ထိုင်းနိုင်ငံ တစ်ပတ်ရစ်ကားဈေးကွက် အရှိန်တက်


ကိုဗစ်ကပ်ရောဂါကာလအတွင်း ကားဝယ်စီးကြသူတို့သည် တစ်ပတ်ရစ်ကား (Second-hand car) ကို ဝယ်စီးဖို့ ပိုလိုလားကြသည်။
  
 ထိုင်းနိုင်ငံ တစ်ပတ်ရစ်ကားဈေးကွက် ဆက်လက်ကြီးထွားမည်ဟု မျှော်လင့်ထားသည်။ ကိုဗစ်ကပ်ဘေးကြောင့် ၂၀ မှ ၃၀% အထိ ကြီးထွားလာခဲ့သည်ဟု တစ်ပတ်ရစ်ကားများ အသင်း Association of Used Cars က ပြောကြားသည်။

ကိုဗစ်ကပ်ဘေး မကျရောက်ခင် ၂၀၂၀ ပြည့်နှစ် မတိုင်ခင်က ကြီးထွားနှုန်းမှာ ၁၀ % သာ ရှိခဲ့သည်။ 

တစ်ပတ်ရစ်ကားများ အသင်း ဉက္ကဋ္ဌ Pinyo Tanawatcharaporn က "ပုံမှန်အားဖြင့် တသ်ပတ်ရစ်ကား ဈေးကွက် ကြီးထွားနှုန်း နှေးတယ်။ တစ်နှစ်မှာ စီးရေ တစ်သန်းနှစ်သန်း ဝန်းကျင် အရောင်းအဝယ် ဖြစ်တယ်" ဟု ပြောသည်။

ကပ်ရောဂါဘေး သတိထားသည့်သူများက လူအများနှင့်အတူ ရထား၊ ဘတ်စ်ကား စီးလျှင် ကူးစက်ခံရမည့်အရေး စိုးရိမ်သဖြင့် ကိုယ်ပိုင်ကား ဝယ်စီးကြသည်ဟု Mr Pinyo က ပြောပြသည်။ ထိုသို့ဝယ်ယူကြသည့်အခါ ကားအသစ် ဝယ်ယူဖို့ မတတ်နိုင်သည်က တစ်ကြောင်း၊ ကိုဗစ်ကြောင့် စီးပွားရေးနှင့် ဝင်ငွေ မသေချာသည်ကတစ်ကြောင်းတို့ကြောင့် ကားအသစ်ထက် ဈေးသက်သာသည့် တစ်ပတ်ရစ်ကားကို ဝယ်စီးကြသည်။

ဈေးကွက်ထဲမှ တစ်ပတ်ရစ်ကားများတွင် ဘဿ်မှ သိမ်းသည့် ကားများပါဝင်သည်။ ကားအသစါကို အရစ်ကျငွေချေးစနစ်ဖြင့် ဝယ်ယူခဲ့ပြီး ကိုဗစ်ကာလတွင် အလုပ်ရပ်ဆိုင်းခြင်း၊ လစာလျှော့ချခံရခြင်း၊ လုပ်ငန်းပိတ်ထားရသဖြင့် ဝင်ငွေ မရှိတော့ခြင်း စသဖြင့် အကြောင်းကြောင်းကြောင့် အရစ်ကျ ငွေပေးသွင်းရန် ပျက်ကွက်ခဲ့သဖြင့် ဘဏ်မှ  ပြန်သိမ်းယူသော တစ်ပတ်ရစ်ကားများ တစ်ပတ်ရစ်ကားဈေးကွက်ထဲ ရောက်ရှိလာရာ အများစုမှာ ကားမော်ဒယ်အသစ် ကားအသန့်များ ဖြစ်သည်။ 
ပျမ်းမျှအားဖြင့် တစ်ပတ်ရစ်ကား ဈေးနှုန်းသည် ကားအသစ်ကျပ်ချွတ်၏ ၃၀ မှ ၄၀% အထိ ဈေးလျော့သည်။
"အခု အစိုးရက လော့ဒေါင်း လျော့ပေါ့ပေးနေပြီ။ ထိုင်းနိုင်ငံကို ပြန်ဖွင့်ပေးတော့မယ်။ ဒီတော့ သွားကြလာကြမယ်။ ကိုဗစ်က ရှိနေသေးတော့ ကိုယ့်ကားနဲ့ သွားလာချင်ကြတယ်။ အဲဒီတော့ ကားဝယ်စီးဖြစ်ကြတယ်" ဟု Mr Pinyo က ပြောပြသည်။

Kasikorn Research Center က ခန့်မှန်းထားသည်မှာ ဝယ်လိုအား တက်လာသဖြင့် တသ်ပတ်ရစ်ကားဈေးနှုန်း ၅.၅ မှ ၇.၅% အထိ ဈေးတက် နိုင်သည်။  ဈေးနှုန်းများ ထိုးတက်ဖွယ်မရှိ။ အကြောင်းမှာ ဘဏ်များနှင့် ငွေချေးလုပ်ငန်းများက ကြွေးမဆပ်သဖြင့် သိမ်းဆည်းသော တသ်ပတ်ရစ်ကားများ ဈေးကွက်ထဲ ဝင်ရောက်လာနေသဖြင့် တိုးလာနေသော ဝယ်လိုအားကို ဖြည့်ဆည်းပေးနေသောကြောင့် ဖြစ်သည်။

ဘဏ်များနှင့် ငွေချေး လုပ်ငန်းများက ကားအသစ်ဝယ်ရန် ချေးငွေကို ယခင်ကလို ခပ်လွယ်လွယ်ဖြင့် ထုတ်မချေးကြတော့သဖြင့်လည်း တစ်ပတ်ရစ်ကား ဝယ်ကြသူ ပိုများစေသည်။

ထိုင်းနိုင်ငံ ကားအသစ်ထုတ်လုပ်ရန် ၂၀၂၁ အတွက် လျာထားချက်မှာ စီးရေ ၁.၅၅ မှ ၁.၆ သန်းအထိ ဖြစ်ပြီး ယင်းတို့အနက် ပြည်ပသို့ စီးရေ ၈ သိန်းမှ ၈ သိန်းခွဲအထိ တင်ပို့ရန် လျာထားသည်။
Federation of Thai Industries' automotive club မှ ထုတ်ပြန်သော စာရင်းအရ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကာလအတွင်း စီးရေ ၁,၂၁၁,၉၄၆ ထုတ်လုပ်ခဲ့သည်။ 

Bangkokpost

Read 14250 times