တင်သွင်းသည့် တရုတ်အီးဗီများ ထိုင်းကားစျေးကွက်ပြိုင်ဆိုင်မှု အရှိန်မြှင့်


တင်သွင်းသည့် တရုတ်အီးဗီများ ထိုင်းကားစျေးကွက်ပြိုင်ဆိုင်မှု အရှိန်မြှင့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံမှ လျှပ်စစ်ကားများ  တင်သွင်းရောင်းချခြင်းကြောင့် ထိုင်းပြည်တွင်း ကားအသစ်ဈေးကွက်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လာနေပြီး အင်ဂျင်ဖြင့် မောင်းနှင်သည့် ကားများနှင့် အီးဗီတို့အကြား ဈေးနှုန်းစစ်ပွဲကို ဖြစ်ပေါ်စေနိုင်သည်ဟု Ford Thailand ၏မန်နေးဂျင်းဒါရိုက်တာ Ratthakarn Jutasen က ပြောသည်။

အစိုးရက အီးဗီကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မက်လုံးပေးသည့် မူဝါဒအရ ထိုင်းနိုင်ငံတွင် တရုတ်ကားကုမ္ပဏီများက ၎င်းတို့၏ အီးဗီများကို စျေးကွက်မြှင့်တင်ရန် စီစဉ်နေသောကြောင့် ပြီးခဲ့သောနှစ်လအတွင်း ပြိုင်ဆိုင်မှုများ မြင့်တက်လာသည်ဟု ၎င်းက ပြောသည်။

တရုတ်ပြည်တွင် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသောကြောင့် ထိုင်းပြည်တွင်းမှာ ထုတ်လုပ်သည့် အင်ဂျင်ကားများထက် တရုတ် အီးဗီ မော်ဒယ်အချို့၏  ဈေးနှုန်းက နိမ့်နေသည်ဟု ၎င်းက ပြောကြားသည်။

သို့ဖြစ်ရာ အင်ဂျင်ကား ထုတ်လုပ်သူများ အခက်ကြုံရသည်။ ၎င်းအီးဗီမော်ဒယ်များ၏ ဈေးနှုန်း ရေချိန်သို့ ရောက်သည့်အထိ ဈေးလျှော့ချပေးပြီး ဈေးနှုန်း ချိန်ညှိပေးဖို့ ခဲယဉ်းသည်ဟု Mr Ratthakarn က ပြောကြားသည်။

ထိုင်းနိုင်ငံ စီးပွားရေး အပြည့်အဝ ပြန်ကောင်းသည့် အဆင့်သို့ မရောက်သေးခြင်း၊ အိမ်ထောင်စု ကြွေးမြီများ မြင်မားနေခြင်း၊ ကားဝယ်ရန် ချေးငွေအတွက် အတိုးနှုန်း မြင့်နေခြင်းတို့ ဖြစ်ပေါ်နေစဉ် တရုတ်အီးဗီများ၏ ဈေးနှုန်းပြိုင်ဆိုင်မှုသည် အင်ဂျင်ကား ထုတ်လုပ်သူများကို ဘေးကျပ်နံကျပ် အခြေအနေထဲသို့ ရောက်နေစေသည်ဟု ၎င်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပမည့် ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ကား ကုန်စည်ပြပွဲတွင် Mr Ratthakarn က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း အီးဗီ ရောင်းအား စုစုပေါင်း အစီးရေ ၉၀,၀၀၀ ရှိပြီး ၂၀၂၄ ခုနှစ်တွင် အစီးရေ ၁၄၀,၀၀၀ အထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖျင်းအားဖြင့် အီးဗီ ရောင်းအား၏ ၇၈ ရာခိုင်နှုန်းသည် ဘန်ကောက်တွင် ဖြစ်ပြီး ၂၂ ရာခိုင်နှုန်းမှာ အခြားပြည်နယ်များတွင်ဖြစ်ကြောင်း Mr Ratthakarn က ပြောသည်။

ပြည်နယ်အများစုတွင် အင်ဂျင်ကားများကိုသာ ပိုမိုနှစ်သက်နေကြဆဲ ဖြစ်သဖြင့် Ford သည် ကုမ္ပဏီ၏ အဓိကထုတ်ကုန်ဖြစ်သည့် ပစ်ကပ်ကားများကို ပိုမိုရောင်းချနိုင်ရန် အခွင့်သာနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

