ထိုင်း ကားထုတ်လုပ်မှု နိုဝင်ဘာလတွင် အမြင့်ဆုံး စံချိန်တင်


ထိုင်း ကားထုတ်လုပ်မှု နိုဝင်ဘာလတွင် အမြင့်ဆုံး စံချိန်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ထိုင်းနိုင်ငံ၏ မော်တော်ကား ထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် အစီးရေ ၁၉၀,၁၅၅ စီးအထိ ရှိခဲ့ပြီး  ၄၄ လတာ ကာလအတွင်း အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း၊ ယမန်နှစ် နိုဝင်ဘာလထက် ၁၅% မြင့်တက်ကြောင်း ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries(FTI) မှ ပြောကြားသည်။

၂၀၂၂ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာတွင် စီးရေ ၁.၇၂ သန်း ထုတ်လုပ်ခဲ့သည်။ ယမန်နှစ် အလားတူကာလထက် ၂၁% ပိုများသည်။
၂၀၂၂ အတွက် ကားထုတ်လုပ်မှု လျာထားချက် စီးရေ ၁.၇၅ သန်းပြည့်လုနီးပါးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
မော်တော်ယာဉ်သုံးချစ်ပ် ပြတ်လပ်မှု လျော့နည်းသွားသဖြင့် ထုတ်လုပ်စီးရေ မြင့်တက်လာခဲ့သည်ဟု FTI ၏ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ချုပ်၏ Automotive Industry Club ပြောရေးဆိုရေးတာဝန်ခံ Surapong Paisitpatanapong က ပြောကြားသည်။ 
သတင်းနည်းပညာနယ်ပယ်တွင် ချစ်ပ်ဝယ်လိုအား ကျဆင်းသဖြင့် မော်တော်ယာဉ်ကဏ္ဍအတွက် ဇွန်လနောက်ပိုင်းတွင် ချစ်ပ်များ ပိုမိုရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ကားထုတ်လုပ်သူများသည် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်လည်း ချစ်ပ်များ ပိုတိုးပြီး ရရှိခဲ့ကြသည်။
"ဒါက မော်တော်ကားလုပ်ငန်းအတွက် ကောင်းတဲ့လက္ခဏာပါ။ မော်တော်ကားထုတ်လုပ်ရေး ရည်မှန်းချက် အစီးရေ ၁.၈ သန်းအထိ ရောက်ဖို့ မျှော်လင့်ပါတယ်" ဟု Mr Surapong မှ ပြောကြားခဲ့သည်။

ယင်းအခြေအနေကြောင့် FTI သည် လာမည့်နှစ်တွင် ကားထုတ်လုပ်ရေးနှင့်ပတ်သက်၍ ပိုတိုးပြီး ထုတ်လုပ်ရန် မျှော်လင့်ချက် ဖြစ်စေသော်လည်း ၂၀၂၃ ခုနှစ်အတွက် ရည်မှန်းချက်ကို မကြေညာမီ ဒီဇင်ဘာလအတွက် ထုတ်လုပ်စီးရေ ပမာဏကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

 

ပြည်တွင်းဈေးကွက် ရောင်းအားမှာ ယမန်နှစ် နိုဝင်ဘာလထက် ၄.၇၉% လျော့ကျခဲ့ပြီး စီးရေ ၆၈,၂၈၄ ရောင်းချခဲ့သည်။ ရောင်းအားကျဆင်းရသည်မှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသောကြောင့် ဖြစ်သည်။

 


ကားများ ပြည်ပတင်ပို့မှုတွင်လည်း ယမန်နှစ် နိုဝင်ဘာလထက် ကျဆင်းခဲ့သည်။ ၁၁% ကျဆင်းခဲ့ပြီး စီးရေ ၈၇,၉၇၉ တင်ပို့ခဲ့သည်။ 
ပြည်ပတင်ပို့ရန် ကားထုတ်လုပ်မှုမှာမူ ယမန်နှစ် နိုဝင်ဘာလထက် ပိုများသည်။ ၁၉.၁% ပိုများခဲ့ပြီး စီးရေ ၁၀၇,၃၄၅ ထုတ်လုပ်ခဲ့သည်။ 
ကားတင်ပို့မှု လျော့ကျခဲ့ရသည်မှာ သင်္ဘော မရသောကြောင့် ဖြစ်သည်။ နိုဝင်ဘာလတွင် နိုင်ငံအချို့တို့တွင် ကားတင်ပို့မှု မြင့်တက်ခဲ့ပြီး ကားတင်သင်္ဘော မလုံမလောက် ဖြစ်နေသည်။

 


 
လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) အပိုင်းအကန့်တွင် လာမည့်နှစ်မှာ ကနဦး မှတ်ပုံတင်သည့် စီးရေ ၂၅,၀၀၀-၃၅,၀၀၀ အထိ ရှိလိမ့်မည်ဟု FTI က ခန့်မှန်းသည်။
ယခုနှစ် ၂၀၂၂ ခုနှစ်အတွက် ရည်မှန်းထားသည်မှာ စီးရေ ၁၀,၀၀၀ ဖြစ်သည်။ ယခုနှစ်တွင်အီးဗီ စီးရေ ၈,၀၀၀ ကျော် ကနဦး မှတ်ပုံတင်ထားသည်။ 

လက်ရှိအသုံးများသည့် လစ်သီယမ် အိုင်းယွန်း lithium-ion ဘက်ထရီထက် ဈေးသက်သာသည့် ဆိုဒီယမ် အိုင်းယွန်း ဘက်ထရီကို ပြောင်းလဲသုံးစွဲကြသဖြင့် လာမည့်နှစ်တွင် အီးဗီများ ဈေးသက်သာမည်ဟု မျှော်လင့်ကြောင်း Mr Surapong က ပြောကြားသည်။

ထိုင်းနိုင်ငံသည် ဒေသတွင်းအတွက် မော်တော်ယာဉ် ထုတ်လုပ်ရေး အခြေစိုက်နိုင်ငံ ဖြစ်ပြီး Toyota နှင့် Honda အပါအဝင် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူများ၏ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရန်အတွက် ကားထုတ်လုပ်ရေး အခြေစိုက်သည့် နေရာလည်း ဖြစ်သည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကုန်ထုတ်လုပ်ငန်း အလုပ်အကိုင်များတို့၏ ၁၀% ကို ကားထုတ်လုပ်ရေးကဏ္ဍက ကျေးဇူးပြုပါသည်။

Source Bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 1042 times