ထိုင်းကားပြပွဲနှင့် မော်ဒယ်အသစ်များ ရောင်းအား


ထိုင်းကားပြပွဲနှင့် မော်ဒယ်အသစ်များ ရောင်းအား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အမှာစာ စတင်လက်ခံတဲ့နေ့မှာ စီးရေ ၂,၅၀၀ ကျော်ကို BYD Atto 3 လက်ခံရရှိခဲ့ပါတယ်။
တရုတ်ကားထုတ်လုပ်သူ BYD က ယခုနှစ်အတွင်း စီးရေ ၅,၀၀၀ အထိ ပေးအပ်မယ်လို့ ကတိပေးထားပါတယ်။ အခုလို လအနည်းငယ်အတွင်း ကားတွေ ပေးအပ်နိုင်တာက ရောင်းအား ကောင်းဖို့ အထောက်အကူ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ  နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Thailand International Motor Expo မော်တော်ကားပြပွဲမှာ လျှပ်စစ်ကားတွေကို ထိုင်းမော်တော်ကားသမားတွေက မျက်စိကျကြတယ်။ ဓာတ်ဆီဈေး မြင့်မားနေလို့ လျှပ်စစ်ကားတွေကို စိတ်ဝင်စားကြတယ်။
ဒါပေမဲ့ အီးဗီတွေ ပေးအပ်ဖို့ အသင့်ဖြစ်နေတဲ့  ကား brand တွေက အနည်းအကျဉ်းပဲ ရှိပါတယ်။ လက်ဦးမှု ရယူသူတွေထဲမှာ BYD ပါဝင်ပါတယ်။
"ကားအမြန်ဆုံး ပေးအပ်နိုင်တဲ့ brand မှန်သမျှ ဝယ်မယ့်သူတွေ စုပြုံလာမှာပဲ" ဟု ဘန်ကောက်မှာ နေထိုင်တဲ့ လင်မယားက ပြောပြတယ်။ သူတို့က မေလကတည်းက MG နှင့် Volvo ထံမှ အီးဗီဝယ်ဖို့ အမှာစာ စာရင်းသွင်းထားပြီး ကားရဖို့ စောင့်နေကြတယ်။
BYD Atto 3 SUV ကိုလည်း အမှာစာ စာရင်းပေးထားတယ်။ 
Atto 3 အမှာစာကို နိုဝင်ဘာလ ၁ ရက်မှာ စတင်လက်ခံတယ်။ ပထမ အစီး ၅,၀၀၀ ကို ယခုနှစ်ကုန်မှာ ရမယ်လို့ အာမခံတယ်။
ပထမနေ့မှာ ထက်ဝက်ကျော်အတွက် အမှာစာ ရခဲ့ပါတယ်။ BYD (Build Your Dream) က ထိုင်းဈေးကွက်ကို စက်တင်ဘာလမှာ စဝင်ခဲ့ပါတယ်။ အီးဗီတွေ ကားစက်ရုံတစ်ရုံဖြင့် ထုတ်လုပ်ဖို့ ပြည်တွင်းလုပ်ငန်းနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
ထိုင်းကားဈေးကွက်မှာ ကြီးစိုးနေတာ ကြာပြီဖြစ်တဲ့ Toyota Motor က ထိုင်းပြည်တွင်းမှာ ကားစက်ရုံ ရှိနှင့်ပြီးသားဖြစ်ပေမဲ့ အီးဗီ မထုတ်လုပ်သေး‌ပါ။ ၂၀၂၄ သို့မဟုတ် ၂၀၂၅ ကျမှ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှား ပြီူလျှင် ဒုတိယအကြီးမားဆုံး ဈေးကွက် ဖြစ်ပါတယ်။ ထိုင်းဈေးကွက်မှာ ကားအသစ်ဝယ်စီးသူတွေက မကြာခင် ထွက်လာမယ့် မော်ဒယ်အသစ်ကို စောင့်ကြလေ့ ရှိပါတယ်။ အီးဗီကိုတော့ လက်ထဲ အမြန်ဆုံးရမယ့်ကားမော်ဒယ် ကားbrand ကို ဦးစားပေး ရွေးချယ်ကြပါတယ်။

BYD က  ထိုင်းအစိုးရရဲ့ အီးဗီအထောက်အပံ့ရဖို့ ထိုင်းအစိုးရနှင့် သဘောတူစာချုပ် ချုပ်ဆိုထားပါတယ်။ စာချုပ်ပါ စည်းကမ်းချက်အရ ထိုင်းနိုင်ငံအတွင်း ကားထုတ်လုပ်မှုကို စတင်ဖို့ ၃ နှစ်အချိန်ရပါတယ်။ လေ‌ာလောဆယ်မှာ ပြည်တွင်း ထုတ်လုပ်မှု လုပ်ဆောင်ဖို့ ကတိပေးထားတဲ့အတွက် BYD က Atto 3 စီးရေ ၅,၀၀၀ ကို ထိုင်းဈေးကွက်ထဲ ရောင်းချဖို့ တင်သွင်းတဲ့အခါ ၈% အစား ၂% သာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ 