Ford ကားများ ရောင်းအား၏ ၆၀% အထိ  ထိုင်းနိုင်ငံ အထက်ပိုင်းရှိ ပြည်နယ်များတွင် ရောင်းချရပြီး ကျန်သည့် ရာခိုင်နှုန်းကို ဘန်ကောက်တွင်  ရောင်းချရသည်ဟု ၎င်းက ပြောကြားသည်။ 

ရောင်းအား ကျဆင်းစေသည့် အဓိကကျသည့် အချက်နှစ်ချက် ဖြစ်သည့် ထိုင်းနိုင်ငံတွင် အိမ်ထောင်စုအကြွေးများ မြင့်မားလာခြင်းကြောင့်လည်းကောင်း၊ ဘဏ်များ၏ တင်းကျပ်သော ချေးငွေစံနှုန်းများကြောင့် ကာဝယ်ရန်အတွက် ချေးငွေရဖို့ ခဲယဉ်းနေကြခြင်းကြောင့်လည်းကောင်း ယခုနှစ်အတွင်း ရောင်းအားစုစုပေါင်းမှာ ၃၀% ကျော် ကျဆင်းသွားခဲ့ပြီး ပစ်ကပ်ကားများလည်း ရောင်းအား ကျဆင်းကြောင်း ၎င်းက ပြောကြားသည်။

Ford မှ ပစ်ကပ်ကားများ ရောင်းအား ၂၀% ကျဆင်းသွားကြောင်း Mr Ratthakarn က ပြောသည်။

Ford သည် ထိုင်းနိုင်ငံ၏  အီးဗီလမ်းကြောင်းပေါ်မှာ ရှိနေစေရန်အတွက် လျှပ်စစ်ပစ်ကပ်များကို အချိန်တန်သည့်အခါ၌ ထိုင်းနိုင်ငံတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း Mr Ratthakarn က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အီစူးဇူးမော်တော်ယာဉ်များ ဖြန့်ဖြူးရေး တရားဝင် အရောင်းကိုယ်စားလှယ် Tri Petch Isuzu Co သည် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် ဘက်ထရီသုံး ပစ်ကပ်များကို ထုတ်လုပ်ရန် စီစဉ်ထားသည်။ ထိုင်းနိုင်ငံတွင် ထုတ်လုပ်သော လျှပ်စစ် ပစ်ကပ်များကို ဥရောပဈေးကွက်သို့ ဦးစွာ တင်ပို့ရန် ရည်ရွယ်ထားသည်။


အီစူးဇူးသည် လျှပ်စစ်ပစ်ကပ် ထုတ်လုပ်ရန်အတွက် ဘတ်ဂျက်၊ မော်ဒယ်များနှင့် ထုတ်လုပ်မှုစွမ်းရည်တို့ကို စဉ်းစားချင့်ချိန်နေကြောင်း Tri Petch Isuzu ဥက္ကဋ္ဌ Takashi Hata က ပြောကြားသည်။

"ထိုင်းနိုင်ငံမှာ လျှပ်စစ် ပစ်ကပ် ဝယ်လိုအားက မမြင့်ဘူး"ဟု ၎င်းက ပြောကြားသည်။ 

လျှပ်စစ်စည်းစိမ်ကားကဏ္ဍတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်က အစီးရေ ၃၀,၀၀၀ မှ ၃၅,၀၀၀ အထိ ရောင်းချခဲ့ပြီး ယခုနှစ်တွင် အစီးရေ ၄၀,၀၀၀  ရောင်းချရမည်ဟု ခန့်မှန်းထားကြောင်း ဗြိတိန် အိမ်စီးပြိုင်ကားများ တင်သွင်းသူနှင့် ဖြန့်ဖြူးသူဖြစ်သည့် Wearnes Automotive Thailand ၏ နိုင်ငံမန်နေဂျာ Teeraphong Rodloy က ပြောကြားခသည်။

“စည်းစိမ်ကား အပိုင်းကဏ္ဍဟာ စားသုံးသူ ၀ယ်လိုအား အားနည်းနေတာကြောင့် ထိခိုက်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1989 times