အီးဗီ တစ်ခေတ်ပြောင်းတော့မယ့် ထိုင်းနိုင်ငံ


လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးကို ထိုင်းနိုင်ငံတွင် အကောင်အထည် ဖော်လျက်ရှိရာ အရှိန်အဟုန် ရရှိလာပြီ ဖြစ်သည်။ ထိုင်းနိုင်ငံကို ပဓာနကျသည့် အီးဗီထုတ်လုပ်ရေး အချက်အချာတစ်ခု ဖြစ်အောင် လုပ်ဆောင်မည့် အစီအစဉ်များကို  ပုဂ္ဂလိကကဏ္ဍက လုပ်ဆောင်နေကြပြီ ဖြစ်သည်။

ပြည်တွင်းမှာ အီးဗီ ဝယ်လိုအား ကောင်းအောင် နှိုးဆွဖို့ အခွန်လျော့ပေါ့ပေးရန်အတွက် လုပ်ကိုင်နေသည်။ ပြည်တွင်းမှာ အီးဗီကဏ္ဍအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက်လည်း အခွန်လျော့ပေါ့ပေးရန် စီစဉ်နေသည်။ မူကြမ်းကို ယခုနှစ်အတွင်း အပြီးရေးဆွဲမည် ဖြစ်သည်။
 

ထိုင်းနိုင်ငံသည် အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် internal combustion engines (ICEs) အသုံးပြုသည့်ကားများ ထုတ်လုပ်သည့် အချက်အချာအဖြစ်မှ အီးဗီ ထုတ်လုပ်သည့် အချက်အချာ အဖြစ်သို့ ကူးပြောင်းရမည် ဖြစ်သည်။
အကူးအပြောင်း ချောမွေ့အောင်မြင်ရန် အီးဗီ ထုတ်လုပ်မှုနှင့် ဝယ်လိုအား နှစ်မျိုးစလုံး မြင့်တက်ရန်အတွက် ကားရောင်းဈေးနှုန်းများ အဆင်ပြေပြေ ဖြစ်ဖို့လိုမည်။ နောက်ထပ် အရေးပါသည့်အချက်မှာ အားသွင်းဖို့ လွယ်ကူရမည် ဖြစ်ပြီး ကုန်ကျစရိတ်သက်သာဖို့လည်း လိုမည်။ ထို့သို့မဖြစ်လျှင် ဆင်ဖိုးထက် ချွန်းဖိုးကြီးနေမည် ဖြစ်ပြီး အီးဗီကို စီးဖို့ နောက်တွန့်နေလိမ့်မည်။
 
ရေရှည်အတွက် ထည့်စဉ်းစားရမည့်အချက်မှာ အီးဗီအသစ်ကျပ်ချွတ် ရောင်းဈေးနှုန်းများသည် ကားဝယ်စီးမည့် အများစုအဖို့ လက်လှမ်းမီသည့် ဈေးနှုန်းဖြစ်ရမည်ဖြစ်ပြီး တစ်ပတ်ရစ်အီးဗီ အဟောင်းဈေးနှုန်းများသည် အရမ်းနိမ့်ကျနေ၍ မဖြစ်ပေ။ 

အားသွင်းရန် ဓာတ်အားခများ လျော့နည်းအောင် စီစဉ်ပေးထားရမည့်အပြင် အားသွင်းရန် နေရာများလည်း လုံလုံလောက်လောက် ထားရှိပေးရမည် ဖြစ်သည်။ ထို့အတွက် နိုင်ငံပိုင် လုပ်ငန်း PTT Group မှ လုပ်ဆောင်မည်ဟု ဆိုသည်။ 

