သတင်းမီဒီယာမျိုးစုံတွင် နေ့စဉ်ဖြစ်ပွားနေသော ယာဉ်မတော်တဆမှု ဖြစ်စဉ် သတင်းမျိုးများကို ကြားသိ မြင်တွေ့နေရပါသည်။
(၃-၄) နှစ် အတွင်းတွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များ ပိုများလာပါသည်။
ထိုယာဉ်တိုက်မှုများကြောင့် အသက်ဆုံးရှုံးရသူများ၊ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး မသန်စွမ်းဘ၀ ရောက်သွားရသူများ များစွာရှိသည့်အပြင် ထိုသူများ၏ မိသားစုဝင်များမှာလည်း လွန်စွာစိတ်မချမ်းသာမှုများ ဖြစ်ရပါသည်။
အမြန်လမ်းမကြီးပေါ်တွင်လည်း ယာဉ်တိုက်မှု ယာဉ်တိမ်းမှောက်မှုများ ပိုပြီးအဖြစ်များလာပါသည်။
ယာဉ် မတော်တဆမှုများ များပြားလာခြင်းကိုလျှော့ချရန် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေပါသည်။
ယာဉ်မတော်တဆမှုများကြောင့် တစ်နိုင်ငံလုံးတွင် အသက်ဆုံးရှုံခဲ့ရသူများမှာ (၂၀၀၅) ခုနှစ် အချိန်ကာလက (၁၂၈၃) ဦးသေဆုံးခဲ့ပြီး (၂၀၁၅) ခုနှစ်မှာ သေဆုံးသူ (၄၄၂၀) ဦးအထိ တိုးလာခဲ့ပါသည်။
နေ့စဉ်ဖြစ်ပွားနေသော ပျမ်းမျှနှုန်းကို လေ့လာကြည့်ပါက သက်ဆိုင်ရာက ထုတ် ပြန်ချက်အရ တစ်ရက်မှာဖြစ်ပွားနေသော ယာဉ်မတော်တဆမှုက (၄၇.၂၀) မှု၊ ဒဏ်ရာရရှိသူက (၇၈.၆၇) ဦး၊ သေဆုံးရသူက (၁၃.၉) ဦးရှိနေပါသည်။
ထိုစာရင်းဇယားသည် (၂၀၁၆) ခုနှစ်တွင် ကောက်ယူ ရရှိတဲ့ စာရင်းဖြစ်ပြီး ထိုကိန်းဂဏန်း ပမာဏကိုကြည့်ရင် တော်တော့်ကို ရင်လေးစရာဖြစ်၍ ကြောက်စရာလည်း ကောင်းလာပါသည်။
ယာဉ်တိုက်မှုကြောင့် ပထမဆုံး နစ်နာဆုံးရှုံးမှုက ကာယကံရှင်ဖြစ်ပြီး မိသားစု အပါအဝင် လူ့ဘဝတစ်ခုလုံး ပျက်စီး ဆုံးရှုံးရပါသည်။
ထို့ကြောင့်ယာဉ်တိုက်မှုများကို လျှော့ချနိုင်စေရန် အောက်ပါ နည်းလမ်းများကို ပြုလုပ်သင့်ပါသည်။
ပညာပေးပါ၊ လေ့ကျင့်ပါ။
ကျောင်းနေအရွယ် ကလေးများ၊ ကျောင်းသူကျောင်းသား၊ ဆရာ / ဆရာမများ အားလုံးကို ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဖို့ လိုအပ်ပါသည်။
လမ်းအသုံးပြုသူ၊ ခြေကျင်လမ်းလျှောက်သူ၊ စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက်ကားစီးသူအားလုံး လမ်းစည်းကမ်း သိရှိလိုက်နာရန်လိုသလို ပညာပေးဖို့လည်းလိုပါသည်။
Road Safety နှင့်ပတ်သက် ပြီး လူတိုင်းသိရှိ နားလည်သဘောပေါက်ရန် နည်းလမ်းပေါင်းစုံ ပညာပေးရန် လိုပါသည်။
က.ည.န၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့များသာမက ပြန်ကြားရေးဌာနကလည်း မီဒီယာကဏ္ဍမျိုးစုံကို အသုံး ချပြီး လူတိုင်းလူတိုင်း ကျေးလက် ဒေသအထိပါ ထိရောက်မှုရှိအောင် ယာဉ်အန္တရာယ် ကင်းဝေးရေး အသိ တရားတွေကို ပညာပေးရန်လိုပါသည်။
