက် ကားပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်များကို လေ့လာဖတ်ရှုသင့်ပါသည်။
တက်ကျွမ်းနာလည်သော မက္ကင်းနစ်စက်ဆရာများကို မေးမြန်းဆွေးနွေးရပါမည်။
၂။ အင်ဂျင်ဝိုင်နှင့် Oil Filter ကို ပုံမှန်လဲလှယ်ပေးပါ။
အင်ဂျင်၏ အသက်သည် အင်ဂျင်ဝိုင်ဖြစ်သောကြောင့် အင်ဂျင်ဝိုင်မှန်ကန်စွာရွေးချယ်သုံးစွဲရေးနှင့် အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်ပေးခြင်းသည် အင်ဂျင်သက်တမ်းရှည်ရေးအတွက် အဓိကကျပါသည်။
သုံးစွဲသက်တမ်းကျော်လွန်သော အင်ဂျင်ဝိုင်အဟောင်းများသည် ညစ်ညမ်းနေပြီး အင်ဂျင်ဘယ်ရင်များ၊ ဝင်ရိုးများနှင့် လည်ပတ်နေသော အင်ဂျင်အစိတ်အပိုင်းများကို ပွန်းစားပျက်စီးစေပါသည်။
မှန်ကန်သော အင်ဂျင်ဝိုင်နှင့် Oil Filter ဘူးများ ရွေးချယ်သုံးစွဲရေးသည်လည်း အရေးကြီးပါသည်။
ကားထုတ်လုပ်သူမှ သုံးစွဲရန်ညွှန်းဆိုထားသော အင်ဂျင်ဝိုင်အမျိုးအစားကိုသာ သုံးစွဲရမည်ဖြစ်ပြီး Oil Level ကို ပုံမှန်စစ်ဆေး၍ လိုအပ်လျှင် အင်ဂျင်ဝိုင်ထပ်ဖြည့်ပေးရပါမည်။ အင်ဂျင်ဝိုင်ယိုစိ်မ့်မှုရှိ/မရှိ ဂရုစိုက် စစ်ဆေးပေးရမည်။
ယာဉ်မောင်းသူသည် ကားတစ်စီးကို ကိုယ်တွယ်အသုံးပြုနေသူဖြစ်၍ ပုံမှန်စစ်ဆေးထိန်းသိမ်းသော လုပ်ဆောင်ချက်များကို ပြုလုပ်ပေးရန် တာဝန်ရှိပါသည်။
ကားနှင့်ပတ်သက်သော အခြေအနေကိုလည်း ကားပိုင်ရှင်၊ သို့မဟုတ် Fleet Manager သို့ သတင်းပို့ရန် တာဝန်ရှိပါသည်။
ပုံမှန်အားဖြင့် ခရီးမိုင် ငါးထောင်၊ ကီလိုမီတာဖြင့် ကီလို ရှစ်ထောင်ပြည့်တိုင်း အင်ဂျင်ဝိုင်နှင့် Oil Filter ကို လဲလှယ်ပေးရပါမည်။
၃။ အင်ဂျင်အအေးခံစနစ်ကို ထိန်းသိမ်းပါ။
ကားအင်ဂျင်တစ်လုံး ပုံမှန်အလုပ်လုပ်နိုင်ရန် အင်ဂျင်၏ အပူချိန်သည် Working Temperature တွင်ရှိနေရဖြစ်ပြီး အင်ဂျင်အပူလွန်ကဲပြီး ရေတိုင်ကီရေဆူလျှင် အင်ဂျင်ပျက်ဆီးသွားနိုင်ပါသည်။
အင်ဂျင် Overheat ဖြစ်၍ အပူချိန်အလွန်အမင်းတက်လာပါက အင်ဂျင်ဂတ်စ်ကတ် ပြတ်ပြီး Engine Head ပါ ကွဲသွားနိုင်ပါသည်။
ထို့ကြောင့် အင်ဂျင်အပူလွန်ကဲ့မှုမဖြစ်စေရန် ထိန်းသိမ်းပေးရသော တာဝန်သည် ယာဉ်မောင်းသူတစ်ဦး၏ တာဝန်ဖြစ်ပြီး ယာဉ်မောင်းသူတိုင်းသည် အင်ဂျင်အအေးခံစနစ်ကို လေ့လာသိရှိထားသင့်ပါသည်။