ပြည်တွင်း ထုတ်လုပ်မှု မပြုတဲ့ ကုမ္ပဏီဆိုရင်တော့ ၈% ပေးဆောင်ရမှာ ဖြစ်ပါတယ်။ 

ကားပြပွဲမှာ Mercedes-Benz က ထိုင်းပြည်တွင်းမှာ ထုတ်လုပ်တဲ့ လျှပ်စစ်ကားမော်ဒယ် EQS ဆီဒင်ကားကို ပြသပါတယ်။
"ဂျာမန်စီမံခန့်ခွဲမှုက  မလေးရှား ဒါမှမဟုတ် တရုတ်မှာ ဈေးပေါပေါနဲ့ လုပ်မယ့်အစား ထိုင်းကို ကားထုတ်လုပ်မှု အခြေစိုက်စခန်းဖြစ်ဖို့ တကယ်တိုက်တွန်းခဲ့တယ်”လို့ Mercedes Thailand မှ အထွေထွေ မန်နေဂျာ Atch Bunyaprasit က ပြောကြားပါတယ်။
EQS ကို ထိုင်းနိုင်ငံမှာ ယခုနှစ်မှာ စတင်ထုတ်လုပ်ပါတယ်။ ဂျာမနီအပြင်ဘက် အီးဗီ ထုတ်လုပ်တဲ့ ပထမဆုံး အခြေစိုက်တာ ဖြစ်ပါတယ်။ အီးဗီ မထုတ်ခင် ၂၀၁၉ မှာ ဘက်ထရီ စက်ရုံကို သွန်ဘူရီမှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဘက်ထရီတွေက အီးဗီတစ်စီး ထုတ်လုပ်တဲ့အခါ စျေးအကြီးဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် ထိုင်းမှာ ဘက်ထရီထုတ်လုပ်တဲ့အတွက် ယာဉ်တန်ဖိုးရဲ့ အနည်းဆုံး ၄၀% ပြည်တွင်းဖြစ် ဖြစ်ရမယ်ဆိုတဲ့ သတ်မ‌ှတ်ချက်မှာ ဘောင်ဝင်သွားလို့ ထိုင်းအစိုးရဲ့ ကုန်ရောင်းခွန် လျှော့ပေါ့ပေးတာကို Mercedes Thailand ရရှိပါတယ်။ အီးဗီ ထောပ်ပံ့ကြေးများအပြင် အခွန်လျှော့ပေါ့မှုကိုပါ ထပ်ဆောင်း ရရှိပါတယ်။ 

အဆိုပါ ၄၀% ဘောင်ဝင်တဲ့ ဂျပန်ကားထုတ်လုပ်ရေး လုပ်ငန်းများဖြစ်ကြတဲ့  Toyota, Honda,  Nissan တို့ ကုန်ရောင်းခွန် လျှော့ပေါ့မှု ရရှိကြတာ ကြာပါပြီ။ ဒါပေမဲ့ ၎င်းတိုရဲ့ လက်ရှိစက်ရုံတွေမှာ အီးဗီ ထုတ်လုပ်ဖို့ စက်တွေ ပြန်ဆင်ပြီး ထုတ်လုပ်ရေးလိုင်း ပြန်တည်ဆောက်ရမှာ ဖြစ်လို့ အခက်အခဲ ရှိနေကြပါတယ်။ တကယ်လို့ အီးဗီ ထုတ်လုပ်ရေးလိုင်းအသစ် တည်ဆောက်ခဲ့ရင် လက်ရှိ ထုတ်လုပ်နေတဲ့ အင်ဂျင်သုံး မော်ဒယ်တွေ ထုတ်လုပ်မှု ရပ်လိုက်ရတော့မှာ ဖြစ်ပါတယ်။ 

ကားဝယ်မယ့်သူတွေထဲမှာ ဓာတ်ဆီဈေး တက်တာကတစ်ကြောင်း၊ နောက်နောက်မှာ အီးဗီခေတ် ရောက်ရှိသွားမှာကြောင့် တစ်ကြောင်း အီးဗီကို စိတ်ဝင်စားမှု ရေချိန်မြင့်မားပါတယ်။ Toyota Motor ရဲ့ လျှပ်စစ်ကား Toyota bZ4X ကို နိုဝင်ဘာလ ၉ ရက်မှာ အမှာစာများ စတင်လက်ခံခဲ့ရာ အမှာစာ စီးရေ ၃,၀၀၀ ကျော် ရရှိထားပါတယ်လို့ Toyota အရောင်းကိုယ်စားလှယ် Siriporn Hantamrongkul က ပြောကြားပါတယ်။ ယခုနှစ်မှာ စီးရေ ၅၀ မျှသာ ပေးအပ်နိုင်မယ်လို့ ၎င်းက ပြောကြားပါတယ်။