အသံလွှင့်ရေဒီယို၊ ရုပ်သံအစီအစဉ်များကနေ ပုံစံအမျိုးမျိုးနှင့် လူထုနားထဲ ရောက်အောင် စည်းရုံးဖြန့်ဝေရန် လိုပါသည်။
ပညာပေးရုပ်သံ ဇာတ်လမ်း၊ ဆွေးနွေးပွဲ စကားဝိုင်း၊ ဟာသမြောက် ပြိုင်ပွဲများ ဖန်တီးပေး နိုင်ပါသည်။
ယာဉ်မတော်တဆမှုကြောင့် မသန်စွမ်း ဖြစ်သွားရရှာသော ဒုက္ခသည်များ၏ ရင်တွင်းစကားသံ၊ မိသားစုခံစားမှု၊ ကုသပေးသော ဆရာဝန်များ၏ ဆွေးနွေး မှုတွေကိုလည်း စိတ်ဝင်စားအောင် တင်ပြနိုင်ပါသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ယာဉ်အန္တရာယ်ဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ဓာတ်ပုံ၊ ဆောင်းပါး စာစီ စာကုံးပြိုင်ပွဲများ ပြုလုပ်ပြီး လူငယ်ထုအတွင်းမှာ Road Safety နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုရှိအောင် တိုင်းနှင့်ပြည်နယ် မြို့ကြီးများတွယ် နမူနာပြလုပ်ဆောင်ရန်လိုပါသည်။
ယာဉ်မတော်တဆမှုဖြစ်ပေါ်စေသော အကြောင်းတရားများ
လမ်းများပေါ်တွင် နေ့စဉ်ဖြစ်ပွားနေသော ယာဉ်မတော်တဆမှုများကို လေ့လာသုံးသပ်ကြည့်လျှင် ဖြစ်ပွားရသော အကြောင်းတရားမျိုးစုံကို တွေ့ရှိနိုင်ပါသည်။
အများဆုံးဖြစ်ရသော အကြောင်းတရားမှာယာဉ် မောင်းသူကြောင့်ဖြစ်ပြီး တခြားအကြောင်းတရားများလည်း များစွာရှိနေပါသည်။
ထိုအရာများမှာ မိုးလေဝသ ရာသီဥတုကြောင့်၊ သဘာဝ၏ ဘေးအန္တရာယ်ကြောင့်၊ လမ်းတံတားအခြေခံအဆောက်အအုံ ပြဿနာကြောင့်၊ ယာဉ်ကြောထိန်းချုပ်မှုစနစ်များ အားနည်းနေခြင်းကြောင့်၊ မော်တော် ယာဉ်၏ စက်မှုပိုင်းဆိုင်ရာချွတ်ယွင်း ချက်ကြောင့်ဟုဆိုပြီး အကြောင်းတရားများ မျိုးစုံရှိနေပါသည်။
ထိုအကြောင်းတရားများကို တားဆီးမည်၊ ဖယ်ရှားမည်၊ ကာကွယ်မည်၊ ပြုပြင်မည်ဆိုလျှင် ယာဉ်မတော်တဆမှုများ လျော့ကျသွားနိုင်ပါသည်။
မိုးများခြင်း၊ ရေကြီးရေလျှံခြင်း
မိုးသည်းထန်စွာ ရွာနေသော အချိန်တွင် လမ်းမျက်နှာပြင်ချောနိုင်သည့်အပြင် မိုးရေကြောင့် ရှေ့မြင်ကွင်းလည်းရှင်းလင်းပြတ်သားခြင်း မရှိနိုင်ပေ။
မိုးများသော အခြေအနေမျိုးတွင် ကားအမြန်နှုန်း အရှိန်လျှော့ချပြီး သတိထားမောင်းသင့်ပါသည်။
မိုးရေ တင်နေသော လမ်းပေါ်မှာ မောင်းသောအရှိန်ပြင်းထန်လျှင် စလစ်ဖြစ်သွား နိုင်ပါသည်။
Hydroplane ကြောင့် တာယာဘီးနှင့် လမ်းမျက်နှာပြင်ထိတွေ့မှု ကုတ်အားကျသွားပြီး အန္တရာယ် ဖြစ်နိုင်ပါသည်။
