ထိုင်းအီးဗီဈေးကွက်ထဲမှ တရုတ်အီးဗီများ


ထိုင်းအီးဗီဈေးကွက်ထဲမှ တရုတ်အီးဗီများ

တရုတ်နိုင်ငံမှ BYD သည် ထိုင်းနိုင်ငံ၏လျှပ်စစ်ကားစျေးကွက်တွင် SUV ကားသစ်များကို စတင်ရောင်းချတော့မည် ဖြစ်သည်။ BYD Atto 3 SUV လျှပ်စစ်ကားမော်ဒယ်ကို လာမည့်လတွင် စတင်မိတ်ဆက်ခြင်းသည် ထိုင်းနိုင်ငံရှိ တရုတ်ကားအမှတ်တံဆိပ်များ၏ ပုံရိပ်ကို ပြောင်းလဲစေမည်ဟု ထိုင်းမော်တော်ကားဂျာနယ်လစ် Nithi Thuamprathom က ထင်မြင်ချက်ပေးထားသည်။

 

BYD သည် ကမ္ဘာ့အကြီးဆုံး EV အမှတ်တံဆိပ်အဖြစ် Tesla ကို မကြာသေးမီက ကျော်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ပထမခြောက်လအတွင်း BYD သည် ကားအစီးရေ ၆၄၁,၀၀၀  ရောင်းချခဲ့ရပြီးTesla က ၅၆၄,၀၀၀ စီး ရောင်းချခဲ့ပါသည်။ ထိုင်းနိုင်ငံသည် တရုတ်အီးဗီများ ယှဉ်ပြိုင်ကြသည့် အီးဗီဈေးကွက်တစ်ခု ဖြစ်လာနိုင်သည်။ တစ်ချိန်တည်းမှာပင် ငွေကြေးဖောင်းပွမှုသည် ကားအသစ် ဝယ်စီးဖို့အတွက် အသုံးစရိတ်ကို အဟန့်အတား ဖြစ်စေနိုင်သည်။

 

တရုတ်အီးဗီ BYD သည် ထိုင်းအီးဗီဈေးကွက်ထဲသို့ နောက်ဆုံးဝင်ရောက်လာသည့် တရုတ်အီးဗီ အမှတ်တံဆိပ်ဖြစ်သည်။ "BYD က ပြည်တွင်း အရောင်းကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပြီး ထိုင်းနိုင်ငံရှိ "စျေးသက်သာသော တရုတ်မော်တော်ယာဉ်များထဲမှ တစ်ခုမဟုတ်" ဆိုတဲ့ အနေအထားဖြင့် ရပ်တည်ရန် ကြိုးပမ်းနေပါတယ်"ဟု Nithi Thuamprathom က ပြောကြားသည်။

 

"ဒီနေရာမှာ တခြားတရုတ် EV ထုတ်လုပ်သူတွေနဲ့ နှိုင်းယှဉ်ရင် BYD က စျေးနှုန်းကွာခြားမှုလည်း ရှိနေလိမ်မယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု သူက ပြောသည်။ ထိုင်းနိုင်ငံရှိ EV စက်မှုလုပ်ငန်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သိသိသာသာ ခုန်တက်သွားခဲ့သည်။ ယခုနှစ် ပထမခုနစ်လအတွင်း EV အမျိုးအစားသစ် ၃,၆၀၀ ကျော်ကို ကနဦးမှတ်ပုံတင်ခဲ့ကြသည်။ ယခုအခါ ထိုင်းနိုင်ငံတွင် စုစုပေါင်း ကားအစီးရေ ၇,၆၀၀ ကျော် မှတ်ပုံတင်ထားပါသည်။

 

၂၀၁၉ ခုနှစ်တွင် MG မှ လျှပ်စစ်ကားများကို စတင်ရောင်းချခြင်းဖြင့် တရုတ်အီးဗီများ ကျယ်ပြန့်စွာ စတင်ရေပန်းစားလာခဲ့သည်။ Great Wall Motor (GWM) က အလွန်ရေပန်းစားသော Ora Good Cat ကို ထုတ်လုပ်‌ေရာင်းချသည်။ ယမန်နှစ်တွင် ထိုင်းအီးဗီဈေးကွက်တွင် ဝေစု ထက်ဝက်ကျော် ရရှိခဲ့သည်။ ယှဉ်နိုင်သူ မရှိဟုပင် ဆိုနိင်သည်။ 

 

ဇူလိုင်လတွင် GWM က ကားရရှိရန် စောင့်ဆိုင်းစာရင်းတွင် Ora Good Cats စီးရေ ၂,၂၀၀ ကျော် ရှိနေကြောင်း ပြောကြားခဲ့သည်။ GWM သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်ရောင်းချခဲ့ပြီးကတည်းက ကားအစီးရေ ၂,၅၀၀ ခန့်ကို ကြိုတင်မှာကြားထားသူများထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။

 

ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားအမှတ်တံဆိပ်ဖြစ်သည့် BYD (Build Your Dreams) က ထိုင်းဈေးကွက်ထဲ မောင်းဝင်လာသည့်အခါ  MG နှင့် GWM ၏  စျေးကွက်ဦးဆောင်သူ နေရာများကို BYD က နေရာဝင်ယူနိုင်ဖွယ် ရှိသည်။ ထိုင်း‌ေဈးကွက်ထဲ ဝင်ရောက်ရန် စီစဉ်နေသည့်  Tesla ကိုလည်း စိတ်ဝင်တစား ရှိကြသည်။ 


Tesla Inc ကုမ္ပဏီသည် လုပ်ငန်းစတင်မည့်အချိန်ကို မသိရသေးသော်လည်း ပြည်တွင်း၌ အရောင်းဝန်ထမ်းများအပြင်  မူဝါဒ‌ေရးရာနှင့် လုပ်ငန်းဆောင်ရွက်မှုဝန်ထမ်းများကို စတင်ခေါ်ယူနေပြီဖြစ်သည်။ ထိုင်းဈေးကွက်ထဲ Tesla ဝင်လာလျှင် BYD သည် Tesla နှင့် ယှဉ်ပြိုင်ရလိမ့်မည်။ "ထိုင်းဈေးကွက်ထဲမှာ BYD  နဲ့ Tesla တို့က ဈေးကွာကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်" ဟု Nithi က ပြောကြသည်။


ယခုအချိန်တွင် တင်သွင်းသည့် Tesla သည် ဘတ် ၂ သန်း (အမေရိကန်ဒေါ်လာ ၅၄,၀၀၀ ခန့်) ရှိပြီး တန်ဖိုးကြီး မော်တော်ကားဈေးကွက် အပိုင်းအကန့်တွင် ရှိနေမည်။ BYD က ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရောင်းချမည်။ BYD သည် လျှပ်စစ်ကာစက်ရုံအသစ်တည်ဆောက်ရန်အတွက် ထိုင်းနိုင်ငံရှိ စက်မှုဇုန်တည်ဆောက်သူ WHA Group နှင့် မြေယာဝယ်ယူမှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

 

BYD စက်ရုံသည် ၂၀၂၄ တွင် စတင်လည်ပတ်မည်ဖြစ်သည်။ နှစ်စဉ် ကားအစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်မည်။  ထိုင်းနိုင်ငံမှာ  ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် GWM ၏ စက်ရုံထက် စီးရေ ၂ ဆ ပိုများသည်။ ထိုင်းအီးဗီဈေးကွက်ထဲ ရှိနေမည့် နောက်ထပ် တရုတ်အီးဗီမှာ တရုတ်ကုမ္ပဏီ Hozon New Energy Automobile ဖြစ်သည်။ မကြာသေးခင်က နောက်ဆုံးပေါ်  အီးဗီမော်ဒယ် NETA V ကို စတင်ထုတ်လုပ်ခဲ့သည်။  ၎င်းမော်ဒယ်ကို Horizon Plus က ၂၀၂၄ တွင် ထိုင်းနိုင်ငံမှာ ထုတ်လုပ်မည်။


Horizon Plus သည် နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းကြီး PTT ကျောထောက်နောက်ခံပြု Arun Plus နှင့် Hon Hai Precision Industry တို့ ပူးပေါင်းဖွဲ့စည်းထားသော ဖက်စပ်လုပ်ငန်းဖြစ်သည်။ Hon Hai Precision Industry သည် iPhone အပါအဝင် Apple ပစ္စည်းများကို ကန်ထရိုက်ယူပြီး တပ်ဆင်ထုတ်လုပ်သည့် Foxconn  ဟု လူသိများပါသည်။

 

Horizon Plus က အီးဗီဝန်းကျင်ကို ထူထောင်မည်။ ထိုင်းနိုင်ငံတွင် EV ထုတ်လုပ်မှု၊ ဘက်ထရီနှင့် အားသွင်းစခန်းများ စသည်တို့ကို လုပ်ကိုင်မည် ဖြစ်သည်။ NETA V ရောင်းဈေးမှာ ဘတ် ငါးသိန်း(ကန်ဒေါ်လာ ၁၃,၅၀၀) ခန့်ဖြစ်သည်။ Ora Good Cat ရောင်းဈေးမှာ ဘတ် ၈၂၈,၅၀၀(ကန်ဒေါ်လာ ၃၂,၃၈၅) ဖြစ်သည်။ သို့ဖြစ်ရာ NETA V က ဈေးပိုသက်သာသည်။ 

 

Toyota က ထိုင်းအစိုးရထံမှ အီးဗီအထောက်အပံ အစီအစဉ် ရယူရန် လက်မှတ်ရေးထိုးခဲ့ပြီး အီးဗီ bZ4X ကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်မည်။ bZ4X သည် တရုတ်အီးဗီများနှင့် နှိုင်းယှဉ်ပါက ဈေးအမြင့်တန်းမှာ ရောက်ရှိနေသည်။ သို့ဖြစ်ရာ ဈေးအမြင့်တန်းမှ Tesla နှင့် ယှဉ်ပြိုင်ရဖွယ် ရှိသည်။ ထို့ပြင် BYD နှင့်လည်း ယှဉ်ပြိင်ရလိမ့်မည်။

 

Source SCMP
#MyanmarAutomobileGuide
To join Telegram Channel  https://t.me/Guid4U

Read 3075 times