တရုတ်ကားထုတ်လုပ်သူ  Great Wall Motor GWM က လျှပ်စစ်ကား Ora မော်ဒယ်များ စီးရေ ၂,၀၀၀ ယခုနှစ်မှာ  တင်သွင်းရောင်းချမယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၃၀ မှာ Ora Grand Cat sedan နှင့် Ora Good Cat hatchback တို့နှက့်အတူ ဟိုက်ဘရစ် SUV မော်ဒယ် ၂ မျိုးတို့ကို အမှာစာများ စတင်လက်ခံခဲ့ပါတယ်။
BYD နှင့် GWM တို့ရဲ့ အီးဗီတွေ ပွဲလယ်တင့်နေချိန်မှာ Ford နှင့် Nissan တို့က ပစ်ကပ်ထရပ်နှင့် SUV အကြီးစား မော်ဒယ်များကို ပွဲထုတ်ကြပါတယ်။ ခရီးဝေးသွားသူများ၊ ကျေးလက်မှ ဝယ်လက်များက ဝယ်စီးကြပါတယ်။
" ဘန်ကောက်နဲ့ အယုဒ္ဓယ ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူအဖို့ အီးဗီကို စိတ်မဝင်စားဘူး" လို့ BYD, Mercedes, Nissan အရောင်းကိုယ်စားလှယ် Warut Innoy က ပြောပြပါတယ်။
ကျေးလက်ဒေသနှင့် အဝေးပြေးလမ်းတွေမှာ ဘက်ထရီအားသွင်းဖို့ အခြေခံ အဆောက်အအုံ ကွန်ရက် မရှိသေးဘူး။ 
"လျှပ်စစ်ကားအမျိုးအစားက ဈေးကွက်ဝေစု ၁၀% ပဲ ရှိပါတယ်။ လျှပ်စစ်ပစ်ကပ် နေရာရဖို့ဆိုတာ အနည်းဆုံး သုံးလေးနှစ် လိုသေးတယ်" လို့ Ford Thailand ၏ လက်ထောက် မန်နေဂျင်းဒါရိုက်တာ Ratthakarn Jutasen  က ပြောကြားပါတယ်။

Toyota ရဲ့ ပရီမီယံ brand ဖြစ်တ‌ဲ့ Lexus အရောင်းကိုယ်စားလှယ်က " လျှပ်စစ်ကားတွေက လူတိုင်းနဲ့ မကိုက်ညီနိုင်ပါဘူး။ မိသားစု ကြီးရင်  ဗင်ကားကြီးကြီး လိုအပ်တယ်။ လျှပ်စစ်ကား ဗင်ကားကြီးကြီး မရနိုင်သေးဘူး" လို့ ပြောပါတယ်။
Lexus က ကားပြပွဲမှာ ဘန်ကောက်မြို့ ယာဉ်ကြောကျပ်တဲ့ အခြေအနေနှင့် ကိုက်ညီတဲ့ လျှပ်စစ်ကားစစ်စစ် မော်ဒယ်၊ အရွယ်ငယ်တဲ့ UX SUV တို့ကို ပြသပါတယ်။

ယခုနှစ် ကားရောင်းအားမှာ တိုယိုတာက ထိပ်ဆုံးမှာ သရဖူ ဆက်ဆောင်းထားပါတယ်။ ဒုတိယ Isuzu ၊ တတိယ Honda ၊ စတုတ္ထ Ford တို့ နေရာအသီးသီး ယခင်အတိုင်း ဆက်လက်ရယူထားကြပါတယ်။
မော်ဒယ်အရ ကြည့်ရင် Isuzu ရဲ့ D-Max နှင့် Toyota ရဲ့ Hilux တို့က ရောင်းအကောင်းဆုံး ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ စပါးရိတ်သိမ်းချိန် နောက်ကျလို့ ဝယ်လိုအား အနည်းငယ် ကျဆင်းခဲ့ပါတယ်။ 
Ford Motor က ၂၀၃၀ မှာ ၎င်းရဲ့ ကမ္ဘာ့ရောင်းအား ၄၀% လျှပ်စစ်ကား ဖြစ်ဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ ထိုင်းနိုင်ငံမှာ အီးဗီထုတ်လုပ်ဖို့ သုံးသပ်နေဆဲ ဖြစ်ပါတယ်။ ယခုနှစ်မှာ Ford Ranger ပစ်ကပ်ထရပ်က ထိုင်းဈေးကွက်မှာ ပဉ္စမ အရောင်းရဆုံးမော်ဒယ် ဖြစ်ပါတယ်။
ကားပြပွဲမှာ ဝင်မပြတဲ့ ကမ္ဘာ့ထိပ်တန်း အီး‌ဗီ ထုတ်လုပ်ရေးလုပ်ငန်းမှာ အမေရိကန်မှ Tesla ဖြစ်ပါတယ်။
Tesla က ဒီဇင်ဘာလဆန်းမှာ ထိုင်းဈေးကွက်ထဲ အမှာစာ စတင်လက်ခံဖို့ ပြင်ဆင်ထားပါတယ်။
Source Asia nikkei

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 768 times