ရေကြီးရေလျှံသော လမ်းအခြေအနေမျိုးတွင် ပိုပြီးအန္တရာယ် ဖြစ်နိုင်ခြင်းကြောင့် အထူးသတိထား ပြီး မောင်းသင့်ပါသည်။
မြူနှင်းများ၊ မီးခိုးမြူများပိတ်နေခြင်း
ရာသီဥတုကြောင့် မြင်ကွင်း မကောင်း၏ ဖြစ်စဉ်များထဲတွင် နှင်းကျပြီး မြူခိုးများ ပိတ်နေခြင်းမျိုးလည်း ဖြစ်တတ်ပါသည်။
နံနက်စောစော ဝေလီဝေလင်း အချိန်မျိုးတွင် ပိုပြီး ဖြစ်တတ်သောကြောင့် နှင်းများ ပိန်း ပိတ်မှောင်အောင် ကျနေပြီး ကားမီး ကြီးတောင်မတိုးနိုင်သော အခြေအနေမျိုးမှာ ကားမမောင်းသင့်သကဲ့သို့ ဆိုင်ကယ်၊ စက်ဘီးလည်းမစီးသင့်ပေ။
ယာဉ်မောင်းစိတ်ရှုပ်ထွေးနေခြင်း၊ စိတ်တိုဒေါသထွက်နေခြင်း
ယာဉ်မောင်းတစ်ဦးသည် ယာဉ်ကိုမောင်းနှင်နေစဉ်မှာ စက္ကန့်မလပ် အာရုံစိုက်နေရပါသည်။
အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်စရာ ဒေါသဖြစ်စိတ်တိုစရာ၊ စိတ်ရှုပ်ထွေးစရာ ရှိနေလျှင် ယာဉ်တိုက်မှု ဖြစ်သွားတတ်ပါသည်။
မိုဘိုင်းဖုန်း ခေါ်ဆိုခြင်းများ လက်ခံစကားပြောခြင်းများကိုလည်း ကားမောင်းနေစဉ်တွင် မပြုလုပ်သင့်ပေ။
ယာဉ်မောင်းသူနေထိုင် မကောင်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း
ကားတစ်စီးလုံးကို ခရီးစဉ် တစ်လျှောက် ဘေးကင်းအောင် ထိန်း သိမ်းမောင်းနှင်ရန် ယာဉ်မောင်းသူ၏ ကျန်းမာရေးသည် အရေးကြီးပါသည်။
နေထိုင်မကောင်းခြင်း၊ ဖျားချင်သလို နာချင်သလို ဖြစ်နေခြင်း၊ အအေးမိ နှာစေးချောင်းဆိုး ဖြစ်နေခြင်း၊ တစ်ကိုယ်လုံး ကိုက်ခဲနားကျင်နေခြင်းမျိုး ဖြစ်ပေါ်နေပါက ကားမောင်းခြင်းကို မပြုလုပ်သင့်ပေ။
မိုင်ပေါင်း လေးငါးခြောက်ရာခန့် ခရီးရှည်ကြီးကို နာရီပေါင်းများစွာ မောင်းရမယ်ဆိုလျှင် အဝေးပြေး ဘတ်စ်ကားကြီးများတွင် ယာဉ်မောင်းနှစ်ဦး ထားသင့်ပါသည်။
ဒရိုင်ဘာ အိပ်ငိုက်ခြင်း၊ ပင် ပန်းနွမ်းနယ်ခြင်း
အိပ်ရေး၀၀ မအိပ်ရသေးဘဲ ဒရိုင်ဘာတစ်ဦးသည် ကားမောင်းချိန် ကြာလာလျှင် မောင်းနေရင်းအိပ်ငိုက် လာတတ်ပါသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မောင်း အိပ်ငိုက်သွား၍ ဖြစ်ပွားရသော ယာဉ်တိမ်းမှောက်မှုများ များစွာဖြစ်ပေါ်လျက်ရှိပါသည်။
အရက်သောက်ပြီး မူးနေလျှင် ကားမမောင်းပါနှင့်
အရက်မူးနေသော ဒရိုင်ဘာတစ်ဦးသည် ကားကိုအန္တရာယ်ကင်းအောင် မထိန်းနိုင်သောကြောင့် ကားမောင်းသောတာဝန်မပြီးဆုံးခင် အရက်လုံးဝမသောက်ပါနှင့်။
ထရပ်ကားကြီးများ၊ ဘတ်စ်ကားကြီးများ၊ ကုန်သေတ္တာတင် နောက်တွဲယာဉ်ကြီးများ မောင်းသောဒရိုင်ဘာများ၊ အရက်စွဲပြီး နေ့တိုင်းညတိုင်း သောက်တတ်လျှင် ကားမောင်းသော အသက်မွေးအလုပ် ကို လုံးဝစွန့်လွှတ်ခြင်းသာ အားလုံး အတွက်အကောင်းဆုံး ဖြစ်ပါသည်။
