ဘက်ထရီရဲ့ တာဝန် ၅ ရပ်


ဘက်ထရီရဲ့ တာဝန် ၅ ရပ်



ကားမှာ ချစ်ပ်တွေ သုံးပြီး ကွန်ပျူတာ အပါအဝင် အီလက်ထရွန်းနစ် အစိတ်အပိုင်းတွေ အများကြီး သုံးထားတော့ ဓာတ်အား လိုတယ်။ တည်ငြိမ်တဲ့ ဓာတ်အား ဖြစ်ဖို့လည်း လိုတယ်။ အမြဲမပြတ် လိုတိုင်းရ ဖြစ်နေဖို့လည်း လိုတယ်။ အဲဒီလိုအပ်ချက်တွေကြောင့် ဘက်ထရီရဲ့ အခန်းကဏ္ဍက ပိုအရေးပါနေပြီး ပိုအရေးကြီးပါတယ်။


ဘက်ထရီရဲ့ လုပ်ငန်းဆောင်တာတွေကို အဓိအအားဖြင့် ကဏ္ဍ ၅ ရပ် ခွဲခြားရှုမြင်နိုင်ပါတယ်။
အင်ဂျင် စက်နှိုးပေးဖို့လောက်သာ အရေးပါတာ မဟုတ်တော့ပါဘူး



၁။ ကားစက်နိုးနေချိန်ဖြစ်စေ စက်သတ်ထားချိန် ဖြစ်စေ ဘက်ထရီရဲ့ အမြဲတမ်း လုပ်ငန်းဆောင်တာ တစ်ရပ်က ပါဝါဘဏ် power bank အဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။ အားသွင်းပေးထားတာကို သိမ်းဆည်းထားပေးတယ်။
ကားစက်နှိုးဖို့ အင်ဂျင်ကို စက်နှိုးမော်တာ စတတ်တာ မော်တာက လှည့်ဖို့ ပါဝါကို ဘက်ထရီက ထုတ်ပေးတယ်။
စက်သတ်ထားတုန်း မီးထွန်းဖို့ ပါဝါကိုလည်း ဘက်ထရီက ထုတ်ပေးတယ်။
တခြားကိစ္စဝိစ္စတွေအတွက် ပါဝါလိုအပ်ရင် ဘက်ထရီက ပါဝါဘဏ်အဖြစ် ထုတ်ပေးပါတယ်။
သတိပြုစရာက စက်သတ်ထားတုန်း ပါဝါသုံးတာ များသွားရင် ဘက်ထရီက ကားစက်နှိုးရင် ပေးဖို့ ပါဝါ မလုံလောက်တော့အခါ အင်ဂျင်ကို နှိုးပေးနိုင်တော့မှာ မဟုတ်ဘူး။

ကားကို ရက်ကြာကြာ မသုံးဘူးဆိုရင် ဘက်ထရီခေါင်း ဖြုတ်ထားသင့်ပါတယ်။ မဖြုတ်ဖြစ်ရင် အခါအားလျော်စွာ စက်နှိုးပေးထားပြီး ဘက်ထရီ အားပြန်ဖြည့်နိုင်အောင် လုပ်ပေးသင့်ပါတယ်။

ကားဘက်ထရီက အားထက်ဝက်ကျော်အထိ ကုန်သွားပြီးရင် နာလန်မထူတော့ပါဘူး။

 




၂။ ကားစက်နိုးသွားဖို့ နှိုးတဲ့အခါ လိုအပ်တဲ့ စွမ်းအင်တွေကို ဘက်ထရီက ထုတ်ပေးပါတယ်။ ဆွဲသုံးတဲ့ စွမ်းအင်က များပါတယ်။ ဘက်ထရီ ဝပ်ကျသွားနိုင်ပါတယ်။ စတတ်တာမော်တာ လှည့်ပြီး နှိုးတာ မနိုးရင် စက်နှိုးတာ ခဏရပ်ထားပြီးမှ နောက်တစ်ကြိမ် ပြန်နှိုးကြည့်ပါ။

 



၃။ စက်စနှိုးတဲ့အခါ စတတ်တာမော်တာ လှည့်ဖို့အပြင် အင်ဂျင်ထဲမှာ စပတ်ပလပ်တွေ မီးကျွေးဖို့ကိုလည်း ဘက်ထရီက ဓာတ်အား ထုတ်ပေးရပါတယ်။

 



၄။ အော်လ်တာနိတ်တာ (ဒိုင်နမို)အတူ ဘက်ထရီ လုပ်ကိုင်ပြီး အီလက်ထရွန်းနစ် အစိတ်အပိုင်းတွေကို ဓာတ်အားအပြည့်အဝရ‌နေအောင် လုပ်ကိုင်ပေးပါတယ်။

အော်လ်တာနိတ်တာကို အင်ဂျင်က လှည့်ပေးတယ်။ ဂျင်နရေတာအဖြစ် လုပ်ကိုင်ပြီး ဓာတ်အား ထုတ်ပေးတယ်။ ဘက်ထရီကို အားသွင်းပေးတယ်။ ကားတစ်စီးလုံး ဓာတ်အား ဖြန့်ဖြူးပေးတယ်။ ရေဒီယို၊ လေအေးပေးစက်၊ USB ၊ အခြား အရန်အီလက်ထရွန်းနစ် ပစ္စည်းများ အစရှိတာတွေထံ ဓာတ်အား ဖြန့်ဖြူးတာမှာ မနိုင်မနင်း ဖြစ်လာရင် ဘက်ထရီက ဝင်ကူပြီး ဓာတ်အား လွှတ်ပေးပါတယ်။

 



၅။ အော်လ်တာနိတ်တာက ဓာတ်အား အလွန်အကျွံ ပေးလို့မရအောင် ဘက်ထရီက ဝင်ထိန်းပေးထားပါတယ်။ မီးအားများရင် အီလက်ထရွန်းနစ်ပစ္စည်းတွေ လောင်ကျွမ်းပျက်စီးကုန်လိမ့်မယ်။ အလွန်အကျွံဖြစ်သွားရင် ဘက်ထရီက ရယူပေးလိုက်ပါတယ်။

Read 404 times