ထိုင်းနိုင်ငံက လာမယ့် ၂၀၃၅ ခုနှစ် မတိုင်ခင်မှာ အိပ်ဇောစွန့်ထုတ်မှုမဲ့ ကားတွေချည်း သုံးစွဲတဲ့နိုင်ငံအဖြစ်သို့ ရောက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ကြောင်း ကြေညာပါတယ်။ ဒီဇယ်ကား ဓာတ်ဆီကားတွေ သုံးစွဲမှု ရပ်ဆိုင်းမယ့် အစီအစဉ်ကိုလည်း ရေးဆွဲထားတယ်။
ထိုင်းစွမ်းအင်ဝန်ကြီးဌာန အမျိုးသားမူဝါဒကော်မတီ အကြံပေး Kawin Thangsupanich က ကိုဗစ်-၁၉ အလွန်မှာ ကားထုတ်လုပ်ရေးကဏ္ဍ ပြန်လည်ကြီးထွားတဲ့အခါ လျှပ်စစ်ကားလုပ်ငန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်သွားဖို့ ချိန်ရွယ်ထားတယ်လို့ ပြောကြားပါတယ်။
“ကမ္ဘာမှာ အဲဒီဦးတည်ချက်ကို သွားနေတာ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ မြန်မြန်ရွေ့မှ ဖြစ်မယ်။ ကိုဗစ်ကပ်ရောဂါလွန် ကြီးထွားမှုကို ကျွန်တော်တို့ ဖမ်းဆုပ်ချင်တယ်။ ကျွန်တော်တို့က ထုတ်လုပ်မှု ဗဟိုချက် ဖြစ်ချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ပစ္စည်းတွေ ပေးသွင်းတဲ့ ကွင်းဆက်တွေ အများအပြား ရှိထားနှင့်ပြီးသား ဖြစ်နေတယ်။
၂၀၃၀ ခုနှစ်မတိုင်ခင် ထိုင်းနိုင်ငံမှာ မော်တော်ယဉ် မှတ်ပုံတင်ထားတဲ့ ကားတွေမှာ လျှပ်စစ်မော်တော်ယာဉ် Electric Vehicle EV တွေ ထက်ဝက်ဖြစ်နေရမယ်လို့ မျှော်မှန်းထားတယ်။ လောလောဆယ်မှာတော့ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကားတွေရဲ့ ၁% သာ EV တွေ ဖြစ်ပါတယ်။
Thangsupanich က အခိုင်အမာ ပြောဆိုတာမှာ ကားပိုင်ရှင်တွေ အီးဗီပြောင်းစီးစေဖို့အတွက် အစိုးရက နည်းလမ်းတွေအမျိုးမျိုးကို ရှာပေးဖို့ လိုအပ်တယ်။ ဥပမာ အခွန်လျှော့ပေါ့ပေးထားတာမျိုး ရှိနေရမယ်။ ပြည်တွင်း ကာူထုတ်လုပ်တဲ့အပိုင်းမှာလည်း အီးဗီတွေ ထုတ်လုပ်ဖို့ အားပေးအာမြှောက်ပြုတဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ပြဋ္ဌာန်းပေးထားရမယ်။
ထိုင်း လျှပ်စစ်မော်တော်ယာဉ်အသင်း Electric Vehicle Association of Thailand ရဲ့ ဂုဏ်ဆောင်ဉက္ကဋ္ဌ Yossapong Laoonual ကလည်း တစ်သဘောတည်း ဖြစ်ပါတယ်။ လူတွေ သူ့သဘောသူဆောင်ပြီး အီးဗီ ပြောင်းကြဖို့ဆိုတာ အချိန် အရမ်းကြာလိမ့်မယ်လို့ သူက သုံးသပ်တယ်။ သူက “လျာထားချက်တွေ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ချမှတ်ပေးထားမှ လူတွေက မဖြစ်မနေ အီးဗီ ဝယ်စီးကြရမယ်။ ဒီတော့မှ ကားထုတ်လုပ်သူတွေအဖို့ အီးဗီထုတ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်ကြမယ်” လို့ ရှင်းပြပါတယ်။
ထိုင်းနိုင်ငံက နောက်ဆုံးမှာတော့ အီဗီဆီသို့ ခုန်တက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
Source: topgear.com