အရက်စွဲနေသောယာဉ်မောင်း၊ မသောက်ရမနေနိုင် ခြေတုန်လက်တုန် ဖြစ်နေလျှင် ဆေးရုံတက်ပြီးအရက် ဖြတ်ပါ။
မူးယစ်ဆေးဝါး၊ ဆေးခြောက်၊ စိတ်<ကဆေးဝါးများသုံးစွဲနေသူ၊ စွဲလန်းနေသူများ ကားမမောင်းရ
မူးယစ်ဆေးဝါး တွေကြောင့် စိတ်မူမမှန်ဖြစ်နေသူတစ်ဦးဟာ ဘယ်နည်းနဲ့မှ ကားမမောင်းသင့်ပါ ဘူး။ ဆေးသမားများ ဆေးကြောင်နေ ပါက ထိုသူတို၏ အပြုအမူများ၊ တုံ့ပြန်မှုများ မမှန်ကန်နိုင်တော့ပေ။
လမ်းစည်းကမ်း ယာဉ်စည်းကမ်းများ ချိုးဖောက်ခြင်း
စည်းကမ်း ချိုးဖောက်မှုများကြောင့် စည်းကမ်းလိုက်နာသူများကို မလေးစားစရာ၊ စော်ကားရာရောက်ပါသည်။
အများသုံးလမ်းပေါ်ရောက်လျှင် ထိုစည်းကမ်းများကို လေးစားလိုက်နာရန် အားလုံးတွင် တာဝန်ရှိပါသည်။
ယာဉ်ထိန်းရဲ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ယာဉ်စည်းကမ်းလမ်း စည်းကမ်းများ မဖြစ်မနေလိုက်နာနေစေရန် ထိရောက်ဟန့်တားနိုင်သော ပြစ်ဒဏ်၊ မကျူးလွန်းရဲသော ပြစ်ဒဏ်များ ချမှတ်ပြီး အရေးယူရန် လိုအပ်ပါသည်။
အရေးကြီးသော နေရာတိုင်းတွင် CCTV ကင်မရာနှင့် မှတ်သားဖမ်းဆီးပြီး Public Eye ဟုခေါ်သော အများပြည်သူ မျက်စိထောင်ပေါင်းများစွာနှင့် စောင့်ကြည့်မှတ်သားပြီး သက်ဆိုင်ရာ ယာဉ်ထိန်းဌာနက တိုင်တန်းသတင်းပေးပို့ချက်များကို ထိရောက်မြန်ဆန်စွာအရေးယူရပါမည်။
ဆုပေးဒဏ်ပေး စနစ်ကျင့်သုံးပြီး လူတိုင်းလက်ထဲတွင်၊ ခရီးသည်တိုင်းလက်ထဲတွင် မိုဘိုင်းဖုန်း တွေရှိနေသောကြောင့် ဓာတ်ပုံရိုက်၍ဖြစ်စေ၊ ဗီဒီယိုဖိုင်ရိုက်၍ဖြစ်စေ ဝိုင်းဖမ်းပေး၍ ရပါသည်။
ပြည်သူများ၏ သတင်းပေးချက်ကို ထိထိရောက် အရေးယူပေးနိုင်ခဲ့လျှင် ပရမ်းပတာစည်းကမ်းပျက်နေခြင်းများ၊ ရမ်းကားနေခြင်းများ လျော့ကျသွားနိုင်ပါသည်။
ယာဉ်ထိန်းရဲဖမ်းနိုင်သောအင်အားထက် ပြည်သူ့မျက်လုံး သန်းပေါင်းများစွာ၏ စွမ်းအားက ပိုပြီးထိရောကစေမည်ဖြစ်ပါသည်။
မီးနီဖြတ်၊ လမ်းပြောင်းပြန် ကျော်တက်ခြင်း
ယာဉ်တိုက်မှု အများဆုံးဖြစ်စေခြင်းက ရေးကြီးသော စည်းကမ်းကို မလိုက်နာမှုကြောင့်ဖြစ်သောကြောင့် လုံးဝမကျူးလွန်ရဲအောင်၊ ကြောက်နေအောင် ပြင်းပြင်းထန်ထန် နှိပ်ကွပ်အရေးယူရန်အချိန် တန်ပါပြီဖြစ်ပါသည်။
မော်တော်ယာဉ်စက်မှုပိုင်းဆိုင်ရာ ချွတ်ယွင်းခြင်း
ဘရိတ်၊ စတီယာရင်၊ တာယာ ဘီးများချွတ်ယွင်းပါက ယာဉ်တိုက်မှု ဖြစ်ကြရပါသည်။
မိမိကားကို ထိန်း သိမ်းပြုပြင်ရန်တာဝန်ယူရပါသည်။
တာဝန်မဲ့၍ မတော်တဆမှုဖြစ်လျှင် ယာဉ်မောင်းကိုသာမက ယာဉ်ပိုင်ရှင်မှာလည်း တာဝန်ရှိလာပါသည်။