အီးဗီအတွက် ဘက်ထရီထုတ်လုပ်မှုကိုလည်း ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရမည် ဖြစ်ရာ Energy Absolute Plc (EA) က ဘတ် ၆ ဘီလျံတန်သည့် gigawatt-hour lithium-ion battery စက်ရုံတစ်ခုကို Chachoengsao တွင် ဇွန်လက ဖွင့်လှစ်ခဲ့သည်။ ယခုအခါ စက်ရုံကို စမ်းသပ်လည်ပတ်နေသည်။
နိုင်ငံပိုင် PTT Group ၏ လက်တံတစ်ခုဖြစ်သော Global Power Synergy Plc သည် Rayong တွင် ဇူလိုင်လက ဘတ် ၁.၁:ဘီလျံတန်သည့် 30-megawatt hours ဘက်ထရီစက်ရုံကို ဖွင့်လှစ်ခဲ့သည်။ ထိုစက်ရုံကို gigawatt-hour အဆင့် ရောက်အောင် ချဲ့ထွင်မည် ဖြစ်သည်။

ဘက်ထရီသက်တမ်း ပိုကြာကြာခံပြီး အာသွင်းချိန် တိုတောင်းမှ အီးဗီဝယ်စီးဖို့ ဆွဲဆောင်အား ကောင်းမည် ဖြစ်သည်။
အားသွင်းချိန်တိုတောင်းရန်အတွက် EA က အပြိုင်အားသွင်း Parallel Charge"  စနစ်ကို တီထွင်ထားသည်။ ဘက်ထရီကို ၈၀% အားပြည့်သည်အထိ ရောက်ဖို့ ၁၅ မိနစ်သာ အချိန်ယူသည့် စနစ် ဖြစ်သည်။

လုပ်သားများသည် ICE တပ်ဆင်သည့် မော်တော်ယာဉ်များကိုသာ သိကျွမ်းထားကြသဖြင့် လျှပ်စစ်ကား ထုတ်လုပ်မှု နည်းပညာကို ရင်းနှီးအောင် သင်တန်းများ ပို့ချပေးရမည် ဖြစ်သည်။

အာဏာပိုင်များက စစချင်းတွင် ရည်မှန်းချက် ချမှတ်ရာတွင် ၂၀၃၀ ပြည့်နှစ်တွင် ထိုင်းပြည်တွင်းမှာ ကားစီးရေ ၂.၅ သန်း ထုတ်လုပ်ထားရာ၌ ၃၀% ဖြစ်သည့် စီးရေ ၇၅၀,၀၀၀ သည် အီးဗီ ဖြစ်ရမည်။

သို့သော် အာဏာပိုင်တို့က လျာထားချက်ကို ၃၀% အစား ၅၀% သို့ တိုးမြှင့်သတ်မှတ်လိုက်သည်။
အီးဗီကဏ္ဍသည် ၂၀၂၅ မှ ၂၀၃၀ အထိ ကာလအတွင်း သိသိသာသာ ကြီးထွားလိမ့်မည်ဟု တွက်ဆထားသည်။

Electric Vehicle Association of Thailand (EVAT) ၏ ဥက္ကဋ္ဌဟောင်း Mr Yossapong က
"အီးဗီတွေက လူတွေ ကုန်စည်တွေ သယ်ဆောင်တဲ့ မော်တော်ယာဉ်မျှ မဟုတ်ဘဲ ဘီးတွေ တပ်ထားတဲ့ ကွန်ပျူတာတွေ ဖြစ်လာကြလိမ့်မယ်" ဟု ဆိုသည်။
ထိုင်းနိုင်ငံအနေဖြင့် အီးဗီထုတ်လုပ်မှု အချက်အချာသို့ ကူးပြောင်းရောက်ရှိဖို့ အလွန်ခက်ခဲနေမည်မဟုတ်ဟု သူက ယုံကြည်သည်။ 

ထိုင်းနိုင်ငံ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍသည် လုပ်သားဦးရေ ၇၀၀,၀၀ ဝန်းကျင်ကို အလုပ်အကိုင် ဖန်တီးပေးထားသည်။ GDP ၏ ၆.၄% ရှိပြီး ခရီးသွားလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍ၊ စားသောက်ကုန်လုပ်ငန်းကဏ္ဍတို့ ပြီးလျှင် စတုတ္ထနေရာတွင် ရှိနေသည်။

 

 

Read 8760 times