ထိုင်းနိုင်ငံမှာ တက္ကဆီကားတွေ ကိုဗစ်ကြောင့် မပြေးဆွဲနိုင်ဘဲ အစုလိုက် အပြုံလိုက် ရပ်နားထားရပြီး ယခုအခါ ကားခေါင်းမိုပေါ်မှာ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ စိုက်ပျိုးနေကြတယ်။
တက္ကဆီလုပ်ငန်း နှစ်ခုမှ လုပ်သားတွေက ဝါးနဲ့ ခွေထားတဲ့ ဘောင်မှာ အမည်းရောင် ပလတ်စတစ်အမှိုက်အိတ်တွေကို တပ်ဆင်ပြီး ပလတ်စတစ်သားပေါ် မြေဆွေးတွေ တင်ပေးပြီး ဟင်းသီးဟင်းရွက်စိုက်ပျိူးကြတယ်။ ခရမ်းချဉ်၊ သခွား၊ ပဲ စတဲ့ အပင်ငယ်တွေ စိုက်ပျိုးကြတယ်။
အစုလိုက်အပြုံလိုက် ရပ်ထားတဲ့ ကားတွေကို လှမ်းကြည့်လိုက်ရင် အမိုးပေါ်မှာ စိုက်ခင်းငယ်ကိုယ်စီ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုဗစ် လော့ဒေါင်းကြောင့် တက္ကတီ အော်ပရေတာတွေနဲ့ တက္ကဆီယာဉ်မောင်းတွေ ဒုက္ခရောက်နေကြတာကိုလည်း သိသာထင်ရှားစေပါတယ်။
Ratchapruk နဲ့ Bovorn Taxi သမဝါယမ လုပ်ငန်းနှစ်ခုတို့ ကားစီးရေ ၅၀၀ ကိုသာ ဘန်ကောက်မြို့ရဲ့ လမ်းတွေပေါ်မှာ ပြေးဆွဲနေပြီး ကားစီးရေ ၂,၅၀၀ ကိုတော့ ရပ်နားထားရတယ်။
တက္ကဆီ ငှားတဲ့သူ အတော်နည်းနေလို့ တစ်နေ့တာ အုံနာခ ရဖို့ကိုတောင် ခဲယဉ်းနေလို့ ယာဉ်မောင်းတွေက တက္ကဆီ မဆွဲနိုင်ကြတော့ဘူး။ လုပ်ငန်းက ယခုကထက် တစ်ဝက်လျှော့ချပြီး တစ်နေ့ ဘတ် ၃၀၀ ပဲ ကောက်ခံတာတောင်မှ ဈေးဦးမပေါက်တဲ့နေ့တွေ ရှိတာမို့ တက္ကဆီတွေ မထွက်ကြဘူး။
တချို့ ယာဉ်မောင်းတွေက နယ်ကနေ ဘန်ကောက်မြို့မှာ လာရောက်လုပ်ကိုင်ကြတာဖြစ်ပြီး အခုလို အခြေအနေမှာ ကားပြန်အပ်ပြီး နယ်ပြန်သွားကြတယ်။ အထူးသဖြင့် ရောဂါ ပိုပြင်းထန်ပြီး ကူးစက်မှုလည်း ပိုမြန်ဆန်တဲ့ ကိုဗစ်ဒုတိယလှိုင်းမှာ အတော်များများ နယ်ပြန်ကုန်ကြတယ်။
“တချို့က ဓာတ်ဆီဆိုင်လို နေရာမျိုးမှာ ကားကို ရပ်ထားပစ်ခဲ့ကြပြီး ရုံးကို ကားလာယူဖို့ ဖုန်းဆက်အသိပေးတယ်” လို့ တက္ကဆီလုပ်ငန်းမှ အသက် ၄၅ ရှိသူ အရာရှိ Thapakorn Assawalertkul က ပြောပြတယ်။
ယာဉ်မောင်းတွေ ကားပြန်အပ်ကြတာ စီးရေ ထောင်ဂဏန်း ရှိနေပြီလို့ သူက ပြောပြတယ်။
ကားတွေကို ဘဏ်ချေးငွေဖြင့် ဝယ်ယူထားတာကြောင့် ယခုအခါ တက္ကဆီသမဝါယမ လုပ်ငန်းများအနေဖြင့် ဝင်ငွေမရတဲ့ ပြဿတာအပြင် ကြွေးမြီပြဿနာကိုပါ ရင်ဆိုင်နေကြရတယ်။ Ratchapruk နဲ့ Bovorn သမဝါယမ လုပ်ငန်းများ ကြွေးမြီ ဘတ် နှစ်ဘီလျံ ရှိတယ်။ ထိုင်းအစိုးရက တိုက်ရိုက် ငွေကြေးထောက်ပံ့မှု အကူအညီ မပေးသေးဘူး။ “ကျွန်တော်တို့ အကူအညီ ဆောလျင်စွာ မရရှိရင် ကျွန်တော်တို့ ပြဿနာ တကယ်တက်ကုန်လိမ့်မယ်” လို့ သူက ပြောပါတယ်။
တက္ကဆီခေါင်းမိုးစိုက်ခင်းတွေက ဝင်ငွေရပေါက်ရလမ်းတစ်ခုလို့တော့ ပြောဖို့ မဖြစ်နိုင်ဘူး။ သမဝါယဝန်ထမ်းတစ်ဦးတွေ လစာလျှော့ချဖြတ်တောက်ခံရတယ်။ အခု သူတို့က ကားခေါင်မိုးတွေပေါ်မှာ စိုက်ခင်းငယ်တွေ စိုက်ပျိုးကြတယ်။
“ဟင်းသီးဟင်းရွက်စိုက်ခင်းတွေက ဝန်ထမ်းတွေ စားစရာ ရဖို့အပြင် ဆန္ဒပြတဲ့သဘောလည်း ပါတယ်” လို့ Thapakorn က ပြောပြတယ်။
Source: AP