ယာဉ်လိုင်းဆိုလျှင်လည်း သက်ဆိုင်ရာ ယာဉ်လိုင်းကြီးကြပ်သူမှာ တာဝန် ရှိလာပါသည်။
အရေးယူမှ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ထိရောက်လာပါ လိမ့်မည်။
ယာဉ်မောင်းလိုင်စင်အဆင့်မမီခြင်း၊
ဖျက်သိမ်းလိုင်စင်ဖြင့် ခိုးမောင်းခြင်း
မောင်းခွင့်မရှိသော ကားအမျိုးအစားကို အဆင့်မမီသော ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားသူက မောင်းနေကြခြင်းမှာ အများဆုံးဖြစ်ပါသည်။
ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအားနည်းခြင်းကြောင့် ယာဉ်တိုက်မှုများ ပိုဖြစ်နေပါသည်။
မမှန်မကန်ယာဉ်မောင်း လိုင်စင်ဖြင့်မောင်းလျှင် ယာဉ်မောင်းကိုသာမက ခွင့်ပြုသူယာဉ်ပိုင်ရှင်၊ ကြီးကြပ်သူကိုပါ အရေးယူသင့်ပါသည်။
ကျွဲ၊ နွားတိရစ္ဆာန်များ လမ်းဖြတ်ကူးခြင်း
ထိန်းကျောင်းသူမရှိသော ကျွဲနွားတိရစ္ဆာန်များကြောင့် မလိုလားအပ်သော ယာဉ်တိမ်းမှောက်မှုများ ဖြစ်ရပါသည်။
အမြန်လမ်းမတွင် ကျွဲနွား တိရစ္ဆာန် အန္တရာယ်သတိထား မောင်းပါ။
အချက်ပြမီး၊ ဘရိတ်မီး၊ ကားရှေ့မီးကြီးများ မပြည့်စုံခြင်း
ရေသုတ်တံဝိုင်ဘာ၊ ကား ဟွန်းများမပြည့်စုံခြင်း
အနှေးယာဉ်နှင့် ဘီးတပ် လှည်းများ၊ ထော်လာဂျီများ၊ လယ် ယာသုံးစက်ယန္တရားများ စည်းကမ်း မဲ့ခြင်း
ဆိုင်ကယ်စီးသူများ ဦးထုပ် မဆောင်းခြင်း၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းလိုက်နာမှုအားနည်းခြင်း၊ အသက်မပြည့်သော၊ အရွယ်မရောက် သေးသူများ ဆိုင်ကယ်စီးခွင့်ပေးခြင်း
ယာဉ် မတော်တဆမှုများမှ ကာကွယ်ပါ
သတ်မှတ်အမြန်နှုန်းအတွင်းသာ မောင်းပါ။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများ၊ နည်းဥပဒေများကို လေးစားလိုက်နာပါ။
ထိုင်ခုံခါးပတ် ပတ်ပြီးမှ ကားမောင်းပါ။
လမ်းလျှောက်သူ၊ လမ်းဖြတ် ကူးသူ ကလေးသူငယ်များနှင့် မသန် စွမ်းသူများကို ဦးစားပေးပါ။
သတိပေးဆိုင်းဘုတ်များကို ဖတ်ပါ။ လေးစားပါ။ လိုက်နာပါ။
ရောင်ပြန်စတေကာသုံးပါ။ ညပိုင်းမီးမပါသော အနှေးယာဉ် စက်ဘီး၊ ဆိုင်ကယ်များ လမ်းမကြီး ပေါ်မတက်ပါနှင့်။
တာယာဘီးများ ဂရုစိုက်ပါ။ တာယာနှင့်ပတ်သတ်သည့် အသိပညာဗဟုသုတပြည့်စုံအောင် လေ့လာထားပါ။
ကား၊ ဆိုင်ကယ်များကို စိတ်ချရသော အခြေအနေ ကောင်းဖြစ်နေစေရန် ထိန်းသိမ်းပါ။
အများသုံး လမ်းပေါ်မှာ ကားမောင်းမသင်ပါနှင့်။ စက်ဘီးစီး မသင်ပါနှင့်။
ညအချိန် လမ်းလျှောက်လျှင် အလင်းပြန်အားကောင်းသော အင်္ကျီ အဝတ်အစားကို ဝတ်ဆင်ပါ။