ရေတိုင်ကီနှင့် ရေလျှံဘူးတွင် အအေးခံရည် အမြဲတမ်း အပြည့်ရှိနေရန် စစ်ဆေးထိန်းသိမ်းပြီး Water Pump၊ သာမိုစတက်၊ ဝါးတားပိုက်၊ ပန်ကာကြိုး၊ Electric Fan များကောင်းမွန်စွာရှိ/မရှိစစ်ဆေးထိန်းသိမ်းရပါမည်။
ရေတိုင်ကီ ရေမဆူမီ အင်ဂျင်အပူတက်နေကြောင်း အပူချိန်ပြဂိတ်တွင် တွေ့နို်င်သောကြောင့်ကားမောင်းနေစဉ် အင်ဂျင်အပူချိန် Temperature Gauge ကိုသတိထားကြည့်ရမည်ဖြစ်ပါသည်။
ရေတိုင်ကီလေဝင်ပေါက်ကလေးများ တွင် ဖုန်၊ သဲ၊ အမှိုက်များ ပိတ်ဆို့ခြင်းမရှိစေရန် လေထိုးဆိုင်တွင် လေမှုသန့်ရှင်းပေးရပါမည်။
၄။ အင်ဂျင်အသက်ရှုမကျပ်ပါစေနှင့်။
အင်ဂျင်အတွင်းသို့ဝင်သောလေများ သန့်ရှင်းစေရန် Air Cleaner က စစ်ဆေးပေးပြီး လေစစ်ဆန်ခါ ပိတ်ဆို့နေပါက အင်ဂျင်အသက်ရှုကျပ်ပြီး စက်လည်ပတ်မှု မမှန်တော့ဘဲ အင်ဂျင်တစ်ခုလုံး တုန်ခါနေပြီးတစ်ခါတစ်ရံ စက်ထိုးရပ်သွားတက်ပါသည်။
လေစစ် Filter Element များကို လေမှုတ်သန့်ရှင်းပေးပြီး ခရီးမိုင် ၁၂၀၀၀ မှ နှစ်သောင်းအထိ သုံးစွဲပြီးပါက လေစစ် Filter အသစ်လဲပေးရပါမည်။
၅။ လောင်စာဆီလက်ကျန်ကို အမြဲဂရုစိုက်ပါ။
အရည်အသွေးကောင်းသော လောင်စာဆီ အမျိုးအစားကိုသာ ရွေးချယ်သုံးစွဲပြီး တိုင်ကီအောက်ခြေနားတွင် အနယ်ထိုင်နေသော ဆီချေး(ကြေး) အနယ်အနှစ်အမှုန်အမွှားများနှင့် ရေများကြောင့် ဆီစစ်ဘူးပိတ်ဆို့သွားစေသောကြောင့် ဆီတိုင်ကီတွင် ဆီလက်ကျန်ကုန်သည်အထိ အသုံးမပြုရန် သတိထားသင့်ပါသည်။
ဒီဇယ်ဆီနှင့် ဓာတ်ဆီလောင်စာဖြည့်တင်းရာတွင် ဆီနှင့်အတူရေနှင့် အညစ်အကြေးနယ်အနှစ်များ ရောနှောပါဝင်၍ ဆီပန့်နှင့် Injector များ ပျက်စီးထိခိုက်စေနိုင်ပါသည်။
ဆီတိုင်ကီတွင် ဆီသစ် ထပ်မံဖြည့်လျှင် မီးခေါက်သံမထွက်သော၊ မှန်ကန်သောအောက်တိန်းဆီကိုသာ ရွေးချယ်ဝယ်ရပါမည်။
အရည်အသွေးမမှန်သော၊ မသန့်ရှင်းသော လောင်စာဆီများကြောင့် အင်ဂျင် Performance ကျဆင်းပြီး Fuel Pump နှင့် Injector များကို ပျက်စီစေပြီး ဒီဇယ်ဆီသုံးကားများတွင်လည်း ဆာလာဖာပါဝင်မှုနည်းပါးသောPremium Diesel ကိုသာသုံးသင့်သည့်အပြင် ဆီစစ်ဘူးများ (Fuel Filter) ကိုလည်း အချိန်မှန်လဲပေးရပါမည်။