ကားအို စီးရေ ၅ သန်းကျော် ဖယ်ရှားလိုကြောင်း ထိုင်းအစိုးရ ပြောကြား


ကားအို စီးရေ ၅ သန်းကျော် ဖယ်ရှားလိုကြောင်း ထိုင်းအစိုးရ ပြောကြား

သက်တမ်း ၂၀ နှစ် ကျော်လွန်တဲ့ ယာဉ်အို စီးရေ ၅ သန်းဝန်းကျင် အကုန်လုံးကို လမ်းများပေါ်မှ ဖယ်ရှားပြီး ကုန်ကြမ်းများ အဖြစ်သို့ ပြောင်းလဲပြီး တစ်ဖန်ပြန်သုံးစွဲရန် စီစဉ်လိုကြောင်း၊ အဓိကအကြောင်းရင်းမှာ လေထုညစ်ညမ်းမှုများ ဖြစ်ပွားခြင်းကြောင့် ဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုရေးတာဝန်ခံ Thanakorn Wangboonkongchana က ပြောကြားပါတယ်။

သက်တမ်းကုန် မော်တော်ယာဉ် “end-of-life” vehicle (ELV) များ လမ်းတွေပေါ်မှာ ဆက်ရှိနေခွင့် ပေးထားတာဟာ မြို့များမှာ လေထုကို လူအများ ကျန်းမာရေး ထိခိုက်စေတဲ့ လေထုညစ်ညမ်းမှုအဆင့် PM2.5 ရောက်ရှိစေတယ်လို့ ဆိုပါတယ်။ 

ကားအိုများကို ဖယ်ရှားပစ်လိုကြောင်း ပြောကြားပေမဲ့ ဘယ်နည်းဘယ်ပုံ စီမံဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ ပြောကြားခြင်း မပြုပါဘူး။

ထိုင်းနိုင်ငံမှာ ယာဉ်မှတ်ပုံတင်ထားတဲ့ သက်တမ်း ၂၀ နှစ်ကျော် ယာဉ်စီးရေ ၅,၀၃၃,၃၀၇ ရှိပါတယ်။
တကယ်လို့ ယာဉ်အိုတွေ ဖယ်ရှားဖို့ မဆောင်ရွက်ဘူးဆိုရင် နောက်ထပ် နှစ်ပေါင်း ၂၀ မှာ စီးရေ ၁၆ သန်းအထိ ဖြစ်လာနိုင်တယ်လို့ Thanakorn Wangboonkongchana က ပြောကြားပါတယ်။
ထိုင်း ဝန်ကြီးချုပ် ပရာယွန် ချန်အိုချာက တစ်ဖန်ပြန်လည်သုံးစွဲခြင်းကို စနစ်တကျ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အစိတ်အပိုင်းများကို စက်မှုလုပ်ငန်းကဏ္ဍတွင် တစ်ဖန်ပြန်လည် အသုံးပြုခြင်းဖြင့် စတီး တင်သွင်းသည့် ပမာဏ လျှော့ချရန် အထောက်အကူ ဖြစ်စေမည်ဟု ပြောကြားကြောင်း Thanakorn Wangboonkongchana က ပြောကြားပါတယ်။ ကားတစ်စီးမှာ စတီး ၆၉% ပါဝင်ကြောင်း ၎င်းက ပြောကြားပါတယ်။

ELV များကို စမ်းသပ်လုပ်ကိုင်မယ့် ရှေ့ပြေးစီမံကိန်းအတွက် စက်မှုဝန်ကြီးဌာန ထိုင်းစက်မှုဇုန် အာဏာပိုင်၊ ဂျပန်မှ စွမ်းအင်သစ်နှင့် စက်မှုနည်းပညာဖွံ့ဖြိုးရေးဌာနတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“ELV Project: End-of-Life Vehicles in Thailand” ဟာ ယာဉ်အိုများ တစ်ဖန်ပြန်လည်သုံးစွဲရေးအတွက်  အရှေ့တောင်အာရှမှာ စံနမူနာတစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။

Read 655 times